Advertisements

မော်လမြိုင်၊ အောက်တိုဘာ ၈

ပေါင်မြို့နယ်ရှိ ဇင်းကျိုက်ရေတံခွန် လုပ်ငန်း လိုင်စင် ၂ ရပ်ကို ကျပ်သိန်း ၁၇၀ ကျော်ဖြင့် လေလံတင်ရောင်းချခဲ့ကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ပြောကြားသည်။

ထိုသို့ လေလံတင်ရောင်းချရာတွင် ရေတံခွန်ဈေးကောက်ခ လိုင်စင်ကို ကျပ် ၁၀ သိန်းကျော်၊ ယာဉ်ရပ်နားခ လိုင်စင်ကို ကျပ်သိန်း ၁၆၀ ဖြင့် စက်တင်ဘာလကုန်တွင် ရောင်းချနိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“နောက်လုပ်ငန်း တစ်ခုဖြစ်တဲ့ ဘောကွင်းငှားရမ်းမှုကတော့ ကြမ်ခင်းဈေး ၇ သိန်းပေးပေမယ့် ဈေးမကိုက်လို့ ဝယ်သူ မရှိခဲ့ဘူး”ဟု ၎င်းက ဆိုသည်။

ယခု လိုင်စင် အောင်သူများအနေဖြင့် ယခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ စက်တင်ဘာ ၃၀ ရက်အထိ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း ဒေါ်အေးအေးခိုင်က ပြောသည်။

ဇင်းကျိုက်ရေတံခွန်တွင် ရေချိုးခန်း၊ အိမ်သာများကို အဆင့်မီအောင် ပြင်ဆင်ထားပြီး သန့်ရှင်းမှုပိုင်းကိုလည်းပိုမိုလုပ်ဆောင်ထားသည်ကို တွေ့မြင်ရကြောင်း ဇင်းကျိုက်မြို့ခံ တစ်ဦးက ဆိုသည်။

လက်ရှိတွင် ရေတံခွန်၌ လုံခြုံရေးအတွက် စီစီတီဗီ ကင်မရာများကို တပ်ဆင်ထားပြီး၊ အန္တရာယ်ရှိသည့်နေရာသို့ မသွားရောက်ရန် သတိပေးကြေညာစာများကိုလည်း ကပ်ပေးထားကြောင်း ၎င်းက ပြောသည်။

Written by ထိုက်ထိုက်

Leave a Reply