Advertisements

မော်လမြိုင်၊ ဖေဖော်ဝါရီ

ပွင့်လင်းရာသီ ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်ရမည့်ကာလဖြစ်သော်လည်း မွန်ပြည်နယ်အတွင်း အုတ်ဈေးနှုန်းမှာ ကျဆင်းနေကြောင်း အုတ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ပြီးခဲ့သည့် မိုးတွင်ကာလအတွင်းက အုတ်တစ်လုံးလျှင် ၅၅ကျပ်ရှိခဲ့ပြီး ယခု ဖေဖော်ဝါရီ ၂ရက်တွင် ၄၅ကျပ်အထိ ကျဆင်းခဲ့ကြောင်း မော်လမြိုင်မြို့ MN စက်အုတ်ရောင်းဝယ်ရေး ဦးမနောက ပြောသည်။

“မိုးတွင်းက အုတ်ဈေးက ပုံမှန်ပဲ။ ကားခတွေက တက်တော့ ဈေးနှုန်းတက်တယ်။ အခု ဆောက်လုပ်ရေး လုပ်ငန်းကလည်း နည်းနေတယ်။ ပြီးတော့ အုတ်လုပ်ငန်းရှင်တွေက မိုးတွင်း ရင်းထားတဲ့ အရင်းအနှီးတွေကို ရတဲ့ဈေးပြန်ရောင်းတော့ ဈေးပြန်ကျသွားတယ်ပေါ့” ဟု ၎င်းက ဆိုသည်။

အုတ်ဈေးများ ကျဆင်းနေသည်နှင့်တစ်ဆက်တည်းတွင် ဈေးကွက်အတွင်း အရောင်းအဝယ်မှာလည်း အေးနေကြောင်း ၎င်းက ပြောသည်။ အုတ်ဈေးနှုန်းများအနေဖြင့် ယခုလအတွင်း ကျဆင်းသော်လည်း ဧပြီလအတွင်း ပြန်လည်မြင့်တက်လာနိုင်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။

“ဒီပြည်နယ်မှာ မတ်လဆိုရင် အုတ်ထုတ်လုပ်တဲ့ လကုန်ပြီ။ ဧပြီလဆိုရင် အုတ်မထုတ်တဲ့အတွက် နည်းနေမယ်။ အုတ်ဈေးနှုန်းတွေပြန်တက်ဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းက ပြန်လာတဲ့လူတွေများတယ်။ သူတို့ အိမ်ဆောက်ကြမယ်။ အုတ်တွေ အသုံးပြုရမယ်ဆိုတော့ ဈေးနှုန်းပြန်တက်ဦးမယ် ” ဟု မော်လမြိုင်ရှိ အုတ်ရောင်းဝယ်သူတစ်ဦးက ဆိုသည်။

အုတ်လုပ်ငန်းများကို ကျိုက်မရောမြို့နယ်တွင် အများဆုံးလုပ်ကိုင်နေပြီး မွန်ပြည်နယ်ထွက် အုတ်များကို ဘားအံမြို့နယ်ဘက်သို့ တင်ပို့်ရောင်းချကြကြောင်း အုတ်လုပ်ငန်းရှင်များထံမှ သိရသည်။

Written by ခင်နန်းဌေး၊ ဂေထော

Leave a Reply