အသက် ၇၀ အရွယ် လက်မှုပညာသည် အဘိုးအို တစ်ဦးသည် အိုစမာဘင်လာဒင်အကြောင်းကို ဂုဏ်ယူစွာဖြင့် ပြောပြနေသည်။

အိုစမာ ဘင်လာဒင်အကြောင်းကို ဂုဏ်ယူစွာဖြင့် ပြန်ပြောပြရခြင်းမှာ ပြီးခဲ့သည့်နှစ်က သူလုပ်ခဲ့သော အိုစမာဘင်လာဒင် ခေါင်းပုံစံ ဆေးတံကို နိုင်ငံခြားသူ တစ်ဦးက ဝယ်ယူ၍ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို မေးမြန်းခဲ့ခြင်းကြောင့် ဖြစ်သည်။

အဘိုးအိုသည် ပြန်ဖြေဖြစ်ခဲ့သော အဖြေကို သူကိုယ်တိုင် သဘောကျ နှစ်ကြိုက်လျက်ရှိနေသည်။

အိုစမာ ဘင်လာဒင်က အမေရိကန် ကုန်တိုက်ကို လေယာဉ်နှင့် ဝင်တိုက်ရန် လမ်းညွှန်ခဲ့သည့်အတွက် လူပေါင်းများစွာ သေဆုံးခဲ့ခြင်းကြောင့် လူသတ်သမား၏ ခေါင်းကို ဖောက်၍ မီးရှို့နေရခြင်းဖြစ်ကြောင်း ဆေးတံလက်မှုပညာရှင် အဖိုးမန်ငွေဝင်းက ပြန်လည် ပြောပြနေသည်။

ဆေးတံပုံစံအသစ်များ ပြုလုပ်ရနေလျှင် ဝမ်းမြောက်နေသော်လည်း သူ၏ ဆေးတံလက်မှုပညာ တိမ်းမြှုပ် ပျောက်ကွယ်သွားမည်ကို များစွာ စိုးရိမ်လျက်ရှိနေသည်။

“အရင်ကဆို အဘတို့ ရွာလွတ် တစ်ရွာလုံး ဆေးတံ လုပ်ကြတယ်၊ အခုက တစ်ရွာလုံးမှာ သုံးအိမ်ပဲ လုပ်တော့တယ်”ဟု အဖိုးမန်ငွေဝင်းက ပြောပြနေသည်။

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်နိုင်ကြောင်း တီဗွီမှာ ကြေညာခြင်းကြောင့် ဆေးတံ သောက်သူများ နည်းပါလာပြီး ဆေးတံလုပ်ငန်း လုပ်ကိုင်သူများလည်း အလုပ်ပြောင်းသွားကြကြောင်း ၎င်းက သူအမြင်ကို ပြောဆိုသည်။
အဖိုးမန်ငွေဝင်းသည် ဆေးတံ လုပ်ကိုင်သူ နည်းပါးလာသော်လည်း အဘိုးဖြစ်သူ ဦးညွှန့်၏ ဆေးတံ အမွေကို ဆက်လက် ခံယူလုပ်ကိုင်လျက် ရှိနေသည်။

ထူးခြားမှု တစ်ခုအနေဖြင့် ချောင်းဆုံမြို့နယ်ရှိ ရွာလွတ်ကျေးရွာတွင် ဆေးတံ လုပ်ငန်းသုံး ခု၌၊ အဖိုးမန်ငွေဝင်း၏ ဆေးတံလုပ်ငန်းသည်သာ ပန်းပုဆေးတံများကို ပြုလုပ်နေခြင်းဖြစ်စည်။

ဆေးတံအစ ဦးညွှန့်က၊ ဆေးတံအစ ရွာလွတ်ကဟု စကားပုံများ ရှိနေသည့်အတွက် ဆေးတံအဆုံး ဦးမန်ငွေဝင်းက အဖြစ်ကို သူမရောက်စေချင်ပေ။

(Made in Ywarlut) သစ်သား ဆေးတံလုပ်ငန်းကို အဘိုးဖြစ်သူ ဦးညွှန့်သည် ကိုလိုနီခေတ်ကတည်းက စတင် တည်ထွင်ခဲ့ခြင်းဖြစ်သည်။

အဖိုးမန်းငွေဝင်းသည် ဆေးတံလက်မှုပညာကို အဘိုးဖြစ်သူ ဦးညွှန့်ထံမှ သင်ယူခဲ့သည်။
အဘိုးဖြစ်သူ ဦးညွှန့်သည် ဆေးတံလုပ်ဆောင်ရန်အတွက် တောထဲသို့ သွားရောက်ပြီး သစ်ဥသစ်ဖုများကို လိုက်လံရှာဖွေကာ အပွေးလှသော သစ်သားများကို ဆေးတံ ပုံစံသွင်းခဲ့ကြောင်း အဖိုးမန်ငွေဝင်းက ပြောပြသည်။
ဆေးတံ ပုံစံသွင်းပြီးနောက် ကျွဲချိုးကို လှီးဖြတ်ပြီး လက်ဖောက်ဆူးနှင့် အပေါက် ဖောက်လုပ်ကာ အရိုးတပ်၍ သစ်သား ဆေးတံကို စတင် ပြုလုပ်ခဲ့သည်။

ရရှိလာသည့် သစ်သား ဆေးတံကို ယခင် မော်လမြိုင် မိုင်းဒါကွင်းတွင် ပြုလုပ်သည့် မွန်ယဉ်ကျေးမှုနေ့တွင် သွားရောက် ပြသခဲ့ရာမှ အင်္ဂလိပ်မင်းက ချီးမြှင့်သော ဂုဏ်ထူးဆောင် လက်မှတ်ကို ရရှိခဲ့သည်။

အဘိုးဖြစ်သူ ဦးညွှန့်သည် ဆေးတံများကို နှစ်စဉ် မွန်ယဉ်ကျေးမှုနေ့တွင် သွားရောက် ပြသရာမှ တစ်နှစ်တွင် ပေါင်းတည်ဇာတိသူ ဒေါ်ဖွားရှင် ဘာသာပြန်သော မြန်မာအကျိုးစီးပွား စာအုပ်ကို တွေ့ရှိခဲ့၍ ဝယ်ယူလာခဲ့သည်။

စာအုပ်အား ဝယ်ယူလာရခြင်းမှာ ဒေါ်ဖွားရှင် ဘာသာပြန်ထားသော မြန်မာအကျိုးစီးပွား စာအုပ်တွင် ဖိုင်ဘာလုပ်နည်း ပညာရပ်ကို ရေးသားထားခြင်းကြောင့် ဖြစ်သည်။

အဘိုးဖြစ်သူ ဦးညွှန့်သည် စာအုပ်တွင် ရေးသားထားသည့် ဖိုင်ဘာလုပ်နည်းအတိုင်း ရော်ဘာ တစ်ပေါင်ကို ကပ် ၁၀ ကျပ်သားဖြင့် ပေါင်းပြီး ညက်အောင် ကြိတ်၍ ဖဲထီသံဖြင့် ပတ်ထည့်ကာ ပန်းပဲဖိုတွင် ထည့်ပေါင်းခဲ့သည်။

ပန်းပဲဖို့တွင် ထည့်ပေါင်းလိုက်ပြီး လေးရက်မြောက်နေ့တွင် ဆေးတံ အရိုးကို လုပ်နည်းကို အောင်မြင်ခဲ့သည်။

ဖိုင်ဘာဆေးတံ အရိုးလုပ်နည်း အောင်မြင်ခဲ့သည့် နောက်ပိုင်းတွင် ဆေးတံအရိုးအတွက် ယခင်က ပြုလုပ်ခဲ့သော ကျွဲချိုးကို အသုံးပြုတော့ခြင်း မရှိကြောင်း အဖိုးမန်ငွေဝင်းက ပြောဆိုသည်။

အဖိုးမန်ငွေဝင်းသည်  ကျောင်းနေစဉ်က ရွာလွတ် အထက်တန်းကျောင်း၌ မူလတန်းအဆင့်ဖြစ်သည့် စတုတ္ထတန်းတွင် ၃ နှစ်တိတိ တတ်ရောက်ခဲ့သည်။

စတုတ္ထတန်းကို ၃ နှစ် တတ်ရောက်ရခြင်းမှာ ကျောင်းတွင် ကျင်းပသော ဘောလုံးပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် အတန်းမတတ်ခဲ့ခြင်း ဖြစ်သည်။

“အတန်းမတတ်တဲ့ သတင်းကို အဘိုးနဲ့ အမေက ကြားသွားပြီးတဲ့ နောက်ပိုင်းမှာ ငါးတန်းတတ်ခဲ့ရတယ်၊ အဲဒါနဲ့ ခြောက်တန်းရောက်တော့ ကျောင်းထွက်လိုက်တယ်”ဟု အဖိုမန်ငွေဝင်းက ပြန်လည်း ပြောပြနေသည်။
ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက် ကစားခဲ့စဉ်က မြို့နယ်လက်ရွေးစင် ဖြစ်ခဲ့ဖူးကြောင်း ဂုဏ်ယူစွာဖြင့် ပြောသည်။

“ဘောလုံး မကစားရလို့ ကျောင်းထွက်လိုက်တယ်၊ အခုဆို အဘတို့ရဲ့ ကျောင်းနေဘက် သူငယ်ချင်းတွေက အရာရှိကြီးတွေ ဖြစ်သွားတယ်”ဟု အဖိုးမန်ငွေဝင်းက သိမ်ငယ်စွာဖြင့် ပြောဆိုနေသည်။
အဖိုးမန်ငွေဝင်းသည် ဝါသနာပါသော ဘောလုံးကို စွန့်လွှတ်လိုက်ရပေမယ့် အဘိုးဖြစ်သူ၏ ဆေးတံအမွေကို ကျောင်းထွက်ပြီး နောက်ပိုင်းတွင် ကြပ်ကုတ်ကြပ်ခဲ သင်ယူခဲ့သည်။

“စစသင်တုန်းကတော့ အခက်အခဲရှိတယ်၊ နောက်ပိုင်းမှာ စိတ်ဝင်စားလာတော့ ဆေးတံ လုပ်ရတာ လွယ်ကူလာတယ်”ဟု အဖိုးမန်ငွေဝင်းက ဆိုသည်။

“ဆေးတံပုံစံအသစ် ထွင်လို့ပြီးရှိရင် အဘ ပြုံးပြီး ကြည့်နေတတ်တယ်၊ အဘ ပြုံးနေတိုင်း လူတွေက ဒီကောင် ရှုးသွားပြီးလို့ ထင်ကြတယ်၊ အဘ မရှုးသွားပါဘူး၊ စိတ်ဝင်စားသွားလို့ အဲလိုဖြစ်သွားတာဖြစ်တယ်”ဟု ၎င်းက ပြောသည်။
ဆေးတံ ပုံစံအသစ် တစ်ခု လုပ်တိုင်း လုပ်ငန်း အောင်မြင်ဖို့ကိုပဲ ဦးစားပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။

အဖိုးမန်ငွေဝင်းသည် လက်ရှိတွင် ဆေးတံအပြင် ထင်ရှားသည့် ခေါင်းဆောင်းပုံများ၊ အလှတုတ်ကောက်များနှင့် ဘောပင်အပါအဝင် အမျိုးအစား ၄၀ ကျော်ကို ပြုလုပ်ထားသည်။

ဆေးတံ စိတ်ဝင်စားသူများအတွက် ရည်ရွယ်၍ မဆလ ခေတ်က ပြုလုပ်ခဲ့သည့် ဆေးတံပုံစံများကို ပြန်လည် ပြုလုပ်သွားဖို့လည်း ရှိနေပြီး၊ ကမ္ဘာကျော် ခေါင်းဆောင် ပုံစံများကိုလည်း ပြုလုပ်လျက်ရှိသည်။

အဖိုးမန်ငွေဝင်း၏ ဆေးတံ လက်မှုပညာကို အရှေ့တောင်အာရှရှိ နိုင်ငံများအပါအဝင် ဥရောပနိုင်ငံများက လေ့လာသူများလည်း လာရောက် လေ့ရှိသည်။

“ကမ္ဘာကျော် ခေါင်းဆောင်ပုံစံထဲမှာ အိုင်းစတိုင် ပုံစံက လုပ်တဲ့ နေရာမှာ အခက်အခဲဆုံးဖြစ်တယ်၊ အိုင်းစတိုင်ပုံက နည်းနည်း လက်ဝင်တယ်”ဟု အဖိုးမန်ငွေဝင်းက သူအခက်အခဲကို ပြောပြနေသည်။

နိုင်ငံခြားသား အများဆုံး ဝယ်အားပေးသည့် ခေါင်းဆောင်ပုံမှာ အိုင်းစတိုင်နှင့် လင်းကွန်တို့ဖြစ်ပြီး၊ ဟစ်တလာပုံနှင့် ဆက်ဒန်ဟူစိန်များကိုလည်း ပြုလုပ်ခဲ့ဖူးကြောင်း ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ပုံကို မှာယူသူရှိသလောက် လုပ်ပေးသွားမည်ဖြစ်ပြီး၊ လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ပုံ ၁၅ လုံးကို ပြုလုပ်ထားသည်။

ထင်ကရ ခေါင်းဆောင်းပုံများကို တစ်လုံးလျှင် ကျပ် ၃၅၀၀၀ ဖြင့် ရောင်းချနေသော်လည်း နေ့တွက်နှင့် တွက်ကြည့်ပါက အဆုံးပေါ်နေကြောင်း အဖိုးမန်ငွေဝင်းက ဆိုသည်။

“အဘတို့က ကိုယ်လုပ်တာ အောင်မြင်သွားပြီးဆိုးရင် ပီတိကိုဖြစ်လို့၊ ပီတိကို စားအားရှိတယ်၊ အဘတို့ လုပ်တဲ့ လုပ်ငန်း အောင်မြင်သွားပြီးဆိုရင် ပြုံးနေရော ရတဲ့ငွေပမဏာက တစ်ဘက် မကိုက်တဲ့က မကိုက်တာပေ့ါ”ဟု ၎င်းက ပြောသည်။

အဖိုးမန် ငွေဝင်းသည် ဝါသနာအရ ဆေးတံ အလုပ်ကို လုပ်နေသည့်အပြင် ရပ်ရွာ သာရေး နာရေးများကို အဆက်မပြတ် အားရင် အားလို ပြုလုပ်နေသည်။

ဘာသာရေး ကိုင်ရှိုင်းသူ တစ်ဦးဖြစ်သည့်အတွက် ရွာဘုန်းကြီးကျောင်းတွင် နေ့စဉ်နှင့် အမျှ ကျောင်းဝေယဝစ္စများကို ကူညီလုပ်ကိုင်နေသူဖြစ်သည်။

“အဖေက ရွာမှာ ဘာလုပ်လုပ် ထိပ်ဆုံးက အမြဲပါတယ်၊ ဘုန်းကြီးကျောင်းလည်း သွားတယ်၊ ဘုရားဝေယာဝစ္စ တွေလည်း လုပ်တယ်၊ ပရဟိတတွေလည်း လုပ်တယ် လူမှုရေးတွေလည်း များတယ်၊ ဘုန်းကြီးကျောင်းတွေ သွားတာများတယ်”ဟု သမီးဖြစ်သူ မိအေးအေးမာက ဆိုသည်။

“ပြီးတော့ အဖေက လူတွေအပေါ်မှာ စိတ်ကောင်းစေတနာရှိတဲ့ သူတစ်ယောက် ဖြစ်တယ်၊ သူ မရပြီးရော သူများတွေ အဆင်ပြေဖို့ပဲ သူလုပ်တယ်”ဟု ၎င်းက ဆိုသည်။

အဖိုးမန်ငွေဝင်းသည် တခြားသူများ အလုပ်အကိုင် အဆင်ပြေတာကိုပဲ မြင်တွေ့ချင်သူ တစ်ဦးဖြစ်သည်။

“တစ်ခါတစ်လေတော့ ကျွန်တော်တို့ကို ဟောက်ပေးမယ့် ဆရာက စိတ်ကောင်းရှိတယ်၊ ကျွန်တော်တို့အပေါ် အရမ်းကောင်းတယ်”ဟု ဆေးတံပညာ သင်ယူနေသည့်ကို မြစ်သားက ပြောသည်။

အဖိုးမန်ငွေဝင်းသည် သူ၏ ဆေးတံ လက်မှုပညာကို သားဖြစ်သူများကို အမွေပေးသွားရန် ရည်ရွယ်ထား၍ ဆေးတံ ပညာကို သင်ကြားလိုသူများကိုလည်း သင်ကြားပေးသွားဖို့ ရှိနေသည်။

ဆေးတွလက်မှုပညာသည် သင်ယူရာ၌ မခက်ခဲသည့်အတွက် သင်ကြားလိုသူများ အနေဖြင့် စိတ်ဝင်စားမှု ရှိဖို့လိုကြောင်း အဖိုးမန်ငွေဝင်းက ဆိုသည်။

“ဒီဆေးတံ ပညာက စိတ်ဝင်စားလို့ သင်ရင်တော့ တစ်နှစ် နှစ်လောက်ဆို တတ်သွားမယ်”ဟု ၎င်းက ပြောသည်။
အဖိုးမန်ငွေဝင်းသည် သားသမီး ခုနှစ်ယောက် မွေးထားသော်လည်း ဆေးတံပညာကို သားဖြစ်သူ တစ်ဦးသာ သင်ယူလျက်ရှိနေသည်။

လက်ရှိတွင် ချောင်းဆုံမြို့နယ်နှင့် မော်လမြိုင်မြို့နယ်သို့ ဆက်သွယ်ထားသော ဗိုလ်ချုပ်အောင်ဆန်းတံတား ဖွင့်လှစ်ပြီးနောက်တွင် ဆေးတံလုပ်ငန်းကို လာရောက် လေ့လာသူများ ရောက်ရှိလာမည့် အနေအထား တစ်ရပ်ရှိနေပြီး ဆေးတံလုပ်ငန်းလည်း ခေါင်းမော့လာနိုင်မည်။

သို့သော်လည်း ဆေးတံလုပ်ငန်း လုပ်ကိုင်သူ နည်းပါနေခြင်းကြောင့် အဘိုးဖြစ်သူ ဦးညွှန် စတင် တည်ထွင်ခဲ့သော သစ်သားဆေးတံနှင့် ၅၅၅ နာမည်ကို တိမ်းမြှုပ် ပျောက်ကွယ်သွားမည့် အခြေအနေ တစ်ရပ်ကို အဖိုးမန်ငွေဝင်းက ဆက်လက်ထိန်းသိမ်း လက်ဆင့်ကမ်းရတော့ပေမည်။

“အဘ သေသွားရင်လည်း ဒီပညာတွေက အလကားပဲ ဖြစ်သွားမယ်၊ ဒီပညာကို အလကား မဖြစ်စေချင်ဘူး”ဟု အဖိုးမန်ငွေဝင်းက ဆိုလေသည်။

written by – ဇော်ထိုက်

Leave a Reply