Advertisements

ဇူလိုင်လ၏ မိုးရေစက်များက ဖြိုးဖြိုးဖျောက်ဖျောက် မစဲနိုင်၊ ဖွဲတစ်ခါ သည်းတစ်လှည့်။

နန်းခဲနှင့် လိပ်အင်းရပ်ကွက်အတွင်း  လမ်းဘေးဝဲယာ မြင်လေရာမှာ ရေချည့် သက်သက်။ သထုံမြို့နယ်တွင် မြောင်းတွေ ပြည့်နေသည်။ ချောင်းတွေ လျှံနေသည်။ လှမ်းမြင်နေရသည့် ကန်သင်းရိုးတွေက မိုးရေ ဝကာ နူးအိနေဟန်ရှိပြီး လွယ်လင့်တကူ ပြိုကျပျော်ဆင်းသွားဖွယ် ရှိနေလေသည်။
မိုးစွေနေသည်မှာ တစ်ပတ်ကျော်ပြီ။

သထုံ အထက (၃) ကျောင်းဝင်းအတွင်းသို့ ခမောက်တစ်လုံးကို ခပ်ငိုက်ငိုက် ဆောင်းကာ ဦးလှဦး ဝင်လာသည်။ အသားညိုညို ကိုယ်ဟန် ရှည်ရှည်ကိုင်းကိုင်းနှင့် သူ့ခြေလှမ်းတွေက လေးလံနေသည်။

သူ့လာရင်းကိစ္စကို ရိပ်မိသိရှိနေသူများက မြင်ရုံနှင့် မျက်လုံးအကြည့်ကို ချက်ချင်း လွှဲဖယ်ပစ်လိုက်ပြီး မျက်တောင် မြန်မြန်ခတ်ပစ်လိုက်ကြသည်။ စာသင်ခန်းအတွင်း လပတ်စာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသူကျောင်းသားများကတော့ မေးခွန်းနှင့် အဖြေလွှာကိုယ်စီပေါ် အာရုံညွှတ်နေသဖြင့် သတိမထားမိလိုက်။

ဦးလှဦးက ဆရာမကြီးနှင့် မိနစ်အနည်းငယ်ကြာ စကားပြောသည်။ ဒီကျောင်းဝင်းအတွင်း ပရိတ်ရွတ် တရားနာ ပြုလုပ်ပေးရန်။ ပြီးခဲ့တဲ့ ၄ ရက်က ရုတ်တရက်ကွယ်လွန်သွားသည့် သတ္တမတန်းကျောင်းသူ မဇွန်ဖူးဝေအား ရည်စူး၍။
သေဆုံးသူကလေးမမှာ ဦးလှဦး၏ မြေးတော်စပ်သူ ဖြစ်သည်။

မဇွန်ဖူးဝေ ရက်လည်သည့်နေ့တွင် ကျောင်း၌ ပရိတ်နာယူကြရန် ကျောင်းတာဝန်ရှိသူများက နှစ်လိုစွာ ခွင့်ပြုပေးခဲ့၏။ ကျောင်းကော်ရစ်ဒါမှာ လျှောက်လာရင်း ဆရာမတစ်ဦးက စာမေးပွဲခန်းတွင်းတစ်နေရာဆီ လက်ညှိုးညွှန်ပြ၍ ဦးလှဦး လှမ်းကြည့်မိသည်။

ခုံအမှတ် အေ- ၃၈။
ဖြေဆိုသူ လစ်လပ်နေသည်။ ယင်းမှာ ကွယ်လွန်သူ မဇွန်ဖူးဝေ ဖြေဆိုရမည့်နေရာဟု ဦးလှဦး သိခွင့်ရခဲ့သည်။ မဇွန်ဖူးဝေကတော့ ရောက်မလာနိုင်တော့ပေ။ လွန်ခဲ့သော လေးရက် ဇူလိုင် ၂၀ ညနေပိုင်းက ကျူရှင်အပြန်လမ်းမှာ လျှပ်စစ်မီးကြိုးပြတ်ကျသည်နှင့် ကြုံရကာ ကြွေလွင့်ခဲ့ပြီဖြစ်သည်။

လေဆင်နှာမောင်းတိုက်ခတ်ရာမှ ဓာတ်ကြိုးပေါ် သစ်ကိုင်းကျိုးကျကာ လမ်းသွားလမ်းလာကို အသက်ဇီဝိန် ထိခိုက်သည်အထိ အန္တရာယ်ကြုံတွေ့ခဲ့ရခြင်းပင်။

နေရာတင် အရုပ်ကြိုးပြတ် ခွေခေါက်လဲကျနေသည့် အသက် ၁၂ နှစ်အရွယ် မြေးဖြစ်သူကို ဦးလှဦး မျက်စိထဲက မထွက်။
မိုးအုံ့ကာ ရာသီဥတု ထိုင်းမှိုင်း၍ဖြစ်မည်၊ စာသင်ခုံအချို့မှာ ရေခိုးရေငွေ့ရိုက်ကာ အစိုပြန်၍ ရေစက်များ သီးနေ ဥနေလေသည်။

နာရေးနှစ်ထပ်ကွမ်း

“အဲဒီနေ့က အိမ်မှာ သူ့ဦးလေး ရက်လည်ဆွမ်းအတွက် ချက်ပြုတ်ပြင်ဆင်နေကြတာ”ဟု မဇွန်ဖူးဝေနှင့်အတူနေသူ အဘိုး ဦးသိန်း(ဦးလှဦး၏ အစ်ကို)က ဇူလိုင် ၂၅ ရက်တွင် ပြောသည်။

အခြေခံလူတန်းစားအများအပြား မှီတင်းနေထိုင်ရာ နန်းခဲရပ်ကွက်ကလေးရှိ တဲနှင့် အိမ်စုစုဆီ မိုးတစ်ပြိုက်က အပြင်း ရွာချပြန်သည်။

ကလေးမမှာ မိဘနှစ်ပါး အိမ်ထောင်ရေးအဆင်မပြေ၍ လမ်းခွဲပြီးနောက်ပိုင်း ရင်ခွင်ပိုက်အရွယ်ကတည်းက အဘိုး ဦးသိန်း၏ လက်ပေါ် ကြီးပြင်းခဲ့သည်ဟု ဆိုသည်။ သေဆုံးချိန်တွင် မိခင်ဖြစ်သူ (ဦးသိန်း၏ သမီး)မှာလည်း တိုင်းတစ်ပါးသို့ ရွှေ့ပြောင်းလုပ်သားအဖြစ် ရောက်ရှိနေပြီး ဈာပနသို့ ပြန်လာနိုင်ခဲ့ခြင်းမရှိချေ။

“သားအကြီးက ဆုံးလို့ ရက်လည်မယ့်နေ့မှာပဲ အတူနေခဲ့တဲ့ မြေးကလည်း ခုလို…”
မျက်ရည်အပြည့်နှင့် အသက် ၇၀ ကျော်အဘိုးအိုသည် စကားကို မတိုင်နိုင်ခဲ့ပေ။
သီတင်းပတ် ၁ပတ်တာအတွင်း ရက်လည်ဆွမ်းကပ်လှူရန် နှစ်ကြိမ်ဆက် ကြုံတွေ့ခဲ့ရသော ဒီအိမ်ကလေး၏ ဒုတိယမြောက် နာရေး ဆွမ်းအတွက် ဝိုင်းဝန်းချက်ပြုတ်ပေးရန်ရောက်ရှိနေကြသူ ရပ်ဆွေရပ်မျိုးအချို့လည်း နှုတ်ဆိတ်သွားကြသည်။

သူ့ညီ ဦးလှဦးက ဖြည့်စွက်ပြောပြခဲ့သည်။ “ကျောင်းက ဆရာ ဆရာမတွေ၊ ရပ်ရွာက လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့တွေ ကူညီဝိုင်းဝန်းမှုနဲ့ ကလေးရဲ့ နောက်ဆုံးခရီးကို တူတူတန်တန် ပို့ဆောင်မြေချပေးနိုင်ခဲ့တယ်”
သက်ဆိုင်ရာတာဝန်ရှိသူများလည်း ဈာပနအတွက် ထည့်ဝင်လှူဒါန်းမှု အသီးသီးရှိခဲ့သည်ဟု ကျန်ရစ်သူ ဆွေမျိုးတစ်စုက ဆိုသည်။

မမျှော်လင့်ဘဲ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ဒီအဖြစ်ဆိုးအတွက် ယုံကြည်ရန် ခုထိ ခက်ခဲနေဆဲဖြစ်ကြောင်း မဇွန်ဖူးဝေ၏ အဘိုးက ဟင်္သာသို့ ပြောသည်။

နာရေးအိမ်တို့ ထုံးစံ ကွယ်လွန်သူ၏ ဓာတ်ပုံရှေ့မှာ ဖယောင်းတိုင်တစ်တိုင် ထွန်းညှိထားသလို ထမင်းဟင်းလျာတို့လည်း ပြင်ဆင်ပေးထားသည်။ မဇွန်ဖူးဝေ ဆွတ်ခူးရရှိထားသော ပညာရည်ချွန်ဆုတံဆိပ်များကို မိုးသက်လေကြောင့် လူးလွန့်တုန်ခါနေသော ဖယောင်းတိုင်မီးအလင်းထဲမှာ မြင်တွေ့နေရသည်။

ယမန်နှစ် ဆဋ္ဌမတန်းစာမေးပွဲတွင် ပထမဆု ရရှိထားသူ မဇွန်ဖူးဝေအနေဖြင့် လာမည့် ပွင့်လင်းရာသီတွင် ဆုလက်ခံရယူရန် ရှိနေသော်လည်း ယခုမူ ဆုချီးမြှင့်ပွဲသို့ သူမအနေဖြင့် မမီလိုက်တော့ပြီဖြစ်ကြောင်း ဦးလှဦးက ပြောပြခဲ့သည်။

ဘွာတေးမရှိ

မိမိတို့နိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ဓာတ်လိုက်သေဆုံးမှုမှာ၂၀၁၆ တွင် ၅၁ ဦး၊ ၂၀၁၇ တွင်၄၀ ဦးရှိခဲ့သည်။ ယင်းအပြင် ဓာတ်ကြိုး အန္တရာယ်ကြောင့် ဓာတ်လိုက်သေဆုံးမှုမှာ ၂၀၁၆ တွင် ကလေးသူငယ် ၁၀ ဦး၊၂၀၁၇တွင် ကလေးသူငယ် ငါးဦးရှိခဲ့တယ်လို့ သတင်းအချက်အလက်များက ပြဆိုသည်။

မျက်စိတစ်မှိတ် လက်တစ်ဖျစ်မျှ မကြာခင် အခိုက်ဝယ် ဇီဝိန်ခြွေနိုင်စွမ်းသော လျှပ်စစ်ဓာတ်လိုက်ခြင်းအန္တရာယ်မှာ ဘွာတေးဟူ၍ မရ၊ ဆောရီးဟူ၍လည်း ပြောဆိုခွင့်မရှိနိုင်ကြောင်း လူတိုင်း အသိ ဖြစ်လေသည်။

မြန်မာနိုင်ငံ၏ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများကား အဆင့်မြှင့်တင်ရန် များစွာ လိုအပ်နေဆဲဖြစ်ကြောင်း၊ အသစ်တပ်ဆင်သော အစားထိုးလဲလှယ်သော ဓာတ်ကြိုးများ၏ ၁၀၀ ရာခိုင်နှုန်းကို ကာဗာကြိုးဟု ခေါ်ကြသည့် လုံခြုံစိတ်ချရသည့်အမျိုးအစားနှင့် ဆောင်ရွက်နေသည်ဟု ဆိုစေကာမူ ဧရိယာရော အရေအတွက်ပါ လက်ရှိအခြေအနေတွင် နည်းပါးနေသေးကြောင်း မော်လမြိုင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမောင်မောင်စိုးက ဟင်္သာသို့ပြောသည်။

သစ်ပင်သစ်ကိုင်းများ အနီးဝန်းကျင်မှ ဖြတ်သန်းသွယ်တန်းလျက် Open Wire စနစ်များဖြင့် တည်ဆောက် ထားခြင်းကြောင့် လေကြီးမိုးကြီးချိန် ကာလများတွင် ဓာတ်အားလိုင်း ချို့ယွင်းမှုများလည်း ဖြစ်ပေါ်လေ့ရှိသည်။

ဆင့်ပါးစပ် နှမ်းပက်

လျှပ်စစ် ဓာတ်အားသုံးစွဲသူအရေအတွက်နှင့် သုံးစွဲမှုပမာဏမှာ လူနေမှုစနစ်နှင့်အပြိုင် နေ့စဉ်တိုးတက်မြင့်မားလာသည်။ နေ့စဉ်လူမှုဘဝလိုအပ်ချက်အရရော ထွန်းကားလာသော နည်းပညာအရှိန်အဟုန်ကြောင့်ပါ အိမ်တိုင်းတွင် လျှပ်စစ်ဓာတ်အား ဆာလောင်လိုအပ်ချက်က တရှိန်ရှိန် ထိုးထွက်လာနေသည်။

အိမ်တိုင်း ရာဇဝတ်မှုဖြစ်ပွားရန် မရှိသော်ငြား အိမ်တိုင်းမှာ လျှပ်စစ်အန္တရာယ် သက်ရောက်လာနိုင်ခြေ အပြည့်ဖြစ်သည်။
မွန်ပြည်နယ်တွင် အိမ်ထောင်စုများ၏ ၃၅ ဒသမ ၇ ရာခိုင်နှုန်းမှာ အလင်းရောင်အတွက် လျှပ်စစ်မီးကို အဓိက အသုံးပြုသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ၃၂ ဒသမ ၄ ရာခိုင်နှုန်းပင်။

အစားအစာ ချက်ပြုတ်စားသောက်ရန်အတွက် လောင်စာအဖြစ် သစ်သား၊ ထင်းကို အဓိက အသုံးပြုသည်မှာ ၇၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်လေသည်။

လျှပ်စစ်စွမ်းအားကို အသုံးပြုလည်ပတ်ရသော နည်းပညာမြင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးက အိမ်တွင်းမှုဈေးကွက်အတွင်း အချိန်နှင့်အမျှ တသွင်သွင် ဝင်ရောက်နေကြပြန်သည်။

ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံ အသစ်များ တိုးချဲ့တည်ဆောက်ခြင်း၊ တည်ဆောက်ပြီး ရှိနှင့်ထားသည်များ၏ ကြံ့ခိုင်ထိန်းသိမ်းမှု လုပ်ငန်းများဆောင်ရွက်ခြင်း၊ သဘာဝဘေးဒဏ်အတွက် ပြန်လည် တည်ဆောက်ရေးတာဝန်များ ဆောင်ရွက်လျက်ရှိသည့်အပြင် ဓာတ်အားသုံးစွဲသူများ၏ လိုအပ်ချက် (Complain)များကိုလည်း ထမ်းဆောင်နေကြရသည်။
သို့တစေ လက်ရှိ ဖွဲ့စည်းထားသော ဝန်ထမ်းအင်အားဖြင့် များပြားလှသော တာဝန်များကို ထမ်းဆောင်ရာတွင် လူအင်အား၊ ပစ္စည်းလိုအပ်ချက်များအရ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန်မှာ ဌာနအတွက် စိန်ခေါ်မှုတစ်ရပ်ဟု ဆိုနိုင်ကြောင်း ဦးမောင်မောင်စိုးက မှတ်ချက်ပြုသည်။

မော်လမြိုင်တွင် လက်ရှိအခြေအနေ၌ ဓာတ်အားအသုံးပြုသည့် Consumer ၅၅၀၀၀ နီးပါးရှိနေသည်။ ယင်းအတွက် လိုင်းထိန်းသိမ်းရေးဆောင်ရွက်သည့် ဝန်ထမ်းအင်အားမှာ ၄ ဦးသာရှိနေကြောင်း သိရသည်။

လုပ်သားလိုအပ်ချက်မြင့်မားနေသော လျှပ်စစ်ဌာနသို့ ဝင်ရောက်လုပ်ကိုင်သူ နည်းပါးခြင်းနှင့်ပတ်သက်၍ ဟင်္သာက မေးမြန်းရာတွင် နေ့စားဝန်ထမ်းအဖြစ် လုပ်သက် ၈ နှစ်ကြာ လုပ်ကိုင်ခဲ့သူ လျှပ်စစ်ဝန်ထမ်းတစ်ဦးက “အာမခံချက် မရှိလို့”ဟု သူက တိုတိုတုတ်တုတ် မှတ်ချက်ပေးသည်။

 “နေ့စားဝန်ထမ်း ခန့်အပ်မယ်ဆိုရင်လည်း ပညာအရည်အချင်းသတ်မှတ်ချက်က ဘွဲ့ရပညာတတ်ဖြစ်ဖို့ တောင်းဆိုထားတော့ လာလျှောက်သူရှိရင်တောင် ဌာနအနေနဲ့ ခန့်ထားဖို့ ခက်နေတယ်”ဟု သထုံမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးဝင်းမောင်က ပြောသည်။

နေ့ဆိုင်း ညဆိုင်းခွဲကာ ၂၄ နာရီအပြည့် ထမ်းဆောင်နေပါသည်ဟု မည်သို့ပင်ဆိုစေကာမူ လစ်လပ်နေသော ဝန်ထမ်းအင်အားနှင့်အပြိုင် လစ်ဟင်းသွားသော တာဝန်များလည်း ရှိနေဦးမည်ဖြစ်ကြောင်း မြို့နယ်အင်ဂျင်နီယာတစ်ဦးက ညည်းညူသည်။

မည်သို့ဆိုစေ ပြည်သူပါဝင်သော လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးကို အလေးထား ဆောင်ရွက်နေသည်ဆိုသော လျှပ်စစ်ဌာနတွင် အများပြည်သူ လျှပ်စစ်အသိ၊ လျှပ်စစ်သတိ မပြတ်ရှိစေရန် လူထုထံ အသိပညာပေး သတိပေးလုပ်ငန်းစဉ်အတွက် မြို့နယ်အဆင့်က ဆောင်ရွက်နိုင်ရန် ဘတ်ဂျက်လျာထား သတ်မှတ်ထားခြင်း မရှိချေ။

ဓာတ်အားဖြန့်ဖြူးရေးနှင့် တိုက်ရိုက်ဆက်နွယ်လုပ်ကိုင်နေရသည့် ဝန်ထမ်းများကို လုပ်ငန်းခွင် အသိပညာ အတတ်ပညာမြှင့်တင်ပေးရေး ဆောင်ရွက်ရန် ဘတ်ဂျက်မှာလည်း သုညအနေအထားသာ ဖြစ်သည်ဟုဆို၏။

ယင်းမှာ ဌာန၏ အားနည်းချက်ပင်။

ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသော စကားမျိုးကို နားဝင်ချိုမည့် ပြည်သူ တစ်ဦးတစ်ယောက်မှ ရှိမည်မဟုတ်ပေ။
နောက်ထပ် ဇွန်ဖူးဝေများ ထပ်မံ ပေါ်ထွက်မလာရေးအဖြေမှာ အန္တရာယ် သက်ရောက်လာနိုင်ခြေ အပြည့်ရှိနေဆဲဖြစ် သာ ကောင်းကင်ဓာတ်အားလိုင်းအောက်တွင်…

Written by ခေတ်မင်း

Advertisements
<

Leave a Reply