‘ဇ’အတွက် အခြေခံ ၇ ခု

အလေ့အကျင့်ကောင်းတွေဟာ ဘဝမှာ အောင်မြင်မှုတွေ ရရှိဖို့ ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း အလေ့အကျင့်တွေအပြင် ပြည့်မှီတဲ့အရည်အချင်းတွေ ရှိဖို့ကလည်း အဓိက လိုအပ်ပြန်ပါတယ်။ ဘယ်လိုအရည်အသွေးမျိုးတွေက အောင်မြင်မှုတွေ ရရှိဖို့ အထောက်အကူ ပြုပေးနိုင်လဲဆိုတာ ဖော်ပြပေးချင်ပါတယ်။

အရည်အချင်းတိုးတက်လာဖို့ အဓိက အခြေခံအုတ်မြစ် ၇ ခုပါပဲ။

၁. ဖန်တီးနိုင်စွမ်း။

ပြောရရင်တော့ အတွေးအခေါ် အားကောင်းဖို့ပါ။ အတွေးအခေါ် မြင့်မားမယ် ဆိုရင် သူများနဲ့မတူတဲ့ အမြင်တွေနဲ့ ပြသနာတွေ ဖြေရှင်းနိုင်ပါတယ်။ အခြေအနေပေါ်မူတည်ပြီး ထွက်လာတဲ့ ဖြတ်ထိုးဉာဏ်နဲ့ ဆုံးဖြတ်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းတွေက သာမန်ထက်ပိုတဲ့ အောင်မြင်မှုတွေ ရရှိနိုင်ပါတယ်။ ဒီလို ဖန်တီးနိုင်စွမ်း ရှိဖို့ကတော့ စာဖတ်ခြင်း၊ စူးစမ်းလေ့လာခြင်း၊ တရားထိုင်ခြင်း စတဲ့ အလေ့အကျင့်ကောင်းတွေကို မွေးမြူထားဖို့ လိုပါတယ်။

၂. သင်ယူလေ့လာနိုင်စွမ်း။

အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ကိုယ်မသိသေးတဲ့ အရာတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် အမြဲတစေ လေ့လာသင်ယူနေဖို့ လိုအပ်ပါတယ်။ သိသင့်သလောက် သိရှိ တတ်မြောက်ထားပြီး ဖြစ်မယ်ဆိုရင်တောင် အခွင့်အလမ်းသစ်တွေ၊ လမ်းကြောင်းသစ်တွေက အမြဲတစေ ပေါ်ထွက်နေမှာ ဖြစ်တဲ့အတွက် ခေတ်နဲ့အညီ လေ့လာဆည်းပူးနေဖို့ လိုပါတယ်။

၃. မှတ်ဉာဏ်စွမ်းအား။
သင်ယူထားတာတွေ ဘယ်လောက်ပဲများပါစေ… မှတ်သားပြီး ပြန်လည်အသုံးမချနိုင်ရင် အလကားပါပဲ။ သင်ယူတတ်မြောက်ခဲ့တဲ့ သင်ခန်းစာတွေနဲ့ ပညာရပ်တွေ၊ အတွေ့အကြုံတွေကို ပြန်အသုံးချဖို့ အဓိကလိုပါတယ်။ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံထဲက အဆိုးအကောင်းတွေကို ဝေဖန်ပိုင်းခြားပြီး မကောင်းတဲ့ မှတ်ဉာဏ်တွေကို ရှင်သန်အောင် မွေးမြူမထားဖို့လဲ လိုအပ်ပါတယ်။

၄. အာရုံစူးစိုက်နိုင်စွမ်း။
တချို့တွေမှာ ရှိတတ်ကြပါတယ်။ အလုပ်သာလုပ်နေပေမယ့် အာရုံစူးစိုက်မှုမရှိဘဲ စိတ်တွေပျံ့လွင့်နေတတ်ကြတာမျိုးပါ။ ဒီလိုဖြစ်နေမယ်ဆိုရင်တော့ အလုပ်လုပ်နေလဲ အပေါ်ယံပဲဖြစ်ပြီး ရသင့်တဲ့ ပညာနဲ့ အတွေ့အကြုံတွေကို ရယူနိုင်မှာ မဟုတ်ပါဘူး။ ဘယ်အလုပ်မျိုးကိုမဆို စိတ်နှစ်ပြီး စူးစိုက်လေ့လာမှသာ အဓိပ္ပါယ်ရှိမှာ ဖြစ်ပါတယ်။ အဲ့ဒီကနေမှ ပိုမိုမြင့်မားတဲ့ ရည်မှန်းချက်တွေ ပန်းတိုင်တွေဆီ အရောက်သွားနိုင်မှာ ဖြစ်ပါတယ်။

၅. တက်ကြွခြင်း။
ပျော်ရွှင်တက်ကြွစွာ နေတတ်ခြင်းကလည်း အရည်အချင်းတစ်မျိုးပါပဲ။ အခက်အခဲတွေ၊ ပြသနာတွေ ရင်ဆိုင်ကြုံတွေ့ရမှာပဲ ဆိုပေမယ့် အဆိုးတွေကို တတ်နိုင်သမျှ မေ့ထားပြီး အဓိကလိုအပ်ချက်တွေကိုပဲ အာရုံစိုက်နိုင်မှသာ ပျော်ရွှင်တက်ကြွနေနိုင်မှာပါ။ အလုပ်လုပ်တဲ့အခါ တက်တက်ကြွကြွ ရှိမှသာ အားပြည့်အင်ပြည့်နဲ့ အလုပ်တာဝန်တွေကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ တက်တက်ကြွကြွမရှိရင်တော့ အလုပ်လုပ်ရတာ မပျော်နိုင်ဘဲ ဘဝနေထိုင်မှုပုံစံကိုပါ ထိခိုက်လာနိုင်စေပါတယ်။

၆. အချိန်စီမံခန့်ခွဲနိုင်စွမ်း။
ဒါဟာ အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။ ပုံမှန်လုပ်နေကျကိစ္စတွေကိုပဲ အမြဲတမ်းလုပ်နေရမယ်လို့ မပြောနိုင်ပါဘူး။ ဒါကြောင့် အလုပ်တွေပိလာတဲ့အခါ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေအတွက် အချိန်ပေးဖို့ လိုလာတဲ့အခါမှာ အချိန်ကို ကောင်းစွာ စီမံခန့်ခွဲနိုင်ဖို့ လိုအပ်ပါတယ်။

၇. အလေ့အကျင့်ကောင်းများရှိခြင်း။
အထက်ကပြောခဲ့တဲ့ အချက်တွေ အားလုံးက တခါတလေမှ ထလုပ်လို့ အောင်မြင်နိုင်တဲ့အရာတွေ မဟုတ်ပါဘူး။ ဒါကြောင့် ကောင်းတဲ့အကျင့်တွေရဖို့ အလေ့အထတွေ အဖြစ် အရင်ဦးဆုံး ပျိုးထောင်ထားဖို့ လိုအပ်ပါတယ်။

အခုပြောခဲ့တဲ့ အချက် (၇) ချက်ကတော့ အောင်မြင်မှုတွေ ရရှိနိုင်ဖို့ အခြေခံ အုတ်မြစ်တစ်ခုပါပဲ။ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ အရည်အချင်းတွေ ပြည့်ဝပြီးသား လူတစ်ယောက်အနေနဲ့ လုပ်ငန်းခွင်နဲ့ ဘဝနေထိုင်မှုပုံစံတစ်ခုလုံးမှာ တိုးတက်မြင့်မားဖို့ မလွဲဧကန်ပဲ ဖြစ်ပါတယ်။

Audrey Chann

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.