Advertisements

ချောင်းဆုံ နိုဝင်ဘာ

မတ်ပဲဈေးနှုန်းပြန်လည်ဦးမော့လာ၍ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာတွင် မတ်ပဲကို ထည့်သွင်းစိုက်ပျိုးရန် မွန်ပြည်နယ်ပဲနှင့်နှမ်းကုန်သည်များအသင်းက အကြံပြုတိုက်တွန်းသည်။

“ပြည်တွင်းမှာ ပဲဟောင်းလက်ကျန်တွေလည်းနည်းနေပြီ။ အိန္ဒိယရဲ့အဓိကပဲစိုက်ပျိုးနိုင်တဲ့နေရာတွေမှာလည်း ရာသီဥတုဖောက်ပြန်နေတဲ့အတွက်မတ်ပဲလိုအပ်ချက်တွေရှိလာနိုင်တဲ့အတွက်မြန်မာနိုင်ငံကမတ်ပဲကိုအားကိုးပြီးဝယ်ယူရမဲ့အခြေအနေလဲရှိတယ်”ဟု ယင်းအသင်းဥက္ကဋ္ဌဦးအောင်မျိုးဦးက သုံးသပ်သည်။

ပြီးခဲ့သည့်နှစ် ပဲပေါ်ချိန်က မော်လမြိုင်ဈေးကွက်၌ မတ်ပဲတစ်ပိဿာ ၇၅၀ ကျပ်မှ ၈၀၀ ကျပ်နှုန်းသာရရှိခဲ့၍ မတ်ပဲစိုက်တောင်သူများအရှုံးပေါ်ခဲ့ကြောင်း၊ ယခုအခါ တစ်ပိဿာ ၁၂၅၀ ကျပ်မှ ၁၃၀၀ ကျပ်ထိ ပေါက်ဈေးရှိနေကြောင်း ၎င်း ကဆက်လက်ပြော သည်။

မတ်ပဲကို အိန္ဒိယနိုင်ငံက အဓိကဝယ်ယူနေပြီး တရုတ် ၊စင်္ကာပူ ၊ ပါကစ္စတန် ၊ နီပေါ နိုင်ငံတို့ကလည်းအနည်း ငယ်ဝယ်ယူနေကြောင်း ယင်းအသင်းအတွင်းရေးမှူး ဦးကျော်ခိုင်မြင့်က ပြောသည်။

“မတ်ပဲအပြင် ပဲတီရွှေဝါနဲ့ ပဲလွန်းဖြူတွေကိုလည်းစိုက်ထားဖို့သင့်တယ် ။ ပဲဈေးကွက်အတိမ်းအစောင်းဖြစ် လာလို့ ငွေကြေးလိုအပ်ချိန်မှာ တခြားပဲတွေကိုအသုံးအတွက်အရင်ရောင်းပြီးမတ်ပဲကို ဖြေးဖြေးချင်းသိုလှောင် ရောင်းချ နိုင်တယ်”ဟု၎င်းကအကြံပြုသည်။

ဒေသခံလယ်သမား အများစုမှာလည်း အခြားပဲမျိုးစုံထက် မတ်ပဲစိုက်ပျိုးခြင်းက လုပ်သားစရိတ်သက်သာပြီး ရေမြေဒေသနှင့်ကိုက်ညီကာ ပိုးမွှားဒဏ် ပိုခံနိုင်ခြင်းကြောင့် ဆောင်းသီးနှံစိုက်ပျိုးသည့် မတ်ပဲကို အဓိကထားစိုက်ပျိုးရန် ဆန္ဒရှိနေကြောင်း ကော့မုပွန်ကျေးရွာမှ တောင်သူ ဦးစိုးသိန်းက ပြောသည်။

အိန္ဒိယအစိုးရ၏ ပဲတင်သွင်းမှုမူဝါဒအပြောင်းအလဲကြောင့် မတ်ပဲ ပဲစဉ်းငုံ ဝယ်ယူမှုကို ယမန်နှစ် သြဂုတ်လဆန်းမှစ၍ ကန့်သတ်ခဲ့ရာမှ ပဲဈေးကွက် ကမောက်ကမဖြစ်ကာ ယခုနှစ်တွင် မတ်ပဲစိုက်တောင်သူများ အစိုက်လျော့နည်းခဲ့ကြသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply