Advertisements

မော်လမြိုင် ဇန်နဝါရီ

မွန်ပြည်နယ်တွင် ယခုနှစ် ဆောင်းသီးနှံချေးငွေ ကျပ်သိန်းပေါင်း ၆ဝဝဝဝကျော် ထုတ်ချေးပေးထားပြီဖြစ်ကြောင်း မွန်ပြည်နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ် (မော်လမြိုင်ဘဏ်ခွဲ)မှ ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

ဆောင်းသီးနှံချေးငွေကို အောက်တိုဘာလမှ စတင်ကာ ယခုနှစ် ဇန်နဝါရီလ ၁၅ရက်ထိ ကျပ်သိန်းပေါင်း ၆၂၁၇၃ ဒသမ ၅သိန်း ထုတ်ချေးခဲ့ပြီး လကုန်အထိ ထပ်မံ ချေးပေးသွားမည်ဟု ၎င်းက ပြောသည်။

Advertisements
data-language="en"

“ကျွန်တော်တို့ ချေးငွေကိုလည်း ငါးသောင်းကနေ တစ်သိန်းထိ တိုးပြီး ချေးထားပေးတဲ့အတွက် အရင်နှစ်ထက်စာရင် ချေးငွေယူတဲ့သူတွေလည်း ပိုများလာတယ်၊ သူတို့အတွက် အဆင်ပြေတာပေါ့”ဟု ၎င်းက ဆိုသည်။

ချေးငွေ ထုတ်ပေးရာတွင် ပဲအမျိုးမျိုးနှင့် အခြားသီးနှံများကို တစ်ဧကလျှင် ကျပ် တစ်သိန်းနှုန်း ဖြင့် ယခင်ထက် ကျပ် ၅ သောင်း ပိုထုတ်ချေးခဲ့ပြီး စပါးကိုမူ ပုံမှန်နှုန်းထားဖြစ်သည့် တစ်ဧကလျှင် ကျပ် တစ်သိန်းခွဲ ဖြင့်သာ ထုတ်ချေးပေးလျက်ရှိသည်ဟု ဦးကျော်စွာလှိုင်က ပြောသည်။

လက်ရှိတွင် ဆောင်းသီးနှံချေးငွေကို မြို့နယ် ၉မြို့နယ်မှ ကျေးရွာ ၉၉ အုပ်စုမှ တောင်သူ ၇၅၉၉ ဦးကို ချေးငွေ ထုတ်ပေးထားသည်။

ဧကအလိုက် ထုတ်ချေးမှုတွင် စပါးဧက ၁၅၉ဝ၇ ဧက၊ မြေပဲ ၅၆၁၆ ဧက၊ ပဲတီစိမ်း ၂၂၂ဝ၇ ဧက၊ မတ်ပဲ ၂၅၉၂၅ ဧက၊ နှမ်း ၇၉ဧက၊ ပဲပုပ် ၂၂ဧက၊ ပဲလွန်း ၆ဝ၉၃ ဧက နှင့် ဘိုကိတ် ၁၇ဝ၄ ဧက စုစုပေါင်း ၅၄၂၂ဝ ဧကကို ချေးငွေ ထုတ်ပေးထားသည်။

ယင်းချေးငွေကို ဧပြီလကုန်တွင် ပြန်ဆပ်ရမည်ဖြစ်ပြီး ယခင်နှစ်ထက် သီးနှံထွက်နှုန်း တိုးနိုင်သောကြောင့် တောင်သူများ အဆင်ပြေမည်ဟု ဦးကျော်စွာလှိုင်က ဆိုသည်။

တောင်သူလယ်သမားအနေဖြင့် လိုအပ်နေသော စိုက်ပျိုးစရိတ် ငွေကို အတိုးနှုန်းကြီးကြီးဖြင့် ချေးယူစရာမလိုဘဲ လယ်ယာလုပ်ငန်း လုပ်ကိုင်ရာတွင် ပစ္စည်း အလုံအလောက် ရှိစေရန်အတွက် ချေးငွေ ထုတ်ချေးရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဆောင်းသီးနှံချေးငွေ ကျပ် တစ်သိန်း တိုးမြင့်ပေးသောကြောင့် တောင်သူများအတွက် လုပ်ငန်းလုပ်ရာတွင် လုံလုံလောက်လောက်ရှိလာကြောင်း ချောင်းဆုံမြို့နယ်မှ မတ်ပဲစိုက်တောင်သူ ဦးစိုးမြင့်အောင်က ပြောသည်။

“အရင်တုန်းကဆိုရင် ငါးသောင်းက ဘယ်လိုမှ အဆင်မပြေဘူးလေ၊ တစ်ချို့ဆို ယူတောင်မယူဘူး၊ အခုက တစ်သိန်းဆိုတော့ ကျွန်တော်တို့အတွက်တော့ အဆင်ပြေတာပေါ့နော်၊ ရာသီဥတုသာ သာယာမယ်ဆို ချေးငွေကို မြန်မြန် ဆပ်နိုင်တာပေါ့”ဟု ၎င်းက ဆိုသည်။

ယမန်နှစ်က မွန်ပြည်နယ်တွင် ဆောင်းသီးနှံ ချေးငွေ ကျပ်သိန်းပေါင်း လေးသောင်းကျော်သာ ထုတ်ချေးခဲ့ကြောင်း  ပြည်နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ် (မော်လမြိုင်ဘဏ်ခွဲ)မှ စာရင်းများအရ သိရသည်။

ထိုက်ထိုက်

Leave a Reply