ချောင်းဆုံ၊ အောက်တိုဘာ ။ ။ ချောင်းဆုံမြို့နယ်တွင် ဇာတ်ပွဲကပြရန် ခွင့်ပြုမိန့်ရယူရာ၌ နိုင်ငံတော်မှတရားဝင်သတ်မှတ်ချက် အခကြေးငွေများမှလွဲ၍ ယခင်ကပေးဆောင်နေခဲ့ရသည့် တရားမဝင်သောအခြားပေးဆောင်ရန် ကိစ္စများကိုပေးရန်မလိုတော့ကြောင်း ချောင်းဆုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

zat-copy-copy

“ပွဲခွင့်ပြုမိန့်ရယူရာမှာတစ်နေရာတည်းတော့မဟုတ်ပါဘူး မြို့နယ်စည်ပင်၊မြို့နယ်ရဲစခန်း၊ကျန်းမာရေးဌာန၊ မီးသတ်ဦးစီးဌာန၊လျှပ်စစ်ဦးစီးဌာန၊ တပ်ရင်းတပ်ဖွဲ့ဌာနများစွာတို့မှာဆိုင်ရာဆိုင်ရာထောက်ခံချက်တွေ ရယူရမှာဖြစ်တယ်၊နိုင်ငံတော်ကသတ်မှတ်ထားတဲ့ ဇာတ်ပွဲကပြခွင့်အတွက် တစ်ညကိုတစ်သောင်းကျပ် တရားဝင်ပေးဆောင်ရမှာဖြစ်တယ်”ဟု ချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုဦးစီးမှူး ဦးမြတ်ထွန်းအောင်ကဆိုသည်။

ချောင်းဆုံမြို့နယ်တွင် ယခင်နှစ်ကဇာတ်ပွဲကပြခွင့်ပြုမိန့် ရယူရာ၌ ရှစ်သောင်းကျော်ကုန်ကျမှုရှိနေသေးကြောင်း၊တပ်မတော်အစိုးရလက်ထက်တွင် ချောင်းဆုံမြို့နယ်၌ ဇာတ်ပွဲကပြခွင့်ပြုမိန့် ရယူရာတွင် တပ်ရင်းတပ်ဖွဲ့နှင့်ဌာနဆိုင်ရာများအားသုံးသိန်းလေးသောင်းကျော်ထိပေးဆောင်ခဲ့ရကြောင်းယခုအခါ လေးသောင်းဝန်းကျင်သာကုန်ကျ၍ ပေးဆောင်ရမှု များစွာကွာဟခဲ့ကြောင်းကညှော်ကျေးရွာမှ ပွဲဒကာဦးစိုးသိန်းကပြောဆိုသည်။

ချောင်းဆုံမြို့နယ်ရှိကျေးရွာများတွင် ကထိန်ပွဲ ၊ဆွမ်းကြီးလောင်းပွဲ၊ ရွာစဉ်ရိုးရာဘုရားပွဲ၊ ရှင်ဥပဂုတ္တ ပူဇော်ပွဲ၊ဘုန်းကြီးပျံပွဲတို့တွင်ဒေသခံများဇာတ်ပွဲသွင်းလေ့ရှိပြီးဒေသတွင်နှစ်စဉ်ပွဲအကြိမ်ရေ ၁၅၀ ကျော်ရှိကြောင်းဒေသခံများထံမှသိရသည်။

“ယခင်အစိုးရလက်ထက်ကချောင်းဆုံမြို့နယ်မှာဇာတ်ပွဲတစ်ကြိမ်သွင်းမယ်ဆိုရင် ဌာနဆိုင်ရာအဖွဲ့ပေါင်းစုံကိုပေးခဲ့ရတာသုံးသိန်းကျော် ရှိခဲ့တယ်၊ အရင်နှစ်ကလည်းရှစ်သောင်းကျော်ကုန်ကျနေသေးတယ်၊အခုနှစ်မှာလေးသောင်းကျော် ကုန်တယ်ဆိုတော့ အပြောင်းအလဲတွေ မြို့နယ်မှာအပြောင်းအလဲတွေရှိလာပြီလို့ဆိုရမယ်”ဟုသက္ကောကျေးရွာမှ ဦးပေါက်ကျိုင်းကပြောသည်။

ချောင်းဆုံမြို့နယ်တွင် ဇာတ်ပွဲကပြခွင့်ပြုမိန့်ရယူရာတွင် ယခင်ကပေးဆောင်ရသောကုန်ကျငွေများခဲ့၍ ယခုကဲ့သို့ငွေကြေးပေးဆောင်ရမှု သက်သာလာခြင်းအပေါ် ဒေသခံများအတွက်အထူးအဆန်းဖြစ်နေကြောင်းဇာတ်ပွဲခွင့်ပြုမိန့်ရယူရာတွင်လည်းဌာနဆိုင်ရာများမှ မကျစ်မရစ်ဘဲလုပ်ဆောင်ပေးကြောင်းဒေသခံများထံမှသိရသည်။

Leave a Reply