“ဆေးကို တိုက်ကျွေးတဲ့အချိန်မှာ ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ လူတွေရဲ့ရောဂါပိုးတွေက တစ်ပြိုင်နက်သေ သွားမယ်။ သေသွားတဲ့အခါကျတော့ ကိုယ်ထဲက ရောဂါပိုး ကင်းစင်သွားတဲ့အခါကျ ခုနက ခြင်ကိုက်ပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် မကူးစက်နိုင်တော့ဘူး”

ဆင်ခြေထောက်ရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သိရှိနားလည်အောင် စိုးရိမ်မှုမရှိစေဖို့အတွက် မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာဉာဏ်ဆင့်နှင့် သွားရောက်တွေ့ဆုံမေးမြန်းချက်တွေကို ဟင်္သာမီဒီယာမှ တစ်ဆင့် ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ ဆင်ခြေထောက်ရောဂါက အရှေ့တောင်အာရှမှာဆိုရင် အများဆုံးဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရတယ်။ အဲဒီရောဂါက မွန်ပြည်နယ်မှာရော ဘယ်လောက်ထိ ဖြစ်ပွားမှုတွေရှိခဲ့လဲ။

ဒေါက်တာ ဉာဏ်ဆင့် ။ ။ တစ်ကမ္ဘာလုံးရဲ့ ၆၅ ရာခိုင်နှုန်းလောက်ဖြစ်တယ်။ ဒီဆင်ခြေထောက်ရောဂါကတော့ တကယ့်တကယ် ကတော့ ဒီခြေထောက်ကြီးနေတဲ့လူတွေက တော်တော်ရှားသွားပါပြီး။ မြန်မာနိုင်ငံတစ်နိုင်ငံလုံး မှာ ဒီရောဂါက အဆင့်ဆင့်ရှိတယ်။ ရောဂါလက္ခဏာက မပေါ်ဘဲနဲ့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ကနဦးရောဂါ လက္ခဏာ ဆိုပြီးတော့ ရှိတာပေါ့။ ဒီရောဂါက လူတွေရဲ့ခန္ဓာကိုယ်ထဲမှာ ရောဂါပိုရှိနေပေမယ့်လည်း ငုပ်နေပြီးတော့ ရောဂါလက္ခဏာ မပေါ်တဲ့အခါကျတော့ ဘယ်လောက်အဖြစ်များလည်းဆိုတာကို ဖော်ပြရဖို့ခက်ခဲ့နေတယ်။

နောက်တစ်ခုကတော့ ဒီရောဂါလက္ခဏာက ကနဦးလက္ခဏာထဲမှာ ဘာတွေ့ပါလဲဆိုတော မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ ပြောပြောနေတာ မှင်ထတယ် မှင်ထတယ်ဆိုတာ၊ ခြေနဲ့လက်တွေ နီရဲရောင်ရမ်းပြီးတော့ အဖျားတက်တဲ့လက္ခဏာတွေကလည်း တကယ့် တကယ်ကျတော့ ဆင်ခြေထောက်ရောဂါပိုးရှိတဲ့ လက္ခဏာမျိုးနဲ့ ဆင်တူတယ်။ တကယ်တော့ ဘယ်လောက်ဖြစ်ပွားမှုဆိုတာကိုတော့ ပြောရခက်တယ်။

သွေးဖောက်စစ်ဆေးချက် အဖြေအရဆိုရင် ၁၉၉၇ ခုနှစ်လောက်ကတည်းက တစ်နှစ်ကြာ နှစ်နှစ်ကြာအတွင်းမှာ ပုံမှန်လူတွေကို စစ်ဆေးတဲ့အခါကြတော့ အစပိုင်းလောက်ကတော့ တော်တော်များတယ်။ ၆ ရာခိုင်နှုန်း၊ ၇ ရာခိုင်နှုန်း၊ ၄ ရာခိုင်နှုန်းအထိရှိတယ်။ အခုနောက်ပိုင်း ၂၀၁၃ ခုနှစ်၊ ၂၀၁၅ ခုနှစ် စစ်တဲ့အဖြေရဆိုရင် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကဆိုရင် မော်လမြိုင် စစ်တယ်၊ တစ်ယောက်မှ မတွေ့တောဘူး။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က မော်လမြိုင်နဲ့ သထုံကို စစ်တယ်၊ သထုံမှာ လူ ၅၀၀ လောက်စစ်ရင် နှစ်ယောက်ပဲ တွေ့တယ် အဲဒီလိုမျိုးပေါ့ ရှိတော့ ရှိတယ် ပြည်သူလူထုထဲမှ။ ဒါပေမဲ့ ရောဂါကလက္ခဏာက ကြီးကြီးမားမား ဆင်ခြေထောက်ရောဂါ မဟုတ်ဘူးပေါ့။

ဟင်္သာမီဒီယာ ။ ။ အာရှေ့တောင်အာရှမှ ဒီရောဂါက ဘာအတွက်ကြောင့်အဖြစ်များတာလဲဆိုတာ ရှင်းပြပေးပါဦး။

ဒေါက်တာ ဉာဏ်ဆင့် ။ ။ ဒီရောဂါက အဓိကတော့ ခြင်ကိုက်လို့ဖြစ်တာပေါ့။ ခြင်းကိုက်လို့ဖြစ်တယ်ဆိုတာ ဘာခြင်အမျိုးအစားလဲဆိုတာကို ဆရာတို့က ရေပိတ်ဆို့နေတဲ့နေရာမျိုးတွေ အိမ်သာကျင်းတွေ အဲဒီနေရာမျိုးတွေမှာ အဓိက ပေါက်တဲ့ခြင်က ကိုက်တယ်။ ဒီရောဂါကလည်း ပူအိုက်စွတ်စိုတဲ့ရာသီဥတုမှာရှိတဲ့ နိုင်ငံတွေမှာလည်းဖြစ်တယ်။ အာရှေတောင်အာရှမှာ ဘာကြောင့်အဖြစ်များလဲဆိုတာက နံပတ် တစ်ကတော့ ရာသီဥတုကြောင့်လည်းဖြစ်နိုင်တယ်။ ထုံစံအတိုင်းပဲ အာရှေ့တောင်အာရှနိုင်ငံကလည်း သိတဲ့အတိုင်းပဲ တကယ့်ဖွံ့ဖြိုးဆဲနိုင်ငံဆိုတာ ရေမြောင်းပိတ်ဆို့မှုတွေလည်းရှိမယ်၊ ခြင်ပေါက်ဖွားတဲ့ အခြေအနေ ပေးနိုင်တဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့် အဖြစ်များတယ်။

ဟင်္သာမီဒီယာ ။ ။ ဒီဆင်ခြေထောက်ရောဂါ လက္ခဏာက အဆင့်ဘယ်နှစ်ဆင့်ရှိလဲ။

ဒေါက်တာ ဉာဏ်ဆင့် ။ ။ အဓိကတော့ ရောဂါလက္ခဏာ ခွဲထားတာကတော့ ငုပ်နေတဲ့အဆင့်က အရေးကြီးဆုံးဘပ ဒီလိုလက္ခဏာတွေက လူတွေမှာ ရောဂါပိုးရှိနေပေမယ့် ရောဂါလက္ခဏာမပေါ်နိုင်တဲ့အဆင့်ပေါ့။ အဲဒါတွေက အများကြီးရှိနေသေးတယ်။ တစ်ခါတစ်ရံ သွေးဖောက်စစ်ဆေးမှုတွေ ပြုလုပ်မှပဲ သိတယ်။ နောက်တစ်ဆင့်ကတော့ ရောဂါနုစဉ်လက္ခဏာအဆင့်ပဲ။ ဒီရောဂါလက္ခဏာက စပေါ်တာနဲ့ အနည်းဆုံး ခြောက်လနဲ့ တစ်နှစ်လောက် ကြာတယ်။
ရောဂါပိုး ဝင်ပြီးဆိုရင် ချမ်းတုန်ပြီးတော့ ဖျားမယ်၊ ယားယံပြီးတော့ အင်ပြင်ထွက်တာတို့၊ တချို့ကျတော့ အဖု၊ အကျိတ် ရောင်ရမ်းလာတာတွေရှိမယ်၊ ဝှေးစေ့တွေ ရောင်မယ် အောင့်မယ်၊ နာမယ်၊ မှင်ထတဲ့ ပုံစံမျိုးတွေ ခြေ၊ လက်ပြင်တွေ နီရဲမယ်၊ ဆီးသွာရင် နို့နစ်ရောင်ဆီးတွေပါလာမယ်။ ဆီးသွားရင် သွေးပါတယ်ဆိုတဲ့ ဟာမျိုးဖြစ်မယ်။ အဲဒီရောဂါလက္ခဏာတွေကတော့ ဆင်ခြေထောက်ရောဂါရဲ့ နုစဉ်အခါပဲဖြစ်တယ်။ သိပ်ကြာသွားပြီးဆိုရင် ဆင်ခြေထောက်ကြီး ခြေထောက်တစ်ဖက် လက်တစ်ဖက် ရောင်ပွတာာတွေ ဖြစ်ပေါ်လာဖို့ကျတော့ အနည်ဆုံး ၁၀ နှစ်လောက်ကြာတယ်။ အဲလောက်ကာလကြာမှဖြစ်တဲ့ ရောဂါလက္ခဏာ သိပ်ရင့်သွားမှ ဖြစ်တဲ့ လက္ခဏာလည်းဖြစ်တယ်။

ဟင်္သာမီဒီယာ ။ ။ ဒီဆင်ခြေထောက်ရောဂါတွေ ဖြစ်ပွားမှုမရှိအောင် ဘယ်လိုကာကွယ်ရမလဲ။ ဖြစ်ပွားခဲ့မယ်ဆိုရင်ရော ဘယ်လိုကုသမှုခံယူ ရမလဲ။

ဒေါက်တာ ဉာဏ်ဆင့် ။ ။ အဓိကတော့ နံပတ်တစ် ဒီရောဂါက တကယ့်တကယ်ကျတော့ ခြင်ကြောင့်ဖြစ်တယ်။ အဲဒါကြောင့်ခြင်နှိမ်နင်းရေး ဘာညာတွေ လုပ်ရမယ်။ ခြင်နှိမ်နင်းရေးက သိပ်ပြီးမလွယ်လောက်ဘူး။ ပြောသာပြောတာ အာလုံးသိတဲ့အတိုင်းပဲ ကျွန်တော်တို့က ရပ်ကွက်တွေ၊ ကျေးရွာတွေမှာ မြောင်းတွေ ပိတ်ထား၊ ရေပုပ်ရေသိုးရှိနေတာပဲဆိုတော့ စီမံချက်တွေနဲ့ ခြင်နှိမ်နင်းရေးလုပ်ငန်းကို အရင်တုန်းကတည်းက လုပ်ခဲ့ဖူးတယ်။

အရေးကြီးဆုံးက လူအားလုံး သွေးစစ်ချက်လုပ်ငန်းကို ဘာကြောင့်လုပ်တာလဲဆိုတော့ အဓိက ဒီရောဂါက ရောဂါလက္ခဏာမပြပေမယ့်လည်း ရောဂါပိုးရှိနေတဲ့လူတွေ ရှိလည်းရှိနေနိုင်တယ်။ အဲဒီလူတွေ အားလုံးကို ဒီဆေးကို ခုနကပြောတဲ့ ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးလို့ပြောကြပါစို့။ အဲဒါကို သန်ချဆေးပေါင်လို့ခေါ်တာပေါ့။
အဲဒီဆေးကို တိုက်ကျွေးတဲ့အချိန်မှာ ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ လူတွေရဲ့ရောဂါပိုးတွေက တစ်ပြိုင်နက်သေ သွားမယ်။ သေသွားတဲ့အခါကျတော့ ကိုယ်ထဲက ရောဂါပိုး ကင်းစင်သွားတဲ့အခါကျ ခုနက ခြင်ကိုက်ပေ မယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် မကူးစက်နိုင်တော့ဘူး။ အဲဒီရဲ့ ရည်ရွယ်ချက်ကို ယူပြီး တော့ ကျွန်တော်တို့က အားလုံးစစ်ဆေးချက်နဲ့ တစ်နှစ်တစ်ကြိမ် အနည်းဆုံး ငါးနှစ်ဆေးတိုက်တာပဲဖြစ်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ ဆင်ခြေထောက်ရောဂါဖြစ်ပွားတဲ့သူတွေနဲ့ ပတ်သက်ပြီးတော့ မိသားစုဝင်တွေနဲ့ အနီးပတ်ဝန်းကျင်ကသူတွေ ကူးစက်မှုမဖြစ်ပွားအောင် ဘယ်လိုနေထိုင်သွားရမလဲ ဆိုတာကိုပြောပြပေးပါဦး။

ဒေါက်တာဉာဏ်ဆင့် ။ ။ အဓိကတော့ ကျွန်တော်ပြောသလိုပဲ ဒီရောဂါက ခြင်ကိုက်လ့ိုဖြစ်တယ် ဆိုတာတော့ ဒီခြင်ကလည်း အထူးသဖြင့် ညနေစောင်းနဲ့ ညကျမှပဲ ကိုက်တာဆိုတော့ တတ်နိုင်သလောက် ခြင်မကိုက် အောင် အဝတ်အစားတွေကို လုံလုံခြုံခြုံ ဝတ်ပြီးတော့နေမယ်၊ ခြင်မကိုက်တဲ့ လိမ်းဆေးတွေလိမ်းမယ်။ နောက်တစ်ခါ ညဘက်မှာ အိပ်တဲ့အခါကျရင် ခြင်ထောင်ထောင်ပြီး အိပ်မယ်။ နောက်တစ်ချက်က ကိုယ့်ပတ်ဝန်း ကျင်မှရှိတဲ့ ရေဝပ်ရေလှောင်နေတဲ့နေရာတွေ့၊ ရေပုပ်ရေဆိုးတွေကို ရေစီးရေလာ ကောင်းအောင်ဆောင် ရွက်ဖို့လိုမယ်။ ခြင်နှိမ်နင်းရင်းနဲ့ ခြင်မကိုက်အောင် နေထိုင်ပြီး အဲဒီဟာလေးတွေကို လုပ်ဖို့လိုတယ်။

နောက်တစ်ခုကတော့ ဒီရောဂါလက္ခဏာပေါ့။ ဒီဆင်ခြေထောက်ရောဂါရဲ့ ထူးခြားချက်က ဘာလဲဆိုတော့ ကျွန်တော်တို့က ရောဂါပိုးတွေ့မှ ဆေးသောက်ရတာမျိုးမဟုတ်ဘူး။ ရောဂါလက္ခဏာမတွေ့ဘဲနဲ့လည်း ဆေးသောက်ရတယ်။ ကျွန်တော်တို့က ဒီဆေးကို တစ်နှစ်တစ်ခါ သောက်ရတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ အဲဒီထဲမှာ အသုံးပြုတဲ့ဆေးတစ်မျိုး ဖြစ်တဲ့ DEC လို့ခေါ်တဲ့ဆေးကို တစ်နေ့သုံးကြိမ် ရောဂါလက္ခဏာပေါ် မူတည်ပြီး အဲဒီဆေးနဲ့ ကုသမှုတွေ ပေးသွားမှာဖြစ်တယ်။

ဟင်္သာမီဒီယာ ။ ။ ကျွန်တော်တို့ မွန်ပြည်နယ်မှာ ဒီဆင်ခြေထောက်ရောဂါနဲ့ ပတ်သက်ပြီးတော့ ပြည်နယ်မှာ ထူးထူခြားခြား ဘယ်လိုဖြစ်စဉ်မျိုးတွေ ဖြစ်ခဲ့ဖူးတာရှိလဲ။ ဆရာရဲ့အတွေ့အကြုံလေးပြောပြပေးပါဦး။

ဒေါက်တာ ဉာဏ်ဆင့် ။ ။ ဒီဆင်ခြေထောက်ရောဂါကြီးဖြစ်နေတာကတော့ ခုနက ပြောသလိုပဲ မွန်ပြည်နယ်အပါအဝင်ပေါ့ တခြားပြည်နယ်နဲ့ တိုင်းတွေမှာ တော်တော်ရှားသွားပါပြီး။ သို့သော်လည်း မွန်ပြည်နယ်အနေနဲ့ ထူးခြားချက်အနေနဲ့ ဘာတွေ့သလဲဆိုတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်တွေမှာ ဆင်ခြေထောက်ရောဂါကာကွယ်ဆေး တိုက်ကျွေးတဲ့အခါ ဘာဖြစ်လဲဆိုတော့ တချို့ဆိုရင် ဆေးသောက်ပြီးတော့ အဖု အပိန်းတွေ ထွက်လာတယ်။ ခြေတွေလက်တွေ ရောင်လာတယ်။ ဖြစ်လာတဲ့လူတွေ အများအပြားတွေ့ရတယ်။ အဲဒါ ဘယ်လိုသဘောတရားလဲဆိုတော့ ဒီရောဂါပိုးတွေနဲ့ ဆေးနဲ့ ထိတေ့ွပြီးတော့ တုံ့ပြန်မှုတွေဖြစ်ပြီးတော့ ဒီလိုလက္ခဏာပြတာဖြစ်တယ်။

သဘောကတော့ ဆင်ခြေထောက်ရောဂါကြီးဖြစ်နေတာကို မတွေ့ဘူး။ ရောဂါပိုးရှိတာရှိတဲ့လူတွေရဲ့ သဘောကို ပြောပြတာပါ။ ဒီဆေးသောက်ရင် ဒီဆေးရဲ့ တုံ့ပြန်မှုက နှစ်ခုရှိတယ်။ တစ်ခုကတော့ ဆေးနဲ့မတည့်လို့ ဘေး ထွက်ဆိုးကျိုးတွေအနေနဲ့ ဆေးကိုနည်းနည်းသောက်ရင် အစာမစားထားဘူးဆိုရင် မူးတာတို့၊ အန်တာတို့ ဖြစ်တာက တစ်ပိုင်း၊ နောက်တစ်ပိုင်းကတော့ ရောဂါပိုးလက္ခဏာရှိနေတဲ့သူဆိုရင် ဒီဆေးကို သောက်လိုက် တာနဲ့ ရောဂါပိုးနဲ့ဆေးတွေ့ပြီးတော့ ရောဂါပိုးတွေသေသွားပြီးတော့ ဓာတ်တစ်မျိုးထွက်လာတယ်။

အဲဒီဓာတ် တွေထွက်လာပြီးတော့ ခုနကပြောတယ် ခြေတွေလက်တွေ ရောင်ရမ်းလာတယ်၊ အဖျားတွေ တက်လာမယ်၊ ပြီးတော့ ယားယံပြီးတော့ အင်ပြင်ထွက်မယ် ရောဂါပိုးတွေ အပြင်ထွက်လာတာပေါ့။ သဘောက ကျွန်တေ်ာပြောချင်တာကတော့ ရောဂါပိုးလက္ခဏာမပြသေးပေမယ့်လည်း ရောဂါပိုးရှိနေတဲ့ လူတွေလည်း ရှိနေတယ်ဆိုတာကို ပြောလို့ရပါတယ်။

ဟင်္သာမီဒီယာ ။ ။ ဒီဆင်ခြေထောက်ရောဂါကာကွယ်ဆေးသောက်ပြီးတော့ အဲဒီလိုမျိုး ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာမှုကို ပြည်သူလူထုတွေအနေနဲ့ စိုးရိမ်မှုမရှိအောင် ဆရာအနေနဲ့ ဘယ်လိုမျိုး အသိပညာပေးချင်လဲ။

ဒေါက်တာ ဉာဏ်ဆင့် ။ ။ ကျွန်တော်တို့ အခုဆေးတိုက်ကျွေးတဲ့ လုပ်ငန်းက အိမ်ခြေ ၁၀၀ မှာ စေတနာ့ ဝန်ထမ်းတစ်ဖွဲ့ဆိုပြီး အခြေခံကျန်းမာရေးဝန်ထမ်းတွေနဲ့ အနီးကပ်ကြီးကြပ်မှုတွေနဲ့ ဆေးတိုက်ကျွေးမှု တွေလုပ်ဆောင်ထားပေးတယ်။ ဆေးတိုက်တဲ့အဖွဲ့ကို ဘာမှာထားသလဲဆိုတော့ ဒီဆေးတိုက်တဲ့အဖွဲ့တွေ တိုင်းမှာ ခုနလိုပေါ့ ယားယံရင် အဖု၊ အပိန်းထွက်ရင် ပေးလို့ရအောင်ဆိုပြီး ဘာမီတွန်၊ ခေါင်းမူးရင်၊ အဖျား တက်ရင်ပေးလို့ရအောင် ပါရာစီတမောတွေကို အဖွဲ့တိုင်းမှာ ဆောင်ထားပြီး အဲလိုမျိုးတွေဖြစ်ခဲ့မယ်ဆိုရင် ကုသမှုပေးလို့ရအောင် ဆောင်ရွက်ထားပါတယ်။

အခုပြောသွားတဲ့အရာတွေက တကယ်ကတော့ အပြင်းအထန်တော့ မဟုတ်ဘူး။ မိုင်နာပဲပေါ့၊ သာမန် ဖြစ်ရိုးဖြစ်စဉ်လောက်ပါပဲ။ နောက်တစ်ခု ထူးခြားချက်က ဆေးတိုက်တဲ့နေရာမှ ပထမဦးဆုံးနှစ်မှာပဲ ဒီလိုကိစ္စမျိုးတွေ အဖြစ်များတယ်။ ဒုတိယနှစ်ကစပြီးတော့ ဖြစ်တာနည်းပြီး သိပ်ပြီးတော့ ထူးထူးခြားခြားခံစားရမှု လျော့နည်းလာတာကို တွေ့ရတယ်။

ဟင်္သာမီဒီယာ ။ ။ ဒီဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးက ဆေးနှစ်မျိုးပေါင်းစပ်ပြီး ဆေးတိုက်တယ်လို့သိရတယ်။ ဘယ်လိုဆေးမျိုးတွေနဲ့ ပေါင်းစပ်ပြီးတော့ ပြုလုပ်ဆောင်ရွက်ထားတာလဲဆိုတာ ရှင်းပြပေးပါဦး။

ဒေါက်တာ ဉာဏ်ဆင့် ။ ။ ဒီရောဂါအတွက် ဆေးနှစ်မျိုးပေါင်းစပ်ပြီး တိုက်ကျွေးရတာက နိုင်ငံတကာမှာလည်း ဒီအတိုင်းပါဘဲ ဆေးနှစ်မျိုးပေါင်ပြီး တိုက်ရပါတယ်။ ခုနကပြောတဲ့DEC နောက်တစ်ခုကတော့ လူတွေအများအပြားသိတယ် သန်ချဆေးတစ်မျိုးပေါ့၊ Albendozole ခေါ်တဲ့ အဲဒီဆေးနှစ်မျိုးကို ပေါင်းပြီးတော့ တိုက်တယ်ပေါ့။ ဒီဆေးနှစ်ခုပေါင်းတိုက်ရင် ဒီရောဂါပိုးတွေကို ပိုပြီးတော့ ထိထိရောက်ရောက် ရောဂါကို ကာကွယ်နိုင်တဲ့အတွက်ကြောင့် ဒီဆေးနှစ်မျိုးကို ရောပြီးတော့ တိုက်ကျွေးတာပဲ ဖြစ်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ လာမယ့် ဇန်နဝါရီ ၂၂ ရက်နေ့က စတင်ပြီး ဒီဆင်ခြေထောက်ကာကွယ်ဆေးကို ငါးနှစ်မြောက် စတင်တိုက်ကျွေးမယ်လို့သိရတယ်။ အဲဒီလို ကာကွယ်ဆေးတိုက်ကျွေးတဲ့နေရာမှာ ပြည်သူတွေ အသိပညာတိုးတက်လာစေဖို့နဲ့ နားလည်သဘောပေါက်စေဖို့ ဘယ်လိုစီစဉ်ဆောင်ရွက်ထားပါသလဲ။

ဒေါက်တာ ဉာဏ်ဆင့် ။ ။ အဓိကတော့ ဒီဆေးကို တိုက်မယ်ဆိုတဲ့အခါကျတော့ ပြည်နယ်အဆင့် အသိပေး ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့က မွန်ပြည်နယ်မှာ ပြုလုပ်ခဲ့တယ်။ လုပ်ပြီးတဲ့အခါကျတော့ မြို့နယ်အဆင့် အသိဆွေးနွေးပွဲ ထပ်လုပ်တယ်။ ဒီဆေးကို တိုက်မယ်ဆိုရင် ဆေးရဲ့ အာနိသင် ဘာတွေရှိနိုင် မလဲ။ ကောင်ကျိုးဆိုးကျိုးတွေ ဆရာတို့က အသိပေးဆွေးနွေးပွဲ ပြုလုပ်ပေးတယ်။

နောက်တစ်ခုက ပြည်သူလုထုတွေ ပူးပေါင်းပါဝင်မှ ရမယ်ဆိုတော့ ဒီဆေးကို သောက်ကြဖို့ အသိပေးဆွေး နွေးပွဲကို ပြုလုပ်ခဲ့တယ်။ အဲဒါကို ပြည်နယ်အဆင့် ပြုလုပ်ပြီးပြီး မြို့နယ်အဆင့်တွေလည်း ဆက်လုပ်မယ်။ မြို့နယ် အဆင့် ပြီးသွားရင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအဆင့်တွေမှာ ပြုလုပ်သွားမယ်။ ဒီထက် ပိုအရေးကြီးတာ တစ်ခုကတော့ သင်တန်းပေးဖို့ ပြည်နယ်အဆင့် အသိပေးဆွေးနွေးပွဲနေ့မှပဲ စပြီးတော့ ပြည်နယ်အဆင့် သင်တန်းကို ဒီဆေးနဲ့ ပတ်သက်ပြီးတော့ လုပ်ငန်းလိုအပ်တာတွေ သင်ပြပေးခဲ့ပါတယ်။

ပြီးတော့ မြို့နယ်အဆင့်ဆက်ပြီး လုပ်သွားမှဖြစ်ပါတယ်။ သက်ဆိုင်ရာ ကျန်မာရေးဝန်ထမ်းတွေကို သင်တန်းပေးမယ်။ ပေးပြီးတော့ ဆက်ပြီး စေတနာ့ဝန်ထမ်း၊ ဆေးတိုက်အဖွဲ့တွေကို ဆက်ပြီးတော့ သင်တန်းပေးမယ်။ နောက်တစ်ခုကတော့ ဒီရောဂါနဲပတ်သက်ပြီးတော့ ပြည်သူလူထုတွေ ပိုမိုသိရှိရအောင်ဆိုပြီး ဒီနှစ်မှာဆိုရင် လက်ကမ်းစာစောင်များများ ထုတ်ထားပေးတာရှိပါတယ်။ လက်ကမ်းစာစောင်တွေကို ပြည်နယ် အတွက်ဆိုပြီး အစောင်ရေ သုံးသိန်း ထုတ်ထားတယ်။ အဲဒါမှ အိမ်ထောင်စု တစ်စုဆိုရင် လက်ကမ်းစာစောင် တစ်စောင်ပေးသွားမယ်ဆိုပြီး စီစဉ်ဆောင်ရွက်ပြီး ဖြစ်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ ဆရာအနေနဲ့ ဒီဆင်ခြေထောက်ရောဂါနဲ့ ပတ်သက်ပြီးတော့ ဖြည့်စွက်အကြုံပြု အသိပညာပေးမယ့် စကားလေးရှိရင် ပြောပြပေးပါဦး။

ဒေါက်တာ ဉာဏ်ဆင့် ။ ။ အဓိကတော့ ဒီလုပ်ငန်းက ကျွန်တော်လည်း အမြဲပြောပါတယ်။ ဒီရောဂါက ငုပ်နေတဲ့ အခါကျတော့ ရောဂါလက္ခဏာမပေါ်တဲ့အခါကျတော့ ပြည်သူလုထုတွေက ငါ့မှာ ဘာရောဂါမှမရှိဘဲနဲ့ ဆေးမသောက်တဲ့လူရှိတယ်။ ဆေးသောက်ဖို့ ငြင်းဆန်တဲ့ ပြည်သူတွေအနေနဲ့ မစိုးရိမ်ဖို့ ပြောချင်ပါတယ်။ အဓိကတော့ ပြည်သူလုထူတွေက ယုံယုံကြည်ကြည် ဒီရောဂါရဲ့ ဆိုးကျိုးတွေကို သိပြီးတော့ ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင် ဆေးသောက်ပြီး ကျန်းမာရေးဦးစီးဌာနကို ဝိုင်းပြီးတော့ ကူညီကြပါ။

အသက် နှစ်နှစ်အောက်ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှလွဲပြီး ဒီဆေးကို လာရောက်သောက်ဖို့ ပြောချင်တယ်။ မွန်ပြည်နယ်မှာ လူဦးရေ ၂,၁၄၇,၅၈၂ ဦးကို ဆေးတိုက်ကျွေးဖို့အတွက် စီစဉ်ဆောင်ရွက်ထားပါတယ်။ ပြည်သူလူထုတွေအနေနဲ့လည်း သက်ဆိုင်ရာစေတနာ့ဝန်ထမ်းအပေါ် သူနာပြု၊ မိခင်ရေးရာ၊ ကြက်ခြေနီတို့ အရန်မီးသတ်အဖွဲ့ ကျွန်တော်တို့ ဆေးတိုက်အဖွဲ့နဲ့ ဇန်နဝါရီ ၂၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဆေးတိုက်လုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာမှာ ပူပေါင်းပါဝင်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

Written by ခေတ်မင်း၊ ခင်နန်းဌေး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်