Advertisements

လူနေအိမ်များ၏ ဘုရားခန်းနှင့် အထွဋ်အမြတ်ထားရာ နေရာတိုင်းတွင် အသက် ၉ နှစ် အရွယ် ကိုရင်လေးပုံ၊ အသက် ၂၀ ဝန်းကျင်ခန့်ရှိသော ဂျပန်အီမို ဆံပင် ပုံစံနှင့် လူငယ် ပုံကို ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူ ပူဇော်ထားသည်။ ထိုကိုရင်လေး သို့မဟုတ် လူငယ်လေး နှင့် အတူ ဗုဒ္ဓရုပ်ပွားတော်ပုံ၊ အသက် ၈၀ အရွယ် ဘုန်းတော်ကြီး ဆရာတော် နှစ်ပါးပုံကိုလည်း အတူယှဉ်ကာ ကိုးကွယ်ထားသည်။ အသက် ၈၀ ရွယ် ဘုန်တော်ကြီး နှစ်ပါးမှာ အလံတရာ ဆရာတော်ကြီးနှင့် သားတော် အရိယာဝံသတို့ဖြစ်သည်။
ယင်းမြင်ကွင်းသည် အောက်တိုဘာလအလယ်ပိုင်းက ခေတ်သစ် ပန်းဦးလွှတ်ပွဲဟု ကျော်ကြားလာခဲ့သော သထုံမြို့နယ်၊ ဇရစ်ချောင်းကျေးရွာရှိ အလံတရာ သာသနာပြု ဒေသကြီး၏ နေအိမ်တိုင်း၌ တွေ့မြင်ရသည်။

ထိုလူငယ်သည် ကိုရင် ဘဝနှင့် တစ်ဖုံ၊ လူဝတ်အဖြစ် သဏ္ဍာန် ကိုရင်လေး၊ ခွန်တန်၊ ဇာတ်လိုက်၊ ဓမ္မရာဇာ၊ ခွန်အောင်အဖြစ် နာမည် ငါးမျိုးဖြင့် ကျော်ကြားလာသူဖြစ်သည်။
ခွန်တန် ခေါ် ဇာတ်လိုက်သည် မိန်းမရှုတ်ခြင်း၊ မူးယစ်ရမ်းကားခြင်းဟူသော အမည်ဆိုးအဖြစ် ကျော်ကြားမှုနှင့် အတူ အလံတရာ နယ်မြေ၏ အဖြူရောင် ပိတ်ကားကြီးသည် အမဲစက်များ စွန်းထင်လာသည်။

ပအိုပ့်၊ ကရင်၊ ဗမာ၊ မွန်တို့ နေထိုင်သော အလံတရာနယ်မြေတွင် အိမ်ခြေ ပေါင်း ၆၈၀ ခန့်ရှိပြီး၊ လူဦးရေ ၁၇၀၀ ကျော်ရှိကာ ပအိုပ့်လူမျိုး ၈၅ ရာခိုင်နှုန်းကျော် နေထိုင်သည်။ နေထိုင်သူ အများစုသည် ခွန်တန်ကို ယုံကြည်ကြ၍ လူနည်းစုကသာ မယုံကြည်ပေ။

 

အလံတရာနှင့် ခွန်တန်
အလံတရာ သာသနာပြုဌာနကြီးကို အဘိဓဇအဂ္ဂမဟာ သမ္ဓမ္ဒဇောတိကဘွဲ့ရ အလံတရာဆရာတော်က တည်ထောင်ခဲ့ပြီး၊ ဆရာတော်ကြီးရှိစဉ်က အဆိုပါ သာသနာမြေကို အတွင်း၊ အပြင် ရပ်ကွက် ၁၂ ရပ်ကွက်ခွဲကာ သက်သက်လွတ်စားမြေနှင့် မစားလည်းနေနိုင်သော သာသနာပြု နယ်မြေအဖြစ် သတ်မှတ်ထားပေသည်။

သက်သက်လွတ်စားရသော အတွင်း ခြောက်ရပ်ကွက်ကို ဗုဒ္ဓသစ္စာ၊ ဘောဂ၊ ဘိုသိကြား၊ ဘိုးဘိုးအောင်၊ ဝိဇ္ဇာ၊ ဗြမ္မာရပ်ကွက်ဟူ၍ ခွဲခြားထားကာ၊ သက်သက်လွတ်မစားဘဲ သာသနာပြုနိုင်သော ခြောက်ရပ်ကွက်ကို အောင်မင်္ဂလာ၊ အောင်ချမ်းသာ၊ လေသာကုန်း တောင်၊ အနောက်၊ အရှေ့၊ မြောက်ဟူ၍ ရပ်ကွက် ခြောက် ရပ်ကွက်ခွဲထားသည်။

သက်သက်လွတ်စားရသော အတွင်း ခြောက်ရပ်ကွက်တွင် နေထိုင်ပြီး သာသနာပြုလိုသော ရဟန်း၊ ရသေ့မ၊ လူပုဂ္ဂိုလ်တို့သည် စက်ဘီး မစီးရ၊ နာရီ မပတ်ရ၊ ရေဒီယို မနားထောင်းရ၊ စီးပွားမရှာရဟုဆိုကာ ကတိသစ္စာပြု၍ နေထိုင်ကြရန် ဆရာတော်ကြီးက စည်းကမ်းသတ်မှတ်ထားသည့်အပြင် ဘုရား ဝေယျာဝစ္စများကို အချိန် မရွေး လုပ်ဆောင်နိုင်သူများကိုသာ မြေကွက်ပေးထားပြီး၊ နေထိုင်လိုပါက ဆန် တစ်တင်းကို ဘုရားထံ လှူဒါန်းကြရသည်။

အလံတရာ ဆရာတော်ကြီးသည် အလံတရာ စေတီတော်ကို ၁၀ နှစ်သားအရွယ် ရသေ့ငယ်တစ်ပါး၏ လက်အလံတစ်ရာဖြင့် တိုင်းထွာကာ မြန်မာသက္ကရာဇ် ၁၃၁၄ မှ ၁၃၃၄ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ကျော်ကြာ တည်ဆောက်ခဲ့ပြီး၊ စေတီကို မြေ၊ ကျောက်၊ သစ်စေးများဖြင့် တည်ထားကာ စေတီ ဉာဏ်တော်အမြင့် ၃၇၅ ပေ ရှိသည်။ အဆိုပါ စေတီတော်ကို သုံးကြိမ် တိုင်တိုင် တည်ဆောက်ပြီးမှ အောင်မြင်ခဲ့ခြင်းဖြစ်ပေသည်။

အလံတရား ဆရာတော်သည် မြန်မာသက္ကရာဇ် ၁၃၅၆ ခု (၁၉၉၄) ခုနှစ် တွင်ပျံလွန်တော်မူသည်။ ဆရာတော် ပျံလွန်ပြီး နောက်ပိုင်းတွင် သားတော် ဦးဇင်း အရိယာဝံသမှ ထပ်မံ တာဝန်ယူ၍ သာသနာပြုခဲ့သည်။ ခွန်တန်သည် ၂၀၀၃ ခုနှစ် ကိုးနှစ်သား အရွယ်တွင် အလံတရားသို့ ရောက်ရှိလာခဲ့သည်။

အလံတရာ ဆရာတော် ပျံလွန်တော်မူပြီး ရှစ်နှစ်ခန့် အကြာတွင် သားတော် ဦးဇင်း အရိယာဝံသ၏ အိပ်မက်အရ ရှမ်းပြည်နယ် ဟိုပုန်း၌ ထူးခြားသော ကလေးငယ် တစ်ယောက် ပေါ်ထွန်းနေကြောင်း ပြောဆိုမှုကို ဘုရားပုံ နယ်စုံလှည့် ရောင်းသည့် ဦးလှထွန်းနှင့်အတူ ဖိုးသာအောင်က အလံတရာ ဆရာတော်ဝင်စားည်ဟုဆိုကာ ကောက်ချက်ချပြီး ခွန်တန် ခေါ် ဇာတ်လိုက်ကို အလံတရာသို့ ခေါ်ဆောင်လာခဲ့ကြောင်း ခွန်တန် ဖြစ်စဉ်ကို စုံးစမ်းဖော်ထုတ်နေသည့် ဗိုလ်ကြီးဟောင်း ဦးခင်မောင်ကြည်က ပြောသည်။

ခွန်တန်သည် အလံတရား ဆရာတော် ဝင်စားသည်ဟုဆိုသော်လည်း ဆရာတော်နှင့် လက္ခဏာ မတူပေ။ အလံတရား ဆရာတော်က သာသနာပြုသူတိုင်းသည် ဦးဆံပင် ကတုံး၊ အကျီ အဖြူ၊ ယောဂီရောင် လုံချည်ကိုသာ ဝတ်ဆင်ကြရန် မှားကြာထားသည်။ ခွန်တန်မူကာ လက်တက်တူး၊ ပျောက်ကြား အင်္ကျီများကြောင့် ကိုးကွယ်စရာ မရှိကြောင်း ခွန်တန်အား မယုံကြည်သော ဒေသခံများက ပြောသည်။

“ဆရာတော်ကိုယ်တိုင်ကလည်း ကလေးကို အဖေအဖြစ် အသိမှတ်ပြုလိုက်တော့ ကျန်တဲ့ ရသေ့မတွေကလည်း အသိမှတ်ပြုလိုက်ကြတယ်၊ အဲဒီကနေ တဆင့်တဆင့်ပြီးဖြစ်တယ်”ဟု ဦးခင်မောင်ကြည်က ပြောသည်။

ခွန်တန်သည် ကိုးနှစ်သား အရွယ်က စာမတက်၊ ပန်းချီဆွဲတက်သည်ဟူသော ပြောဆိုချက်အပေါ်တွင်လည်း ယုံကြည်သူနှင် မယုံကြည်သူများလည်း ရှိသည်။

“ခွန်တန်က ကျောင်းလည်း မနေရဘူး၊ စာလည်း မသင်ရဘူး၊ ငယ်ငယ်လေးကလည်းက သူအတက်ပညာက မူလ ပါတဲ့အတိုင်း ပန်းချီတွေလည်း ဆွဲနိုင်တယ်၊ ဓမ္မရုံကအစ သူရဲ့ စကေး၊ ကျောင်းလည်း သူရဲ့ စကေးပဲ၊ အားလုံး သူကိုယ်တိုင်ဆွဲပြီး ဆောက်တာ”ဟု ခွန်တန်ကို ယုံကြည်သော ဝိဇ္ဇာရပ်ကွက်နေ ဦးကျော်မြင့်က ပြောဆိုသည်။

ဦးကျော်မြင့်၏ ပြောဆိုချက်ကို ဦးခွန်လှအောင်က ခွန်တန် ငယ်စဉ်က သူနေသည့် ကျောင်းဆောက်လုပ်ပေးရန် အရိယာဝံသ ထံတောင်းဆိုစဉ်က ကြက်ခြေခတ်ပုံစံကိုသာ ရေးဆွဲပေးနိုင်ခဲ့ကြောင်း၊ ကျောင်းဆောက်လုပ်မည့် ပုံစံကို ၎င်း၏ သူငယ်ချင်း လက်မှုပညာသည်က ရေးဆွဲပေးမှုကို ခွန်တန်မှ ရရှိကာ ရပ်ရွာထဲ၌ လိုက်လံ ပြသရာမှစ၍ လူအများ ယုံကြည်မှု ရရှိလာကြောင်း ၎င်းက ပြောပြသည်။

ခွန်တန်ကို အလံတရား ဆရာတော်ဝင်စားသည်ဟု ယုံကြည်ရခြင်းမှာ အလံတရား ဆရာတော် ထားရှိသည် ပစ္စည်းများ၊ ကားနံပါတ်၊ ပန်းချီကို လက်နှစ်ဖက်ဖြင့် ရေးဆွဲထားခြင်း၊ ဖနောင့်ဖြင့် ပေါက်က ရေထွက်ခြင်း၊ ရှေးဘဝက တော်စပ်ဖူးသည့် မိတ်ဆွေများကို ပြောပြနိုင်ခြင်းကြောင့် ဖြစ်ကြောင်း ပြောဆိုကြသည်။

ခွန်တန် ဖနောင့်ဖြင့် ပေါက်၍ ရေထွက်ခြင်းကို ဦးခွန်လှအောင်က အလံတရာစေတီ၏ အရှေ့ဘက်ရှိ ရေပိုက်ဟောင်းနေရာကို ခွန်တန်ငယ်စဉ်က ကစား နေရာဖြစ်ပြီး ရေပိုက်ဟောင်း ပေါ်လာမှုကို ခွန်တန်က ခုံကစားရာမှ ရေပိုက် ပွင့်ထွက်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ယုံကြည်မှု လွန်ကဲခြင်း

ခွန်တန် ကိုရင်ဘဝတွင် ရေမန်းပေးသည်။ ခွန်တန်ပေးသော ရေမန်းသောက်ကြသည့် သူများသည် ၉၆ ပါး ရောဂါ ဝေဒနာ ပျောက်ကင်းကြောင်း လူအများက လက်ခံကြသည်။
ခွန်တန်ကို ကိုးကွယ်ခြင်းနှင့် ပတ်သက်ပြီး ခွန်တန်နှင့် ၂၀၁၄ ခုနှစ်တွင် လက်ချည်ခဲ့သော နန်းစိန်မိုး၏ အဒေါ်ဖြစ်သူ ဒေါ်နန်းသီတာက ခွန်တန်က လူမိုက်ဖြစ်အောင် ပြောဆိုခြင်း မရှိကြောင်း၊ ငါးပါးသီလ မြဲကြရန် တိုက်တွန်းမှုများကြောင့် ကိုးကွယ်ကြောင်း ၎င်းက ပြောသည်။

ခွန်တန်အပေါ် စိတ်နှင့်တောင် မပစ်မှားကြရန် အရိယာဝံသက မှားကြားဖူကြောင်း၊ အရိယာဝံသ ကိုယ်တိုင် ခွန်တန်ကို ဘုရားလောင်ဖြစ်ကြောင်း လက်ခံမှုကြောင့် မိမိတိုအနေဖြင့် လက်မခံစရာ ရှိကြောင်း ဒေါ်နန်းသီတာက ခွန်တန်အကြောင်းကို ဂုဏ်ယူစွာဖြင့် ပြောပြလေသည်။

ခွန်တန်နှင့် အနီးကပ်နေခဲ့သူ ရသေ့ ဦးစံသိန်း က“သူက အသက်ငယ်ပေမယ့် ငါတို့နဲ့ နှိုင်းယှဉ်လို့ မရဘူး၊ သူက ရင့်ကျက်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ နောက်ပြီး သူက ရှေးဘဝက ဒါကာကြီးတွေကို မှတ်မိတယ်၊ သာသနာဝန် သူရဦးအောင်ကိုလည်း မှတ်မိတယ် ”ဟု ၎င်းက ဆိုသည်။

ခွန်တန်ကို အရိယာဝံသကိုယ်တိုင် ကြောက်ရွှံ့ကြောင်း၊ အရိယာဝံသသည် ခွန်တန် တစ်ခုခု ခိုင်းပါက မအိပ်မနေ လုပ်ကိုင်ပေးကြောင်း၊ အရိယာဝံသကလည်း ခွန်တန် လိုအပ်သမျှကို ဖြည့်ဆည်းပေးရန် ပျံလွန်တော် မမူခင် မှာကြားခဲ့ကြောင်း ရသေ့ ဦးစံသိန်းက ပြောပြသည်။

ခွန်တန်သည် ၎င်းလက်၌ ှရှိသော တက်တူးများကို လျှပ်မီးစစ်နှင့် အကြိမ်ကြိမ် ဖန်ဖန် ဖျက်တောက်လေ့ရှိပြီး၊ ဖျက်ပြီးပါက လက်တွင် အမာရွှတ်ကျန်ရှိခြင်း မရှိကြောင်း ၎င်းက ဆိုသည်။
မည်သို့ပင်ဖြစ်စေ ခွန်တန်ကို ယုံကြည်သူ ဆရာတော် တစ်ပါးရှိနေပြန်သည်။ ထိုသူမှာ ကရင်ပြည်နယ်၊ ဘားအံမြို့ နောင်တစ်လုံး အနီးရှိ ဘေးမဲ့ကုန်း ဆရာတော်သာ ဖြစ်ပြီး ခွန်တန် လိုအပ်သမျှ ငွေကို ထောက်ပံ့နေသူ ဖြစ်ကြောင်း ရသေ့ဦးစံသိန်းက ပြောပြသည်။

ဘေးမဲ့ကုန်ဆရာတော်သည် ခွန်တန် လိုချင် သမျှ မည်သည့် အရာကို မဆို ရဲရဲကြီးကြီး တာဝန်ယူဖြေရှင်းပေးလျက်ရှိပြီး ခွန်တန် မြင်းနှစ်ကောင် ဝယ်ယူစဉ်ကလည်း သိန်း ၇၀ ထောက်ပံ့ခဲ့ပြီး၊ ဘုရားတည်ရာတွင် လိုအပ်သည့် ငွေနှင့် စက်ယန္တရား ပစ္စည်းများကို ထောက်ပံ့လျက်ရှိသည်။

အလံတရာ စေတီကြီး ပြုပြင်နေစဉ် လွန်ခဲ့သည့် လအနည်းငယ်တွင် ခွန်တန်က ကားလိုချင်ကြောင်း ညနေဝင်ချိန်၌ ပြောဆိုရာတွင် ဘေးမဲ့ကုန်ဆရာတော်က ည ၉ နာရီ မထိုးခင် အလှူဒါကာ အိမ်မှ ငွေသိန်း ၉၀ ကို ယူဆောင်ပေးခဲ့သည်။

ယခုအခါ ခွန်တန်သည် ယခင် ဆိုးသွမ်းခဲ့သော ပုံစံနှင့် မတူတော့ဘဲ အသက် ၁၈ နှစ်အရွယ်က သထုံမြို့၌ ရန်ဖြစ်ပြီး ကတိခံဝန် လက်မှတ်ရေးထိုးပြီးနောက်ပိုင်းတွင် ဆိုင်ကယ် ဖြည်းဖြည်းမောင်းလာကာ လူကြီး လက္ခဏာသို့ ကူးပြောင်လာခဲ့ကြောင်း ရသေ့ဦးစံသိန်းက ပြောသည်။

ခွန်တန်သည် ၂၀၁၂ ခုနှစ်တွင် ဘုန်းကြီး တစ်ပါး၏ ဦးခေါင်းကို တက်နင်းသည့် ဖြစ်စဉ်အပြင် အလံတရာ တောင်တွင် နဂါးတပ်ခွဲဟုဆိုကာ သူအဖွဲ့သားများကို စစ်သင်တန်ပေးခဲ့ပြီး အလံတရာ ဘုရားပွဲ၌ ကား၊ ဆိုင်ကယ်များကို မီးရှို့ခြင်း ဈေးသည်များကို ဖိအားပေးခြင်း လုပ်ရပ်များကို ကျူလွန်းခဲ့ကြောင်း ဗိုလ်ကြီးဟောင်း ဦးခင်မောင်ကြည်က ဆိုသည်။

ခွန်တန်သည် အလံတရာ နယ်မြေတွင် မည်သည့် ကိစ္စရပ်များ ကျူလွန်းခဲ့သည် ဖြစ်ပစေ၊ ဖြစ်ပေါ်လာသည့် ကိစ္စရပ်များကို အရိယာဝံသ အပါအဝင် အုပ်ထိန်းသူနှင့် နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်များ၏ ဖြေရှင်းပေးမှုကြောင့် လက်ရာ မပေါ်ခဲ့ပေ။ သို့သော်လည်း အလံတရာ ပြည်သူများကလည်း ခွန်တန်ကို ယုံကြည်နေမြဲသာ ဖြစ်နေသည်။

လက်ချည်ပွဲ သို့မဟုတ် ခေတ်သစ် ပန်းဦးလွှတ်ပွဲ

ခွန်တန်ကို နောက်ပွင့်မည့် အရိမေတ္တေယျ ဘုရား အစစ်မှန်ဖြစ်သည့်အတွက်ကြောင့် ဘုရားလောင်းတို့၏ ထုံးစံအတိုင်း ပါရမီဖြည့်ဖက် ရှာပေးရမည်ဖြစ်ကြောင်း၊ ဘုရားလောင်းနှင့် လက်ထပ်သူသည် မြင့်မြတ်သော မိန်းကလေးဖြစ်မည်ဖြစ်ကြောင်း၊ အဆိုပါ မိန်းကလေးကို လက်ဝတ်ရတနာ ပစ္စည်းများ ဆင်မြန်းပေးရဆိုသောကြောင့် မိဘတိုင်းက ခွန်တန်နှင့် လက်ဆက်ပေးကြရန် အပေါင်အပါးများက လိုက်လံနှိုးဆော်ကြောင်း ဗိုလ်ကြီးဟောင်း ခင်မောင်ကြည်က ဆိုသည်။

ခွန်တန်သည် အလံတရာ နယ်မြေ တစ်ခုထဲ၌ ပအိုပ့်တိုင်းရင်းသူ မိန်းကလေး ခြောက် ဦးကို တရားဝင် မင်္ဂလာ အခမ်းအနားဖြင့် လက်ထပ်ယူထားကြောင်း ၎င်းက ပြောသည်။
ခွန်တန်က ပအိုပ့်တိုင်းရင်းသူး မိန်းမပျိုများကို လက်ထပ်ယူသည့် ကိစ္စနှင့် ပတ်သက်ပြီး ဒေါ်နန်းသီတာက တရားဝင် လက်ထပ်ခြင်းမဟုတ်ကြောင်း၊ ပအိုပ့်ရိုးရာ ယဉ်ကျေးမှု အရ ကျန်းမာရေး ကောင်းမွန်အောင် ပြုလုပ်သည့် ပွဲသာဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်။

လက်ချည် မင်္ဂလာကို ပအိုပ့်လို လက်ခံကျူး၊ လူခန့်ကျယ်နန်း မင်္ဂလာပွဲလို့ ခေါ်ဆိုပြီး၊ လက်ခံကျူး မင်္ဂလာပွဲဆိုသည်မှာ လက်ချည် မင်္ဂလာပွဲဖြစ်ပြီး၊ လူခန့်ကျယ်နန်းဆိုသည်မှာ ကျန်းမာရေးအတွက် အထောက်အကူ ပြုအောင် ကိုယ်ကို ယတျာချေသဘောသာဖြစ်ကြောင်း ၎င်းက ပြောသည်။
“အစ်မတူမ နန်းစိန်မိုးကို ဒီအိမ်ဒီနေရာမှာ လက်ချည်ခဲ့ဖူးတယ်၊ နောက်ပြီး အစ်မလည်း ကျန်းမာရေး ကောင်းအောင် ဇာတ်လိုက်ကို ချည်တယ်၊ ဇာတ်လိုက်ကလည်း အစ်မကို ချည်တယ်”ဟု ၎င်းက ဆိုသည်။

လက်ချည်ပွဲတွင် ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေ၊ ဆုတောင်းပေးကြပြီး၊ လက်ချည်ပွဲပြီးနောက်ပိုင်းတွင် ဘုရားဖူထွက်ကြကြောင်း ဒေသခံများက ပြောသည်။
ခွန်တန်နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် လက်ထပ်ဖူးသော မြနန်းဝေက “လက်ချည်ပြီးရင် ဆရာ သူဘာသာ သူနေတယ်၊ သမီးက သမီးဘာသာနေတယ်၊ လက်ကိုင်တာလည်း မရှိဘူး၊ ဖက်တာလည်း မရှိဘူး၊ နမ်းတာလည်း မရှိဘူး၊ အတူအိမ်တာလည်း မရှိဘူး”ဟု ၎င်းက ဆိုသည်။

လက်ချည်ပွဲတော်နှင့် ပတ်သက်ပြီး အလံတရာတွင် နှစ် ၄၀ ကျော် နေထိုင်လာသော ဖိုဘိုးလေးက ခွန်တန်နှင့် မိန်းမပျိုများကို သူကိုယ်တိုင် လက်ချည်ပေးဖူကြောင်း၊ လက်ချည်ပွဲသည် ပအိုပ့် ရိုးရာ ဓလေ့သာ ဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်။

ခွန်တန်နှင့် လက်ချည်ဖူးသော သမီးနှစ်ယောက်အဖေ ဦးဝင်းညွှန့်က ခွန်တန်နှင့် လက်ချည်ရန် သမီးသဇင်ဝင်းကို လာရောက် တောင်းရမ်းသူများက ဓားကိုင်၍ လာကြောင်း၊ သမီးနှင့် အမေဖြစ်သူက လက်ခံသည့်အတွက်ကြောင့် သမီးကို လက်ထပ်ပေးလိုက်ရကြောင်း ရင်နစ်စွာဖြင့် ပြောပြသည်။

“ကျွန်တော် ကိုးကွယ်တဲ့ သူက မိန်းကလေးတွေကို ယူပြီး သားမယားပြုကျင်နေမယ်ဆိုရင် ကျွန်တော်တို့ ဥပဒေကိုတောင် စောင့်မှာ မဟုတ်ဘူး၊ ကျွန်တော်တို့ရဲ ငှက်ကြီးတောင် ဓားက အရင်လာမှာ”ဟု ဘိုးသိကြားရပ်ကွက်နေ အမျိုးသား တစ်ဦးက ဆိုသည်။

ခွန်တန်သည် ကရင်ပြည်နယ် ၊ ရှမ်းပြည်နယ် အပါအဝင် အလံတရာဒေသရှိ မိန်းကလေး ၂၀ ခန့်ကို လက်ချည်ဖူးသည်။ ခွန်တန်နှင့် လက်ချည်သူ မိန်းကလေးများက သာသနာအတူပြုရမည်ဟုသာ ပြောဆိုကြောင်း ရသေ့ဦးစံသိန်းက ပြောသည်။

ယင်းကိစ္စရပ်များကြောင့် ခွန်တန်၏ လက်ချည်ပွဲ သို့မဟုတ် ပန်းဦးလွှတ်ပွဲသည် ဒေသခံနှင့် ပြည်သူများအကြားတွင် ပွက်လောရိုက်ခဲ့ပြီး၊ ဝေဖန်မှုများလည်း မြင့်တက်လာခဲ့သည်။
တိုင်ကြားစာနှင့် ပြည်နယ်အစိုးရ ဖြေရှင်းပုံအလံတရားဖြစ်ပွားခဲ့သည့် ပြဿနာကြောင့် မွန်ပြည်နယ် လွှတ်တော်သို့ တိုင်ကြားစာ နှစ် စောင် ရောက်ရှိလာသည်။

တိုင်ကြားစာတွင် ဘာသာရေးကို အခြေခံပြီး ရိုးသားသော ပအို့ဝ်တိုင်းရင်းသူမိန်းကလေး များအား ဖျက်ဆီးနေမှုအပေါ် ဖော်ထုတ်အရေးယူပေးရန်နှင့် အလိုမတူဘဲ သားမယာအဖြစ် ပြုကျင့်မှုအား ငွေကြေးဖြင့် ညှိနှိုင်းဖြေရှင်းပေးမှုများကို အရေးယူပေးရန် တိုင်းကြားထားခြင်းဖြစ်ကြောင်း အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။
အလံတရာမှ ရှမ်းပြည်နယ် ဟိုပုန်းသို့ ထွက်ပြေးတိမ်ရှောင်နေသော ခွန်တန်ကို ဖမ်းဆီးရန်အတွက် ရှမ်းပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

အလံတရာ စေတီကို ခွင့်ပြုချက် မရှိဘဲ ပြုပြင်ခဲ့သည့်အတွက်ကြောင့် မွန်ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ခွန်တန်နှင့် အဖွဲ့ဝင် ငါး ဦးကို သာသနာညှိနွမ်းစေမှု ၂၅၉ (က) ဖမ်းဆီးရန် အမိန့်ထုတ်ပြန်ပြီး ဖမ်းဆီးခဲ့ရာ ခွန်တန်မှာ လွတ်မြောက်ပြီး ကျန်အဖွဲ့ဝင် ငါး ဦးကို သထုံ အကျဉ်းထောင်တွင် ဖမ်းဆီထားကြောင်း ဝန်ကြီးချုပ်က ဆိုသည်.
အလံတရာ ကိစ္စ လိုက်လံ ဆောင်ရွက်သည့် ပအိုပ့်တိုင်ရင်းသား ရေးရာ ဝန်ကြီး ဒေါ်စံဝင့်ခိုင်နှင့် ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့တို့သည် လူမှုကွန်ရက် ဖော့စ်ဘုတ် အပါအဝင် message များဖြင့်လည်း သတ်မည့်ဟု ခြိမ်းခြောက်ခံနေရသည်။

ယခုအခါ ပန်းဦးလွှတ်သူ ခွန်တန်နှင့် အားပေးကူညီခဲ့ကြသော လှထွန်း၊ သန်းလေး၊ ဝင်းဗိုလ်၊ အောင်မြတ်စိုး၊ဆင်ကြီး၊ မောင်ခင်တို့အား အရေးယူပေးရန် အောက်တိုဘာ ၂၄ ရက်တွင် ကာယကံရှင် မိန်းကလေး၏ဖခင် ဦးဝင်းညွန့်မှ သထုံမြို့မရဲစခန်း၌ လာရောက်အမှုဖွင့် တိုင်ကြားထားသည်။

ခွန်တန်နှင့် အပေါင်းအပါများကို သထုံမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မများဖြစ်သည့် ပြစ်မှု ကျူးလွန်ရာတွင် အားပေးကူညီမှု ပုဒ်မ ၁၁၄ ၊ လူခိုးမှု ပုဒ်မ ၃၆၃၊ အတင်းအဓမ္မထိမ်းမြှား ပေးစားခြင်း ပုဒ်မ ၃၆၆ တို့ဖြင့် အမှုဖွင့် အရေးယူထားသည်။

“ဒီကိစ္စကို စစ်ဆေးဆောင်ရွက်ပြီးမှ ဥပဒေနဲ့အညီ တရားစွဲတင်ဖို့ လုပ်မယ်”ဟု သထုံမြို့မ ရဲစခန်း ဒုရဲမှူး မောင်မောင်က ပြောဆိုသည်။
မည်သို့ပင်ဖြစ်စေ အလံတရာ စေတီ ပြုပြင်ရာမှ စတင်ပေါ်ပေါက်လာသည့် ပန်းဦးလွှတ်ပွဲအရေး ဟုတ်မှန်ခြင်း ရှိ မရှိကို သက်ဆိုင်တာဝန်ရှိသူများအနေဖြင့် အကောင်းဆုံး ချဉ်းကပ်၍ စုံစမ်း ဖော်ထုတ်သွားရမည်ဖြစ်ပြီး၊ ဒေသခံများ၏ ဘာသာရေး အပေါ် အယူသီးမှုများကို ဆေးကြောရန်အတွက် သာသနာရေး သန့်ရှင်းပွဲတစ်ရပ် ပြုလုပ်ရန်သာ ရှိတော့သည်။

Written by – ဇော်ထိုက်

Leave a Reply