” ဇီးဖြူသီးအစွမ်း အံ့မခန်း “

ဒီတစ်ပတ် ဆေးလည်းအစာ၊ အစာလည်းဆေးကဏ္ဍမှာ တင်ပြချင်တာကတော့ ဆီးဖြူသီး အကြောင်းပဲဖြစ်ပါတယ်။ ဆီးဖြူသီးပင်ကို အင်္ဂလိပ်လို Gooseberry လို့ခေါ်ပြီး၊ အပင်ကိုတော့သိပ္ပံအမည်အရ Ribes UVA-Crispa လို့ ခေါ်ပါတယ်။သူ့မှာ အစေ့အိမ် အခန်း သုံးခန်းပါပြီး တစ်ခန်းမှာ အစေ့ လောင်း နှစ်ခုစီပါဝင်ပါတယ်။ အသီးများမှာ လုံးဝိုင်းပုံဖြစ်ပါတယ်။ အသီးငယ်စဉ်မှာအဖြူရောင်ရှိပြီး ရင့်မှည့်လာတဲ့အခါ အရောင်မှာ အဝါဖျော့ရောင်၊ စိမ်းဝါရောင် တစ်ခါတစ်ရံ အနီရောင်သန်းလာတတ်ပါတယ်။
အသီးခွံပါး၊ အသား ကြွပ်ဆတ်၊ အရည်ရွှမ်းကာ အစေ့ငယ်ခြောက်စေ့ ပါဝင်ပါတယ်။

မြန်မာဆိုရိုးမှာ ဆီးဖြူ၊ ဖန်ခါး ရဟန်းစား.ဆိုပြီးပြောစမှတ်ရှိပါတယ်။ ရဟန်း သံဃာ တွေဟာ နေ့လွဲ ညစာ မသုံးဆောင်ရပေမယ့် ဆီးဖြူသီး၊ ဖန်ခါးသီးများကိုတော့ မြတ်စွာဘုရားက သုံးဆောင်ခွင့်ပြုထားပါတယ်။ဒါဟာ ဘာကြောင့်လဲဆိုတော့ ထူးခြားပြီး ဆေးဘက်ဝင်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဆီးဖြူသီးမှာ အချဉ်ဓာတ်နဲ့ အဖန် ဓာတ်ပါဝင်ပါတယ်။ ရေဆာတဲ့ အခါဆီးဖြူသီးကိုစား ပြီး ရေသောက်လိုက်ရင် ခဏတာအတွင်း အမောပြေလန်းဆန်းသွားပြီး ချိုတဲ့အရသာကို ခံစားရမှာပါ။

ဆီးဖြူသီးမှာ ဗီတာမင်စီဓာတ်၊ သံဓာတ်၊ ထုံးဓာတ်၊ ဖော့စပါးရပ်ဓာတ်နှင့် ပက်တင်ဓာတ်တွေ အများအပြား ပါဝင်ပြီး၊ ပန်းသီးထက် ပရိုတိန်းဓာတ်ပါဝင်မှု သုံးဆ နှင့် အက်စ်ကောဘစ်အက်ဆစ်(ဗီတာမင်စီ ဓာတ်) ပါဝင်မှုအဆ ၁၆၀ ပါဝင်တယ်လို့ သိရပါတယ်။
တခြား သတ္ထုဓာတ်များနှင့် အမိုင်နိုအက်ဆစ်ဓာတ်များ ပါဝင်မှုမှာလည်းပိုမိုတယ်လို့ဆိုကြပါတယ်။

ဆီးဖြူပင်ဟာ အသီးသာမက အခေါက်၊ အပွင့်၊ အမြစ်အားလုံးလည်းဆေးဘက်ဝင်ပါတယ်။ အသီးဟာ ဗိုက်တာမင် စီအလွန်ကြွယ်ဝတဲ့ အတွက် ကိုယ်ခံအား စနစ်ကို အားကောင်းစေပါတယ်။ အသဲနဲ့ ပန်ကရိယကို များစွာပံ့ပိုးကူညီပြီး စိတ်နှလုံးကိုလည်း ပြေလျော့ အေးချမ်းစေပါတယ်။ သွေးအတွင်း အဆိပ်အတောက်တွေနဲ့ ဗိုင်းရပ်ပိုး၊ ဗက်တီးရီးယားနဲ့ အဏုဇီဝပိုးမွှားတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ကိုယ်လက်စထရောကိုလည်း လျော့နည်းစေပြီး နှလုံးကြွက်သားများကိုလည်း သန်မာစေပါတယ်။ ဒါ့အပြင်သွေးအားကောင်းစေတဲ့ ဟေမိုဂလိုဗင်ဓာတ် ကြွယ်ဝတာမို့ အမောခံနိုင်ပြီး၊ ဆံပင်ကောင်းခြင်း၊ ဦးရေကောင်းခြင်း၊ သန်းနှင့် ဘောက်များကို ကင်းစင်စေခြင်းနဲ့ အသားအရည်ကိုလည်း ကြည်လင်လှပချောမွတ် စေပါတယ်။

ဆီးဖြူသီးကနေ ခေါင်းလျှော်ရည်၊ ခေါင်းလိမ်းဆီ အမျိုးမျိုးလည်း ထုတ်လုပ်လို့ရပါတယ်။ နောက်ပြီးဆီးဖြူသီးလေး တစ်လုံး ကောက်ဝါးလိုက်ရုံနဲ့ သွားနှင့်ခံတွင်း ကျန်းမာရေးကို များစွာ အထောက်အကူပြုပြီး၊ ခံတွင်းအနံ့ဆိုးများကို ကင်းစင် သန့်ရှင်းရုံသာမက သွားဖုံးသွေးယိုတာလည်း ပျောက်ကင်းစေပါတယ်။ဆီးဖြူသီး တစ်ညစိမ်ထားတဲ့ ရေသန့် အကြည်နဲ့
မျက်လုံးဆေးရင် မျက်စိ ယားယံတာကို သက်သာပြီး အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ ဆီးဖြူအမြစ်ခြောက်အမှုန့်နဲ့ ပျားရည်ရောပြီး သုံးရင်လည်း ခံတွင်းနာ၊ ပူလောင်နာတွေ သက်သာစေပါတယ်။ ဓမ္မတာသွေးလွန်ခဲ့ရင် ငှက်ပျောသီးမှည့်နဲ့ ဆီးဖြူသီး အရည်ကို တစ်ရက်အတွင်း (၃) ကြိမ်လောက် သောက်သုံးပါကသက်သာစေပါတယ်။ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ခဲ့ရင် စပျစ်သီးခြောက်အရည်နှင့် ဆီးဖြူသီးအရည်တွဲသောက်ပါကသက်သာသွားမှာဖြစ်ပါတယ်။

ပိုးကြောင့်ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ဆီးဖြူသီး အရည်ကိုသကြားနဲနဲထည့်ပြီး သောက်ပါက သက်သာစေပါတယ်။ ဆီးဖြူသီးဟာ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပြီး အစာချေဖျက်မှုနဲ့အာဟာရ စုပ်ယူနိုင်စွမ်းကို ကောင်းမွန်သလို ပုံမှန်ဖြစ်လေ့ရှိတဲ့ အစာမကြေခြင်း၊ လေပူထခြင်း၊ အက်စစ်ဓာတ်များခြင်း တို့ကိုသက်သာစေပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်ကို ကောင်းစေပြီး၊ သွေးယိုစိမ့်ခြင်းကို သက်သာကာ၊သွေးအန်ခြင်းကိုလည်းကာကွယ်နိုင်ပါတယ်။ ဒါတွေအပြင် နှာခေါင်းသွေးယိုတာ၊ နှလုံးရောဂါဖြစ်တာ၊ ခေါင်းကိုက်တာ၊ သွေးအားနည်းတာ၊ အမျိုးသမီးတွေ အဖြူဆင်း၊ လေနာဗိုက်အောင့်တာ၊ ဝမ်းချုပ်၊ လိပ်ခေါင်းဖြစ်၊ သန်ထ၊ အဆစ်အမြစ်ရောင် စတာတွေကိုလည်း လျော့ပါးသက်သာစေပါတယ်။

အဲဒီလို ရောဂါဘယ မျိုးစုံကိုသက်သာပျောက်ကင်းအောင်စွမ်းဆောင်နိုင်တဲ့ သဘာဝကပေးတဲ့ လက်ဆောင်ဖြစ်တဲ့ ဆီးဖြူသီးကို အမြဲဆောင်ထားပြီး၊ချိုချဉ်ဖြစ်ဖြစ်၊ ဖျော်ရည်ဖြစ်ဖြစ်၊ ဆီးဖြူသီးထောင်း၊ ဆီးဖြူသီးသနပ်၊ ဆီးဖြူသီးဆားစိမ်ဖြစ်ဖြစ် လုပ်ဆောင်ကာ မှီဝဲစားသုံးစေလိုကြောင်း တိုက်တွန်းလိုက်ရပါတယ်။

Written by ဖိုးဝဇီ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.