Advertisements

မော်လမြိုင်၊ ဇွန်

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယနေ့အချိန်ထိ (၁၀)နှစ် ကျော်လာပြီဖြစ်သော်လည်း ယင်း ဥပဒေကို သိရှိနားလည်မှု၊ လိုက်နာမှု၊ အရေးယူမှု အားနည်းနေသေးသည်ကို တွေ့ရှိရကြောင်း မွန်ပြည်နယ်၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ဆိုသည်။

ဇွန်လ ၁၅ရက်နေ့က မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ပြုလုပ်သည့် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနား၊ အဖွင့်မိန့်ခွန်းပြောကြားရာ၌ ပြည်နယ်ဝန်ကြီးက ယင်းသို့ သုံးသပ်ခဲ့သည်။

“ဆေးလိပ်သောက်သုံးသူအများစုဟာ ကလေးသူငယ်ဘဝမှာ စတင်စမ်းသပ်သုံးစွဲရင်း စွဲလမ်းသွားကြတာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၄ ခုနှစ် သုတေသနစစ်တမ်းများအရ မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးအမျိုးသားများအနက် (၄၉.၈) ရာခိုင်နှုန်းနှင့် အရွယ်ရောက်ပြီး အမျိုးသမီးများအနက် (၈.၄) ရာခိုင်နှုန်းသည် လတ်တလော ဆေးလိပ်သောက်သုံးနေကြသူများဖြစ်ကြောင်း တွေ့ရှိရသည်။

ထိုမှ တစ်ဆင့် ၎င်းတို့၏ ဆေးလိပ်ငွေ့များကို အမျိုးသား ၃၂.၁ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၄၆ ရာခိုင်နှုန်းသည် ရှုရှိုက်နေရပြီး အမျိုးသား ၆၂.၂ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၄.၁ ရာခိုင်နှုန်းမှာ ကွမ်းယာနှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများကို လတ်တလောတွဲဖက်သုံးစွဲနေကြောင်းတွေ့ရှိရသည့်အတွက် အရှေ့တောင်အာရှဒေသနိုင်ငံများမှာ သုံးစွဲမှု အများဆုံးဖြစ်သည်ဟု ဒေါက်တာထိန်လင်းက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်းမှ FCTC (2030) စီမံချက်ဖြင့် (၄)နှစ်တာ ကူညီထောက်ပံ့ပေးသွားရန် မြန်မာနိုင်ငံအပါအဝင် နိုင်ငံ (၁၅) နိုင်ငံကို ရွေးချယ်ပြီး လိုအပ်မည့် နည်းပညာပိုင်းဆိုင်ရာနှင့် အခြားအကူအညီများ ပံ့ပိုးပေးသွားမည် ဖြစ်သည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှုကြောင့် နှလုံးသွေးကြောပိတ်ခြင်း၊ သွေးခဲ၍ ဦးနှောက်သွေးကြောပိတ်ခြင်း (သို့) သွေးတိုး၍ ဦးနှောက်သွေးကြော ပေါက်ခြင်းတို့ကြောင့် ရုတ်တရက် သေဆုံးခြင်း(သို့) လေဖြတ်ခြင်းနှင့် သွေးကြောများပိတ်၍ ခြေလက်များပုပ်ခြင်း စသည့်ရောဂါများဖြစ်ပွားပြီး သက်တမ်းမစေ့မီ သေဆုံးနိုင်ကြောင်း အများပြည်သူတို့ သိရှိနားလည်ပြီး ရှောင်ကြဉ်နိုင်စေရန် အသိပေး တိုက်တွန်းလိုကြောင်း ၎င်းက ပြောသည်။

ယခုလက်ရှိ မြန်မာနိုင်ငံမှာ နှစ်စဉ် စုစုပေါင်းသေဆုံးမှုများ၏ ၁၇.၆ ရာခိုင်နှုန်း လူဦးရေစုစုပေါင်း ၆၅၆၅၁ ဦးမှာ ဆေးလိပ်ဆေးရွက်ကြီး သောက်သုံးမှုကြောင့် အရွယ်မတိုင်မီ မသေဆုံးသင့်ဘဲ သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တွက်ချက်မှုများအရ သိရှိရသည်။

Written by  ဂေထော

Advertisements
<

Leave a Reply