ထားဝယ် ၊ ဇန်နဝါရီ 

ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊အင်းကြီးကျေးရွာမြောက်ဘက်ရှိ ရော်ဘာခြံတွင် ဇန်နဝါရီလ ၁၇ရက် မွန်းလွဲပိုင်းက လမ်းသွားလမ်းလာက ဆေးလိပ်မီးစွန့်ပစ်ရာမှ ရော်ဘာပင် ၁၈၀၀ မီးလောင်ကျွမ်းခဲ့ရကြောင်း မောင်းမကန်နယ်မြေရဲစခန်းထံမှသိရသည်။

ယင်းရော်ဘာခြံမှာ ထားဝယ်-မောင်းမကန်ကားလမ်းမကြီး အတွင်းဘက်၊ အမှတ် ၁၀၄ခြေလျင်တပ်ရင်းအနီး၌ တည်ရှိသည်။ ရော်ဘာခြံအကျယ်အဝန်း ၁၁ဧကရှိပြီး ၆ဧကခန့် မီးလောင်ကျွမ်းခဲ့ရကြောင်း ခြံပိုင်ရှင်ကပြောသည်။

“မီးက အောက်ဘက်ကနေတက်လာတယ်။ လေတိုက်နေတော့ ခြံလောင်ရင် လောင်ပါစေ။ တပ်ရင်းနဲ့ရေစက်မီးမလောင်ရင်ရပြီဆိုပြီး ဆုတောင်းမိတယ်”ဟု ရော်ဘာခြံပိုင်ရှင်ကဆိုသည်။

အဆိုပါမီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ ခြံအနီးအနားရှိ အမှတ် ၁၀၄ တပ်ရင်းမှ ရဲဘော်၊ ရဲမေနှင့် တပ်မိသားစုဝင်များ၊ဒေသခံများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ် ၃စီးနှင့် ရေသယ်ယာဉ် တစ်စီး ရောက်ရှိလာပြီး ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၃နာရီခန့်တွင် အပြီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း နယ်မြေခံများထံမှ သိရသည်။

ဖော်ပြပါမီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် ကာလတန်ဖိုး ခန့်မှန်းကျပ် ၂၁၆ သိန်းကျပ်ခန့်ဆုံးရှုံးခဲ့ရသည်ဟု မောင်းမကန်နယ်မြေရဲစခန်းထံမှ သိရသည်။

Written by တင့်လွင်

Leave a Reply