ဆောင်းရာသီဟာ လက်ချည့်သက်သက် မလာဘဲ စတော်ဘယ်ရီကိုပါ ယူဆောင်လာတယ်

စတော်ဘယ်ရီသီးလေးတွေဆိုတာ ဆောင်းရာသီရဲ့ ရာသီစာတစ်ခုပါပဲ။ ချိုမြမြအရသာရှိပြီး နီရဲရဲ စတော်ဘယ်ရီသီးလေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။

စတော်ဘယ်ရီသီးကို အသီးလိုက်စားကြသလို၊ သကြားလုံး၊ ဖျော်ရည်၊ ကိတ်မုန့်၊ ယို၊ ရေခဲမုန့်၊ Milkshake စသဖြင့် အမျိုးမျိုး ဖန်တီးစားသုံးနိုင်ပါတယ်။ ဒါ့အပြင် အလှကုန်ပစ္စည်းတွေမှာလည်း စတော်ဘယ်ရီရဲ့ အရောင်၊ အနံ့နဲ့ အာနိသင်ကို ထည့်သွင်း အသုံးပြုကြပါတယ်။

စတော်ဘယ်ရီသီးတွေကို စတင် စိုက်ပျိုး၊ စားသုံးခဲ့ကြတာက ပြင်သစ်လူမျိုးတွေဖြစ်တယ်လို့ ဆိုပါတယ်။ ၁၄ ရာစုက ပြင်သစ်ဘုရင် Charles (5) ရဲ့ လက်ထက်က သူ့ရဲ့ နန်းတော်ဥယျာဉ်ထဲမှာ စတော်ဘယ်ရီပင်ပေါင်း ၁၂၀၀ ကျော် စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ့ခေတ်အခါက စတော်ဘယ်ရီသီးကို စိတ်ပျော်ရွှင်စေဖို့ စားတတ်ကြသလို စတော်ဘယ်ရီတစ်ပင်လုံးဟာ စိတ်ကျရောဂါနဲ့ ဖျားနာမှုတွေကို ကုသဖို့ ဆေးဝါးဖော်စပ်တဲ့နေရာမှာ အသုံးပြုခဲ့ကြပါတယ်။ ၁၆ ရာစု နောက်ပိုင်းမှာတော့ စတော်ဘယ်ရီကို စနစ်တကျ စိုက်ပျိုးမှု ပိုမိုများပြားလာခဲ့ပြီး ကျန်းမာရေးအတွက် ဓာတ်စာအနေနဲ့ အဓိက စားသုံးခဲ့ကြပါတယ်။ စတော်ဘယ်ရီ ၁၀၀ ဂရမ်မှာ ၃၃ ကယ်လိုရီပါဝင်ပြီး ဗီတာမင် C ကြွယ်ဝတဲ့ အသီးတစ်မျိုးလဲ ဖြစ်ပါတယ်။

မြောက်အမေရိကတိုက်ရဲ့ နေရာတော်တော်များများမှာ စတော်ဘယ်ရီပွဲတော် ကျင်းပတဲ့ အစဉ်အလာရှိပါတယ်။ ဒီပွဲတော်ကို စတော်ဘယ်ရီ ရိတ်သိမ်းချိန်ဖြစ်တဲ့ နွေဦးရာသီနှောင်းပိုင်းမှာ ကျင်းပကြတာပါ။ ပွဲတော်အချိန်အတွင်းမှာ စတော်ဘယ်ရီနဲ့ အလှဆင်ထားတဲ့ ကားတွေနဲ့ ပွဲလှည့်လည်လေ့ရှိကြပါတယ်။ ဒါ့အပြင် နေရာဒေသအမျိုးမျိုးက လူတွေကလည်း စတော်ဘယ်ရီနဲ့ သက်ဆိုင်တဲ့ အငွေ့အသက်၊ ဖန်တီးမှု တစ်ခုခု ပါဝင်ထားတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ပြီး ပါဝင်ဆင်နွှဲလေ့ ရှိပါတယ်။

Florida မှာ ကျင်းပတဲ့ စတော်ဘယ်ရီပွဲတော်ကို ၁၉၃၀ ခုနှစ်က စတင်ခဲ့ပါတယ်။ ပွဲတော်ကျင်းပရက် ၁၁ ရက် ကြာမြင့်ပြီး ဈေးပွဲတော်နဲ့ ဂီတဖျော်ဖြေပွဲတွေ ထည့်သွင်းထားသလို စတော်ဘယ်ရီ shortcake လေးတွေ ကိုယ်တိုင်ပြုလုပ်နိုင်ဖို့လည်း ပြင်ဆင်ပေးထားပါတယ်။ ၂၀၁၈ မတ်လ က ကျင်းပခဲ့တဲ့ စတော်ဘယ်ရီ ပွဲတော်မှာတော့ shortcake ပေါင်း ၄သန်းကျော် ပြုလုပ်ခဲ့ကြတယ် လို့ သိရပါတယ်။ ဒါ့အပြင် စတော်ဘယ်ရီ အလှမယ် ရွေးချယ်ပွဲကိုလည်း အခမ်းအနား တစ်ခု အနေနဲ့ ထည့်သွင်းထားပါတယ်။

အင်္ဂလန်နိုင်ငံ Cambridge မှာလည်း Strawberry Fair ကို ၁၉၇၄ ခုနှစ်ကတည်းက စတင်ခဲ့ပြီး နှစ်စဉ်ဇွန်လရဲ့ ပထမဆုံး စနေနေ့မှာ ကျင်းပကြပါတယ်။ ဒီပွဲမှာ ဂီတနဲ့ ပြဇာတ်ဖျော်ဖြေရေး အစီအစဉ်တွေ များစွာ ပါဝင်ပြီး ပွဲတစ်ခုလုံး ဖြစ်မြောက် အောင်မြင်ဖို့အတွက် လုပ်အားပေးသူ ၁,၀၀၀ ဝန်းကျင် ပါဝင်ရတယ်လို့ သိရပါတယ်။

အသီးတွေထဲမှာမှ စတော်ဘယ်ရီသီးရဲ့ ထူးခြားချက်တစ်ခုက သူ့ရဲ့ အစေ့လေးတွေပါ။ အစေ့ဆိုတာ အသီးအတွင်းထဲမှာပဲ ရှိနေတတ်ပေမယ့် စတော်ဘယ်ရီကတော့ ထူးခြားစွာပဲ အသီးရဲ့ အပြင်မှာ အစေ့တွေ ရှိနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Audrey Chann

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.