Advertisements

မော်လမြိုင်၊ စက်တင်ဘာ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ရှိ  အကျဉ်းဦးစီး  ကျောက်ထုတ်လုပ်ငန်းတွင် မိုင်းခွဲရာမှာ ကျောက်လွင့်စင် မှုများကြောင့် ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောကြားသည်။

စက်တင်ဘာလ ၂၃ ရက်နေ့က ကျင်းပပြုလုပ်သော မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ပြည်ထဲရေး လက်အောက်ရှိ  ဇင်းကျိုက် အကျဉ်းဦးစီး၏ ကျောက်မိုင်းခွဲခြင်းနှင့် ပတ်သက်ပြီး မေးခွန်းမေးမြန်းရာတွင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်အစိုးရ လက်ထက်ကတည်းကလူထိခိုက်သေဆုံးမှုရှိခဲ့ပြီး လက်ရှိ အစိုးရ သက်တမ်းတွင် ဆက်လက်ဖြစ်ပေါ်နေသော်လည်း အရေးယူဆောင်ရွက်မှု မရှိကြောင်း ဦးဇော်ဇော်ထူးက ဆိုသည်။

ယခုနှစ် မေလနှင့် ဇွန် လများတွင် ကျောက်မိုင်းခွဲခြင်း ကြောင့် ထိုက်ခိုက်ဒဏ်ရာရမှုရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“ ထိခိုက်တာက အသေးဆုံး ကျောက်အရွယ်အစားက ခေါင်မိုးကို ပေါက်တယ်။ ဝါးတန်းကိုထိတယ်၊ လူကို ဆက်ထိပြီး ဖြစ်သွားတဲ့ အနေအထားပေါ့နော်။ပြီးခဲ့တဲ့ ၂၀၁၈ မှာလည်း ၂ ကြိမ်ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာလည်း လူသေမှုတစ်ကြိမ် ဖြစ်ခဲ့တယ်” ဟု ဦးဇော်ဇော်ထူးက ဆိုသည်။

ဒေသခံများနှင့် ညှိနှိုင်းမှုရပ်မိရပ်ဖတို့၏ တောင်းဆိုချက်များအရ နေ့လယ်၁နာရီနှင့် ၂နာရီကြားတွင် ယမ်းဖောက်ခွဲမှုပြုလုပ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ဆိုသည်။

ယင်းကဲ့ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး  လာမည့် အပတ်တွင် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ကာ ကျောက်မိုင်းခွဲသည့်နည်းစနစ်ကို  အပြောင်းအလဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ယမ်းကိုတစ်နေရာထဲမှာ အားပြုပြီး လုပ်ရတဲ့ ယမ်းဖောက်ခွဲမှုမျိုး လုပ်မလား။ ကာဗာထားပြီးတော့ လုပ်မလား၊ မျက်နှာစာ ပြောင်းလဲပြီးတော့မှ လူနေအိမ်ခြေနဲ့ လွတ်တဲ့ မျက်နှာစာဖောက်ခွဲမှုအတွက် ဆောင်ရွက်မလားဆိုတဲ့ အနေအထားကို ကွင်းဆင်းဆောင်ရွက်ပေးပါ့မယ်” ဟု ဗိုလ်မှူးကြီး နေထွဋ်ဦးက ဆက်လက်ရှင်းပြသည်။

ယင်းသို့ ပြုလုပ်ဆောင်ရွက်ပြီး နောက်ပိုင်းတွင် ဆက်လက်ပြီး ပြဿနာများ ဖြစ်ပွားမည်ဆိုပါက  တရားဥပဒေအရ ဝန်ထမ်းစည်းမျဉ်းများနှင့် အညီအရေးယူသွားမှာ ဖြစ်ကြောင်း၎င်း ကဆိုသည်။

မွန်ပြည်နယ် လမ်းခင်းကျောက်ထုတ်လုပ်မှုကို သထုံခရိုင်တွင် ၆၄ ခုနှင့် မော်လမြိုင်ခရိုင်တွင် ၂၇  ရှိပြီး ပေါင်မြို့နယ်တွင် ၂၃ ခု ခွင့်ပြုထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး စာရင်းများအရ သိရသည်။

ရန်လင်းအောင်

Advertisements
<

Leave a Reply