ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိဇင်းကျိုက်ရေတံခွန်တွင် အရက်သေစာသောက်စားခွင့် ပိတ်ပင်ပေးရန် အစိုးရအဖွဲ့ထံတင်ပြမည် ဖြစ်ကြောင်းဇင်းကျိုက်ရေတံခွန်သန့်ရှင်းသာယာလှပရေးကော်မတီအဖွဲ့ဝင်များကပြောကြားသည်။
zin kyaik

နှစ်စဉ် မိုးရာသီတိုင်းအပန်းဖြေသူအများအပြားလာရောက်လေ့ရှိသောဇင်းကျိုက် ရေတံခွန် တွင် အရက် သောက်သုံးပြီးရေကစားအပန်းဖြေမှုများရှိခြင်းကြောင့် သေဆုံးမှုများရှိကြောင်းအဆိုပါ ကော်မတီဝင်များကဆိုသည်။

ထို့ကြောင့် ဇင်းကျိုက်ရေတံခွန် ကိုအရက်ကင်းရှင်းရေးဇုန်ဖြစ်ရေးအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့ထံတင်ပြကာပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း
အရက်ကင်းရှင်းဇုန်ဖြစ်ရေးအတွက် ကော်မတီအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့များ၊ မြို့နယ် သက်ဆိုင်ရာဌာနများနှင့် တောင်းဆိုညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းဇင်းကျိုက်ရေတံခွန် သန့်ရှင်းသာယာလှပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်ကပြောသည်။

“ဒီရေတံခွန်ကိုလာတဲ့ ၇၅ ရာခိုင်နှုန်းလောက် အပန်းဖြေဖို့ အရက်နဲ့ တွဲပြီးလာကြတယ်၊ ဒါကြောင့် အရက်မူးမူးနဲ့ မသွားသင့်တဲ့ နေရာသွားပြီးလူသေမှုတွေ ဖြစ်လာတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ဇင်းကျိုက်ရေတံခွန် တွင် အရက်သေစာသောက်စားမှုများနှင့် ရေတံခွန်အနီးတွင်လည်းအရက်ရောင်းချမှုများလည်းရှိနေကြောင်းဒေသခံများကပြောကြားသည်။
အဆိုပါ ရေတံခွန်အားအရက်ကင်းမဲ့ဇုန်ဖြစ်ရေးအတွက် လုပ်ဆောင်ရာတွင် အခက်အခဲများရှိပြီးပညာပေးလုပ်ငန်းများကိုလည်းတတ်နိုင်သလောက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဦးထွန်းထွန်းနိုင်ကပြောကြားသည်။

လက်ရှိတွင် ဇင်းကျိုက်ရေတံခွန်ကိုလာရောက်အပန်းဖြေကြသည့် ဧည်သည်များဘေးအန္တရာယ်ကင်းရေးအတွက် အန္တရာယ်ရှိသည့် နေရာများတွင် လေးလက်မသံတိုင် ပေ ၁၃၀ ကိုတံခါးပေါက် သုံးပေါက်ပြုလုပ်ပြီးအကာအကွယ်များ ပြုလုပ်ထားကြောင်းဦးထွန်းထွန်းနိုင်ကပြောသည်။
ထို့အပြင် ရေတံခွန်၏ ရေနက်ပိုင်းများကိုကျောက်များချခြင်း၊ ကန့်သတ်နယ်မြေများမသွားရန် ဆိုင်းဘုတ် ၁၅ ချပ် ထောင်ထားကြောင်း ၎င်းက ပြောဆိုသည်။

ယခင်နှစ်ကဇင်းကျိုက်ရေတံခွန်တွင် ကန့်သတ်ထားသည့် နေရာများကိုသွားရောက်ခြင်းကြောင့် လူခြောက်ဦး ပြုတ်ကျသေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်းအဆိုပါ ကော်မတီအဖွဲ့ထံမှ သိရသည်။

Leave a Reply