Advertisements

မော်လမြိုင် အောက်တိုဘာ

မွန်ပြည်နယ်တွင် ယခုနှစ် ဆောင်းသီးနှံချေးငွေကို မြို့နယ် ၉ မြို့နယ်အတွက် ကျပ်သန်းပေါင်း ၄၇၀၀ ကျော်ကို နောက်လ ပထမသီတင်းပတ်တွင် ထုတ်ချေးပေးရန် လျာထားကြောင်း မွန်ပြည်နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောကြားသည်။

ဆောင်းသီးနှံချေးငွေကို ပြည်ထောင်စုဘတ်ဂျက်ဖြင့် ထုတ်ချေးပေးခြင်းဖြစ်ပြီး ရေးမြို့နယ်သည် စပါးနှင့် အခြားသီးနှံစိုက်ပျိုးမှုနည်းပါးသောကြောင့် ချေးငွေ မယူကြကြောင်း ၎င်းက ပြောသည်။
တစ်ဧကလျှင် စပါးစိုက်တောင်သူများအတွက် ကျပ် တစ်သိန်းခွဲ နှင့် အခြားပဲ၊ ပြောင်း၊ နှမ်း စိုက်ပျိုးသော တောင်သူများအတွက် ငါးသောင်းကျပ် ထုတ်ချေးပေးပြီး တစ်နှစ်လျှင် အတိုး ၈ကျပ်နှုန်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

“ကျွန်တော်တို့ကတော့ ရာသီချိန်အလိုက် ထုတ်ချေးပေးတာပေါ့၊ တောင်သူတွေ အပြင်မှာ ငွေချေးရင် အတိုးများတယ်လေ၊ မကိုက်ဘူးပေါ့၊ ချေးငွေကို အလေ့အလွင့်မဖြစ်အောင် သုံးရင်တော့ အကျိုးရှိတာပေါ့”ဟု ဦးကျော်စွာလှိုင်က ဆိုသည်။

ယင်းချေးငွေကို နိုဝင်ဘာ ပထမအပတ်တွင် ထုတ်ချေးပေးမည်ဖြစ်ပြီး ၂ဝ၁၉ မတ်လမှ စတင်ကာ ဇွန်လကုန်အထိ တောင်သူလယ်သမားများ အကျေပြန်ဆပ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ချေးငွေကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ ဘဏ်ခွဲများတွင် တောင်သူလယ်သမားကိုယ်တိုင် လာရောက်ထုတ်ယူရပြီး ကိုယ်တိုင်လာပြန်ဆပ်ရသော စနစ်ဖြင့်သာ လုပ်ဆောင်နေကြောင်း ၎င်းက ပြောဆိုသည်။

ဆောင်းသီးနှံစိုက်ပျိုးသော တောင်သူများကို တစ်ဧက ငါးသောင်းကျပ်ထက် ပိုချေးပေးပါက အဆင်ပြေနိုင်ကြောင်း ချောင်းဆုံမြို့နယ်မှ တောင်သူ ဦးလှရွှေက ပြောကြားသည်။

“ချေးငွေတွေ ထုတ်ချေးပေးတာ ကောင်းပါတယ်၊ ချေးငွေကို တိုးပြီးပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့ သီးနှံစိုက်သမားတွေအတွက်က နည်းတယ်လေ၊ ရာသီဥတုမကောင်းရင် ပိုဆိုးတာပေါ့၊ ချေးငွေပြန်ဆပ်ဖို့ အပြင်က ပြန်ချေးနေရတယ်”ဟု ၎င်းကပြောသည်။

ယမန်နှစ်က ဆောင်းသီးနှံ ချေးငွေကို တောင်သူလယ်သမား ၇,၃၇၆ဦး အား ကျပ်သိန်းပေါင်း၄၅၃၃၄.၅ဝ ကျပ် ထုတ်ချေးပေးခဲ့ကြောင်း မွန်ပြည်နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ် (မော်လမြိုင်ဘဏ်ခွဲ)မှ သိရသည်။

ထိုက်ထိုက်

Leave a Reply