Advertisements

မော်လမြိုင် ၊ ဇူလိုင် ၄
မြန်မာနိုင်ငံအတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းများတွင် အဂတိလိုက်စားမှု အများဆုံးဖြစ်ပေါ်နေကြောင်း မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)၏ ဒါရိုက်တာ ဗစ်ကီ ဘိုးမန်း ကပြောကြားသည်။

ဇူလိုင်လ ၂ ရက်နေ့က ငွေမိုးဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သော ဒေသခံစီးပွားရေးလုပ်ငန်းများအတွက် တာဝန်ယူမှုရှိသော စီးပွားရေးဆိုင်ရာ လိုက်နာကျင့်သုံးမှုများ အလုပ်ရုံဆွေးနွေးပွဲ တွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဆောက်လုပ်ရေးလုပ်ငန်း တင်ဒါ Process တွေမှာ ပွင့်လင်းမြင်သာမှု သိပ်မရှိဘူး။ ကောင်းအောင်တော့ လုပ်နေတာပဲ ၊ ဒါပေမယ့် စနစ်တကျလုပ်တာမျိုး သိပ်မရှိဘူး ။ ဒါကြောင့် မွန်ပြည်နယ်မှာလည်း ဒီပြဿနာ ဖြစ်နေတယ်” ဟု ၎င်း ကဆိုသည်။

ယင်းအပြင် တင်ဒါလုပ်ထုံးလုပ်နည်းအရ ကုမ္ပဏီတစ်ခုကို ရွေးချယ်ခြင်းနှင့်ပတ်သတ်ပြီး ပွင့်လင်းမြင်သာစွာ ချပြရန်လိုအပ်ကြောင်းကိုလည်း ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ဗစ်ကီဘိုးမန်က ပြောသည်။

“ကုမ္ပဏီ တစ်ခုကိုပဲရွေးတယ် ဘာလို့ ဒီကုမ္ပဏီကိုပဲ ရွေးတာလဲ ပွင့်လင်းမြင်သာမှုသိပ်မရှိဘူး ။အဲ့မှာ လည်း အဂတိလိုက်စားမှုလည်း ရှိလိမ့်မယ်။ အဲ့ဒါကို အပြောင်းအလဲတွေရှိရမယ်။ ဒီကိစ္စကို ဆွေးနွေးခဲ့တယ်။” ဟု ၎င်းက ပြောသည်။

တာဝန်ယူမှု တာဝန်ခံမှုကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နိုင်ပါက အဂတိလိုက်စားမှုများ လျော့နည်းသွား မည်ဖြစ်ပြီး ပွင့်လင်းမြင်သာမှုမရှိပါက ဆက်လက်ဖြစ်ပေါ်နေအုံးမည်ဖြစ်ကြောင်း ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူကပြောသည်။

“နစ်နာသူမဟုတ်ဘဲ တခြားသူတွေတိုင်ကြားသူတွေ လုပ်ဆောင်နိုင်လာတဲ့အတွက် ဒီအဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ပိုပြီးတော့ လုပ်ဆောင်နိုင်မယ်လို့ ထင်ပါတယ်။” ဟု၎င်းကပြောသည်။

အဂတိလိုက်စားမှုသည် လူထုအသိုင်းအဝိုင်းတွင် အမြစ်သွယ်နေသည့်အတွက် ချက်ခြင်းမပပျောက် နိုင်သော်လည်း မျိုးဆက်သစ်များဖြစ်သည့် ကျောင်းသူကျောင်းသားများကို ယခုကပင်စ၍ ပညာပေးလုပ်ငန်းများ ကမ်ပိန်များပြုလုပ်ပေးနိုင်ပါက တစ်ဖြည်းဖြည်းလျော့နည်း လာနိုင်ကြောင်း မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးနေစိုးအောင်က အကြပြုပြောဆိုသည်။

“တစ်ချိန်ချိန်မှာ ကလေးတွေ ကပဲစီးပွားရေးသမားတွေဖြစ်လာမယ်၊ ဒီကလေးတွေထဲကပဲ ဝန်ထမ်း တွေဖြစ်လာမယ် ။ ဒါတွေကို ပထဦးဆုံးအဆင့်အနေနဲ့ လုပ်လို့မှီတဲ့နေရာတွေမှာ စလုပ်ဖို့ပေါ့။”ဟု ၎င်းကပြောသည်။

အဂတိလိုက်စားမှုများ လျော့ပါလာရန်အတွက် အစိုးရဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရက်ဘက် အဖွဲ့အစည်းများ စသဖြင့် ဝိုင်းဝန်ကူညီရန်လိုအပ်ကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှလည်း ကူညီးမှုရရန်လိုအပ်ကြောင်း (MCRB)၏ဒါရိုက်တာ ဗစ်ကီဘိုမန်ကပြောသည်။

ရန်လင်းအောင်

Advertisements
<

Leave a Reply