Advertisements

ဘားအံ ၊ ဇန်နဝါရီ

သုံးစွဲရန် သင့်လျော်သော စပ်ဆေးများကို ကရင်ပြည်နယ်အတွင်းရှိ ဆေးဆိုင်များ၌ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက ဆိုင်ကို ၃ လ မှ ၆လ အထိ ပိတ်သိမ်းစေပြီး ဆေးဝါးများကို သိမ်းဆည်း အရေးယူသွားမည်ဖြစ်ကြောင်း ဆေးဝါးကြီးကြပ်မှုကွပ်ကဲရေးဌာန (FDA)ပြည်နယ် ဦးစီးအရာရှိ ဒေါ်မေသူနွယ်က ဇန်နဝါရီ ၂၃ရက်တွင် ပြောကြားခဲ့သည်။

ဘားအံမြို့၊ ထန်းကိုးပင်သုသာန်ဝင်းအတွင်း ပြုလုပ်သည့် ပြည်နယ်ရှိ မြို့နယ်ခုနစ်ခုမှ ၂၀၁၅မှ ၂၀၁၇ ထိ သုံးနှစ်တာကာလ၌သိမ်းဆည်းရရှိခဲ့သော သက်တမ်းလွန်၍ သုံးစွဲရန်မသင့်သည့် ဆေးဝါး၊အလှကုန်နှင့် အစားအသောက်များကို ဖျက်ဆီးခြင်း အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဆေးဆိုင်တွေကို စစ်ဆေးတဲ့အခါမှာ စပ်ဆေးတွေ၊ တရားမဝင် ဆေးတွေ တွေ့ရင် သိမ်းဆည်းတယ်။ ခံဝန်ဂတိထိုးခိုင်းတယ်။ သူတို့ရောင်းချနေတဲ့ဆေးမှန်သမျှကို သိမ်းဆည်းတယ်”ဟု ဒေါ်မေသူနွယ်က ဆိုသည်။

ယင်းအခမ်းအနားတွင် တရားမဝင်ဆေးဝါး ၇၅မျိုး၊ သက်တမ်းလွန်ဆေးဝါး ၇၂မျိုး ၊စပ်ဆေး ၂၉မျိုး၊ ဆေးဝါးအတု ၁ မျိုး၊အလှကုန် ၁၃မျိုး၊ စုစုပေါင်း ကာလတန်ဖိုး ၈,၈၂၀,၂၄၁ ကျပ်တန်ဖိုးရှိ ဆေးဝါးနှင့် အလှကုန်များအား ပြည်နယ် တာဝန်ရှိသူများရှေ့တွင် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်FDAအနေဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်ခုနစ်ခုတွင် အာနိသင်ရှိသော ဆေးဝါးများကို ဆေးဆိုင်ပိုင်ရှင်များက စံချိန်စံညွန်းနှင့်အညီ ထိန်းသိမ်းသိုလှောင်ရောင်းချကြရန် ပညာပေးအစီအစဉ်အနေဖြင့် နယ်လှည့်လုပ်ဆောင်နေသကဲ့သို့ နယ်စပ်မြို့ မြဝတီနှင့်ကော့ကရိတ်မြို့တို့တွင် အရည်အသွေးဆိုင်ရာထောက်ခံချက်ပါရှိသော ဆေးဝါးများကိုသာ တင်သွင်းဖြန့်ဖြူးကြရန် ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘားအံမြို့နယ်မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက”ဆေးတွေက နာမည်အမျိုးမျိုးနဲ့ ထွက်နေတယ်။ နာမည်ကြီးပြီး လူသုံးများ၊ အဝယ်များတဲ့အပေါ် လိုက် ဝယ်တင်ရောင်းရတာ။ ဆေးဆိုင်တွေအနေနဲ့က တစ်ချို့ဆိုင်ရှင်က ဆေးပစ္စည်းများများ ဝယ်ထားတယ်၊ဆိုင်က ဈေးရောင်းတဲ့ သူက အဲဒါမရောင်းဘဲ တခြားဆေးတွေ ရောင်းပေးလိုက်တယ်။ ကြာတော့ သက်တမ်းလွန်ကုန်တယ်။ ရပ်ကွက်ထဲက ဆိုင်တွေအနေနဲ့ကတော့ တစ်လုံးချင်း ဖြုတ်ရောင်း၊ ခြွေရောင်းတာဆိုတော့ ကိုယ့်ရပ်ကွက် ၊ ကိုယ့်ဆိုင်အနေအထားနဲ့ ကုန်သလောက်ပဲ ယူရောင်းတယ်။ ဆေးရဲ့ သက်တမ်းကိုကြည့်တယ်။ သက်တမ်းကုန်ခါနီးတာ ၊ကျော်နေတာဆို ပြန်ပေး၊ ပြန်သိမ်းခိုင်း၊ ပြန်လဲခိုင်းရတာပေါ့ “ဟု ပြောသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အနေဖြင့် ယခုနှစ်အတွင်း အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ဆိုင်ရာ နိုင်ငံတော်အဆင့် စီမံကိန်းသုံးခု ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ထွက်ရှိမည့် စီမံကိန်းများမှာ National Drug Safety Plan, National Food Safety Plan, National Cosmetic Safety Plan ဟူ၍ဖြစ်ပြီး ယခုနှစ်ကို The Year of Safety Action နှစ်တစ်နှစ် အဖြစ် သတ်မှတ်ကာ ပြည်သူများ သုံးစွဲနေသော အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်များ ဘေး ကင်းလုံခြုံစိတ်ချရေး ပိုမိုအားစိုက်ဆောင်ရွက်မည်ဖြစ်ကြောင်း မီဒီယာသို့ ထုတ်ဖော်ပြောကြားထားသည်။

Written by ရာဟု(ဖားအံ)

Advertisements
<

Leave a Reply