Photo was proudly shared via internet.Thank you to honor the original image.

ထားဝယ် မတ်

တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်/မီနီဘတ်ဂျက်တွင် အစိုးရ၏ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ခဲ့သည့်ကုမ္ပဏီများအနက် ၁၃ ခုကို အမည်ပျက်စာရင်း (Black List) သွင်းထားကြောင်း တိုင်းအစိုးရရုံးထံမှ သိရသည်။

အကြောင်းရင်းမှာ “အများအားဖြင့်တော့ အချိန်မီ မပြီးတာ များတယ်”ဟု အထက်ပါရုံး ညွှန်ကြားရေးမှူး ဦးမိုးဇော်လတ်က ဆိုသည်။ ယင်းကုမ္ပဏီများနှင့်အတူ လုပ်ကိုင်သည့် အင်ဂျင်နီယာ ဦးရေ ၃၀ နီးပါးကိုလည်းစာရင်း ပြုစုထားသည်ဟု ၎င်းက ပြောသည်။

အဆိုပါအမည်ပျက်စာရင်းကို ပေးပို့ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက အကြောင်းကြားလာ၍ ဒီဇင်ဘာလ ၂၆ ရက်တွင် ပေးပို့ထားသည်ဟု အစိုးရအဖွဲ့ရုံးထံမှ သိရသည်။ စာရင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်တ်တွင် ဖော်ပြမည်ဟု လွှတ်တော်တွင် ဖြေဆိုထားကြောင်း ဦးမိုးဇော်လတ်က ပြောသည်။

သို့သော်ယနေ့အချိန်အထိ အမည်ပျက်စာရင်းသွင်းခံရ သည့်ကုမ္ပဏီအမည်ကို ကြေညာခြင်းမရှိသေးပေ။

တိုင်းအတွင်း ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်တွင် အမည် ပျက်စာရင်းသွင်းခံရသည့် ကုမ္ပဏီ၂ခု၊ နောက်နှစ်တွင် ၃ခု၊ ယင်းနောက်တွင်လည်း ၃ခုရှိပြီး ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်တွင် ၂ခုတို့မှာ သုံးစွဲသည့်ပစ္စည်းများအရည်အသွေးမပြည့်မီ၍လုပ်ငန်းရပ်နားခိုင်းခဲ့သည်ဟုလည်းထပ်မံသိရသည်။ဆောင်ရွက်ရန်ကျန်သည့် လုပ်ငန်းများကို စံမီလုပ်ကိုင်နိုင်သည့် ကုမ္ပဏီများနှင့် ဆက်လက် လုပ်ဆောင်ကြောင်း သိရ၏။

အဆိုပါစာရင်းဝင် ကုမ္ပဏီများအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများကို တိုင်းအတွင်း၌ လုပ်ကိုင်ခွင့် မရှိတော့ပေ။

ယခုအချိန်တွင်အမည်ပျက်စာရင်းသွင်းခံကုမ္ပဏီကို ဆောက်လုပ်ရေးဝန်ကြီးဌာနကကြေညာလျှင် နိုင်ငံတစ်ဝန်းလုံးတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခွင့်ရမည်မဟုတ်ကြောင်း တိုင်းအစိုးရရုံးထံမှ သိ ရသည်။

တင့်လွင်

Leave a Reply