မော်လမြိုင်၊ ဒီဇင်ဘာလ

မော်လမြိုင်မြို့၊ ဈေးကြို အဝိုင်းကို လာမည့် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် ပြင်ဆင်တည်ဆောက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

လက်ရှိ အဝိုင်းရုပ်တုမှာ သက်တမ်းကြာမြင့်နေပြီဖြစ်သည့်အလျောက် ပြိုကျပျက်စီးနိုင်ပြီး အဝိုင်းပတ်လမ်းမှာလည်း ကျဉ်းမြောင်းသည့်အတွက် လမ်းချဲ့ထွင်မည့် အစီအစဉ်ပါ တစ်ဆက်တည်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဝိုင်းပတ်လမ်းရှိ ကြက်လျှာစွန်းကိုလည်း မူလရှိရင်းစွဲထက် အတိုးအလျှော့ ပြုလုပ်မည်ဖြစ်ကြောင်း၊ ယာဉ်ကြီးများ အဝိုင်းပတ်၍ မောင်းနှင်ဖြတ်သန်းရာတွင် အဆင်ပြေစေရန် လက်ရှိအရွယ်အစားထက် အနည်းငယ်လျှော့ချသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ရုပ်တုက နည်းနည်းသေးသွားမယ်။ အဲဒီရုပ်တုကိုလည်း ထားချင်မှ ထားသွားမယ်။ အဝိုင်းက ခုက တော်တော် စောင်းနေပြီ” ဟု ၎င်းက ထပ်လောင်းပြောသည်။

သို့ရာတွင် ယင်းလမ်းဆုံ၌ မီးပွိုင့်ထားရှိမည်ဆိုပါက လမ်းတည်ဆောက်ထားပုံအနေအထားအရ ယာဉ်မတော်တဆမှုဖြစ်ပွားနိုင်ခြေ မြင့်တက်နိုင်သောကြောင့် ယင်းအတွက် အစီအစဉ်မရှိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ လမ်းဆုံအဝိုင်းတွင် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ်ထက်တွင်လည်း ဝေဖန်ရေးသားမှုများ ရှိနေသည်။

Written by ရင်ငြိမ်းချမ်း

Leave a Reply