မော်လမြိုင်၊ဇွန် ၂ ။ ။ မွန်ပြည်နယ်၊ဇင်းကျိုက်မြို့ရှိ ကျောက်သင်္ဘောရေတံခွန်အပန်းဖြေစခန်း၏ ယာဉ်ရပ်နားခွင့်၊ဘောကွင်း၊နှင့် ပျံကျ ဈေးသည်ဈေးကောက်လိုင်စင်များကို ယခုနှစ်အတွက် လေလံဆွဲရာတွင် လေလံကြေးများ ယခင်နှစ်ထက် ပိုမိုရရှိခဲ့ကြောင်း ပေါင်မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

IMG_5552 copy

၂၀၁၅ ခုနှစ်က ယာဉ်ရပ်နားခွင့်လိုင်စင်အတွက် ကျပ် ၆၇ သိန်းသာလေလံရရှိခဲ့ရာမှ ယခုနှစ်တွင် ၇၇ သိန်းဖြင့် လေလံအောင်ခဲ့ပြီး ဘောကွင်းငှားခလိုင်စင်တွင်လည်း ကျပ် ၂ သိန်းခွဲအထိ လေလံကြေးရရှိခဲ့ရာ ပြီးခဲ့သည့်နှစ်ထက် ငါးသောင်းခန့်ပိုရခဲ့ကြောင်း ပေါင်မြို့နယ် စည်ပင်သာယာရေးကော်မတီ စည်ပင်ဥက္ကဋ္ဌ ဦးမြင့်အောင်ကပြောသည်။
ထို့အတူ ပျံကျဈေးသည်ဈေးကောက်လိုင်စင်တွင်လည်း ယခုနှစ်တွင် ကျပ်သုံးသိန်းခွဲ ဖြင့်လေလံအောင်ခဲ့ သောကြောင့် ယခင်နှစ်ထက် ကျပ်ငါးသောင်းပိုရရှိခဲ့ပြီး လေလံကြေးမှရရှိသည်များကို ဇင်းကျိုက်ရေတံခွန် ဖွံ့ဖြိုးရေးအတွက် အသုံးပြုမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ကျောက်သင်္ဘော အပန်းဖြေစခန်းကို ပုဂ္ဂလိကလေလံပေးခြင်းဖြင့် ရေတံခွန်၏အကျိုးကို စနစ်တကျ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လာရောက်လည်ပတ်သူများပြားလာပါက အဆင့်မြင့် တည်းခိုခန်း၊ စားသောက်ဆိုင် လုပ်ပိုင်ခွင့်များကိုပါဖိတ်ခေါ်သွားရန် ရည်မှန်းထားကြောင်း ပေါင်မြို့နယ် စည်ပင်သာယာရေးကော်မတီ အမှုဆောင် အရာရှိ ဦးထွန်းထွန်းဦးက ပြောသည်။

“ပျံကျဈေးသည်တွေ ပရမ်းပတာအမှိုက်တွေစွန့်ပစ်တဲ့ ဈေးရောင်းသူတွေကြောင့် ရေတံခွန်အလှကို ဖုံးကွယ်ခဲ့တာကို ကျွန်တော်တို့က စနစ်တကျဖြစ်အောင် ဘောင်တစ်ခုနဲ့ ထိန်းလိုက်တဲ့သဘောပါပဲ” ဟု ၎င်းက ထပ်မံဖြည့်စွက်ပြောဆိုသည်။

လေလံဈေးမှာ ပြီးခဲ့သည့်နှစ်ထက်မြင့်တက်လာသော်လည်း ဆိုင်ကယ်နှင့် မော်တော်ယာဉ် အပ်နှံသည့် ဈေးနှုန်းကို သတ်မှတ်သောနှုန်းထားအတိုင်းသာ ကောက်ခံမည်ဖြစ်ကြောင်း ယာဉ်ရပ်နားခလုပ်ကိုင်ခွင့်ကို သုံးနှစ်ဆက်ရရှိခဲ့သည့် ဦးသန့်ဇင်ဌေးက ပြောကြားသည်။

မွန်ပြည်နယ် ဇင်းကျိုက်မြို့ရှိ ကျောက်သင်္ဘောရေတံခွန် အပန်းဖြေစခန်းလုပ်ကိုင်ခွင့်လိုင်စင်များကို ယခင်နှစ်က တစ်ခုတည်းသာလုပ်ကိုင်ခွင့်ချပေးခဲ့ရာမှ ယခုနှစ်တွင် ယာဉ်ရပ်နားခလိုင်စင်၊ ရေတံခွန် ရေကူးကန်ဘောကွင်း ငှားရမ်းခ လိုင်စင်နှင့် ရေတံခွန် ပျံကျဈေးသည် ဈေးကောက်လိုင်စင်များ အဖြစ်စတင်ခွဲခြားခဲ့ကြောင်း ပေါင်မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ယခုနှစ်အတွက် အပန်းဖြေစခန်းလေလံကို ပေါင်မြို့နယ်စည်ပင်သာယာရေးကော်မတီတစ်ခုတည်းက လုပ်ကိုင်ခြင်းဖြစ်ပြီး ယာဉ်ရပ်နားစခန်းအတွက် လေလံဝင်ပြိုင်သူ လေးဦး၊ ဘောကွင်း ငှားရမ်းခ လိုင်စင်အတွင်နှစ်ဦးနှင့် ပျံကျဈေးသည် ဈေးကောက်လိုင်စင်အတွက် သုံးဦးသာ ရှိခဲ့သည်။

နော်ဘတ်တီဟန်

Leave a Reply