ချောင်းဆုံ၊ အောက်တိုဘာ

ချောင်းဆုံမြို့နယ်ရှိ ရပ်ကွက်ကျေးရွာများ၏ ဘုရားပွဲတော် ဖျော်ဖြေရေး ဇာတ်ပွဲခင်းအတွင်းမှ ဆိုင်ကယ်များ လိုက်လံခိုးယူနေသည့် လူငယ်လေးဦးကို အောက်တိုဘာ ၁၇ ရက်နေ့က ချောင်းဆုံမြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ ပိတ်ဆို့ရှာဖွေ ဖမ်းဆီးထားကြောင်း သိရသည်။

ဆိုင်ကယ်များ လိုက်လံခိုးယူသူများမှာ ကောင်းနေဝင်း (ခ) ကျော်ထက် (၂၂ နှစ်)၊ မင်းထက်သာ (၁၉ နှစ်) မြိုင်သာယာရပ်ကွက်မှ မင်းဇော် (၂၂ နှစ်)ပဲခူးချောင်ရပ်၊ ရွှေမြိုင်သီရိရပ်ကွက်မှ သန့်ဇင် (ခ) အမွှေးနီ (၂၃ နှစ်)တို့ ဖြစ်ကြောင်း ရဲစစ်ဆေးချက် မှတ်တမ်းအရ သိရသည်။

“သူတို့တွေ(ဆိုင်ကယ်သူခိုး)ပွဲခင်းတွေဆီက ဆိုင်ကယ်တွေလိုက်လံခိုးယူပြီးမော်လမြိုင်ကိုပြန်တဲ့အချိန်မှာ ကညှော်ရွာထိပ်ကနေပြီးတော့ ညဘက်ပိတ်ဆို့ပူးပေါင်းရှာဖွေစစ်ဆေးရေး ရဲတပ်ဖွဲ့ဝင်တွေကဖမ်းမိခဲ့တာ”ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိ ရဲအရာရှိတစ်ဦး ပြောဆိုသည်။

ဆိုင်ကယ်များ လိုက်လံခိုးယူသူ ကောင်းနေဝင်း (ခ)ကျော်ထက် အပါအဝင် လူငယ်လေးဦးကိုချောင်းဆုံမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (ဆိုင်ကယ်) ၊ ၁၁၄ အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ချောင်းဆုံမြို့နယ်ရဲတပ်ဖွဲ့၌ လက်ရှိအချိန်တွင် ကောင်းနေဝင်း (ခ)  ကျော်ထက်  အပါလူငယ်လေးဦး လိုက်လံခိုးယူထားသည့်  ဆိုင်ကယ် ၆ စီးကိုသိမ်းဆည်းရမိထားပြီး ဆိုင်ကယ်များ ပျောက်ဆုံးနေသောပြည်သူများအနေဖြင့် မိမိတို့၏ပျောက်ဆုံးခဲ့သည့်ဆိုင်ကယ်များ  ဟုတ် မဟုတ် လာရောက်ကြည့်ရှုနိုင်ကြောင်းလည်း ချောင်းဆုံမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိတစ်ဦးက ဆိုသည်။

ခေတ်မင်း

Leave a Reply