မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၆ ။ ။ မော်လမြိုင်မြို့၊ ဇေယျသီရိရပ်ကွက်၊ ဇေယျာ (၂)၊ လောကမာရဇိန်ငွေဘုံသာ ဘုရားဝင်းတွင် ဖေဖော်ဝါရီ ၁၅ ရက် ညက ကပြသည့် (မင်းနိုင်စိုး၊ အောင်နိုင်စိုး) ဇာတ်ပွဲကို သွားခဲ့ကြသည့် လူငယ်သုံးဦးကို လူအုပ်စုတစ်စုက ရိုက်နှက်ခဲ့ကြကြောင်း အရိုက်ခံရသူ ကိုဝင်းနိုင်ဦးက ဟင်္သာမီဒီယာကို ပြောကြားသည်။

မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက်၊ လှိုင်ဈေးလမ်းတွင် နေထိုင်သည့် ကိုဝင်းနိုင်ဥိီး၊ မောင်ဇော်မင်းဦးနှင့် မောင်အာကာဖြိုးတို့ သုံးဦးမှ ဇာတ်ပွဲကပြသည့် နေရာသို့သွားရန် ဇေယျာသီရိရပ်ကွက်၊ သီရိ ၄ လမ်းအတိုင်း သွားရောက်ခဲ့ရာ သီရိ ၄ လမ်းနှင့် အောင်သပြေလမ်းဆုံအရောက်၌ အမည်မသိ လူ ၁၀ ဦးဝန်းကျင်က ဆဲဆို၍ ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြသဖြင့် ဇေယျာသီရိနယ်မြေရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ကြောင်း ၎င်းက ဆိုသည်။

“သူတို့တွေ အရှေ့မှာ လမ်းပိတ်လိုက်တယ်၊ ကျွန်တော်တို့ ပွဲသွားဖို့ပြောတာ မဟုတ်ဘူး ခဏနေအုံးတဲ့ စကားပြောနေတဲ့အချိန် အနောက်ကနေ နှစ်ကောင်ပြေးဝင်လာပြီး ကျွန်တော်ကို ထိုးချတယ်၊ သူတို့မှာ ဓားတွေ တုတ်တွေပါတယ်၊ လူတွေ့ရင်တော့ တစ်ယောက်နှစ်ယောက်လောက်မှတ်မိတယ်”ဟု အရိုက်ခံခဲ့ရသူ အသက် ၁၅ နှစ်အရွယ် မောင်အာကာဖြိုးက ပြောဆိုသည်။

ရိုက်နှက်ခံခဲ့ရသော သာယာအေးရပ်ကွက်၊ လှိုင်ဈေးလမ်း၌ နေထိုင်သည့် ကိုဝင်းနိုင်ဦးနှင့် မောင်အာကာဖြိုးကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးထံ ဆေးကုသမှုခံယူနေရပြီး ယင်းရိုက်နှက်ခံရမှုကြောင့် ကိုဝင်းနိုင်ဦး၏ ဦးခေါင်း၌ ၁၃ ချက် ချုပ်ထားရကာ မောင်အာကာဖြိုးတွင် ဦးခေါင်းဖူးရောင်ဒဏ်ရာများရရှိ၍ မူဝေသည့်ဝေဒနာကို ခံစားနေရကြောင်း ဆေးရုံတက်ရောက် ကုသနေသူနှစ်ဦးက ပြောသည်။

ရိုက်နှက်ခံခဲ့ရသူနှစ်ဦးသည် ဇေယျာသီရိနယ်မြေရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သဖြင့် မှုခင်းဆေးစာပေးခဲ့ပြီး အုပ်စုဖွဲ့ရိုက်နှက်ခဲ့သူများကို လိုက်လံဖမ်းဆီး၍ အမှုဖွင့်အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ယင်နယ်မြေ ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်သန်းထိုက်က ဆိုသည်။

ဇေယျာသီရိရပ်ကွက်၌ နေထိုင်သူ ကိုရဲဇော် အပါဝင် အမည်မသိ လူ ၁၀ ဦးမှ ဝိုင်းဝန်ရိုက်နှက်သဖြင့် အရိုက်ခံခဲ့ရသည့် ကိုဝင်းနိုင်းဦးတွင် ဦးခေါင်း နှောက်စေ့၊ ဝဲဘက်ချိုးဇောင်း၊ ငယ်ထိပ်တို့၌ ပေါက်ပြဲသွေးထွက် ဒဏ်ရာများရရှိခဲ့ပြီး မောင်အာကာဖြိုးမှာ ဘယ်ဘက်နာရွက်အနီးပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းနှင့် ခန္ဓာကိုယ် ဖူးရောင်နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဇေယျာသီရိနယ်မြေရဲစခန်းတွင် သွားတိုင်တန်းခဲ့သည့် မှတ်တမ်းအရ သိရသည်။

ဇာတ်ပွဲသို့ လာသည့် လူငယ်များကို ဝိုင်းဝန်ရိုက်နှက်ခဲ့သည့် ကိုရဲဇော်အပါဝင် ၁၀ ဦးကို ဇေယျာသီရိနယ်မြေ ရဲစခန်းမှ (ပ) ၄၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ- ၂၉၄၊ ၃၂၅၊ ၄၂၇၊ ၁၁၄ အရ အမှုဖွင့် အရေးဆောင်ရွက်ကြောင်း ယင်းနယ်မြေရဲစခန်းမှ သိရသည်။

Written by – ခေတ်မင်း

Leave a Reply