မော်လမြိုင်၊ မတ် ။ ။ ၂ဝ၁၇ နှစ်စပိုင်းမှစ၍ မတ်လ ၁၄ ရက်အထိ စည်းကမ်းပျက် မော်တော်ဆိုင်ကယ် ၁၃၂၆ စီးနှင့် ယိုးဒယား (ထိုင်းနိုင်ငံ) နံပါတ်ပြား တပ်ဆင်အသုံးပြုသည့် မော်တော်ဆိုင်ကယ် ၁၁ စီး ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိ်ုင်ဦးက ပြောကြားသည်။

မတ်လ ၁၆ ရက်က ပြုလုပ်ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယမြောက်နေ့တွင် သထုံမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ မွန်ပြည်နယ်အတွင်းရှိ တရားမဝင် နံပါတ်ပြားများ တပ်ဆင်ထားသည့်ယာဉ်များကို ဖမ်းဆီးအရေးယူမှုနှင့် ပတ်သက်သည့် မေးခွန်းနှင့် စပ်လျဉ်း၍ ၎င်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။

“မွန်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ လမ်းညွှန်ကြီးကြပ်မှုနှင့် ယာဉ်ထိန်းရဲများက ယိုးဒယားနံပါတ်ပြားတပ် မော်တော်ဆိုင်ကယ်များ၊ စည်းကမ်းမဲ့မော်တော်ဆိုင်ကယ်များကို စဉ်ဆက်မပြတ် ဖမ်းဆီးနေပါတယ်”ဟု ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ဆိုသည်။

ထို့ပြင် 9 KV အက္ခရာတပ်ဆင်ထားသည့် ယာဉ်များကို မည်သည့်ဌာနတွင်မှ မှတ်ပုံတင်ထားခြင်း မရှိကြောင်းနှင့် အဆိုပါယာဉ်များကိုလည်း တရားဝင်မောင်းနှင့် အသုံးပြုခွင့် မပေးထားကြောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ဆက်လက်ပြောသည်။

ဝန်ကြီး၏ အဖြေကို ယျေဘူယျအားဖြင့် ကျေနပ်သော်လည်း 9 KV တံဆိပ်တပ်ထားသည့် ယာဉ်မျိုးကိုလည်း ဖမ်းပါမည်ဟူသော တိကျသည့် အဖြေမျိုးကို ပို၍လိုချင်ကြောင်း ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“တစ်ချို့ကားဆို မဖမ်းရဲဘူးလေ၊ 9 KV တံဆိပ်လိုကားမျိုးဆိုရင် ဖမ်းဖို့ကြောက်နေကြတာ၊ အခုလွှတ်တော်မှာ ဖြေသွားပြီဆိုတော့ ဖမ်းလို့ရသွားပြီပေါ့”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် နှစ်အတွင်းက မွန်ပြည်နယ်အတွင်း ယိုးဒယားနံပါတ်ပြား တပ်ဆင်ပြီးမောင်းနှင်နေသော ဆိုင်ကယ် အစီး ၆၀နှင့် စည်းကမ်းပျက်မောင်းနှင့်သည့် မော်တော်ဆိုင်ကယ် ၁၅၈၆ စီး ဖမ်းဆီးအရေးယူနိုင်ခဲ့ကာ ဆက်လက်ဖမ်းဆီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ဆက်လက်ပြောသည်။

Written by – ဖိုးဝ

Leave a Reply