မော်လမြိုင် ၊ မေ ၁၇

မွန်ပြည်နယ် ၊မော်လမြိုင် မြို့ ဈေးကြိုအဝိုင်း ကို တင်ဒါခေါ်ယူမည်မဟုတ်ပဲ အစိုးရက သက်ဆိုင်ရာ ဌာန ကိုသာ တာဝန်ပေးအပ်တည်ဆောက်မည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေး နှင့် ဆောက်လုပ်ရေး ဝန်ကြီးဦးမင်းကျော်လွင်ကပြောကြားသည်။

လုပ်ငန်း အတတ်ပညာ နှင့် ပညာရပ်ပိုင်းဆိုင်ရာ ကိစ္စများကြောင့် ပြည်နယ်အစိုးရ အဖွဲ့ အနေနှင့်သက်ဆိုင်ရာ ဌာနကို လုပ်ကိုင်စေခြင်းဖြစ်ကြောင်းလည်း၎င်းကဆိုသည်။

ယင်းသို့တင်ဒါခေါ်ယူခြင်းမရှိဘဲ အစိုးရဌာနက တာဝန်ယူဆောင်ရွက်ခြင်း မှာ လုူပ်ထုံးလုပ်နည်းများ နှင့် အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း စည်ပင်သာယာရေး နှင့် ဆောက်လုပ်ရေး ဝန်ကြီးဦးမင်းကျော်လွင်က ပြောကြားသည်။

“ဥပဒေလုပ်ထုံးလုပ်နည်း နဲ့ကိုက်ညီမှုရှိပါတယ်။ ၁/၂၀၁၇ တင်ဒါသည်းမျဉ်း အရ ဟာ တင်ဒါခေါ်တဲ့နေရာမှာ လိုက်နာဆောင်ရွက်ရမဲ့ လုပ်ထုံး လုပ်နည်းညွှန်ကြားချက်ပဲဖြစ်တယ်။လုံးဝခေါ်ရမှာ မဟုတ်ဘူး”ဟု ဦးမင်းကျော်လွင် ကဆိုသည်။

လမ်းမကြီးငါးခုဆုံသည့်နေရာ ဖြစ်သော ဈေးကြိုအဝိုင်း ကို ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ် မှ ဘက်ဂျက်ငွေ ကျပ်သန်း ၁၅၀ ဖြင့်ပြန် လည်တည်ဆောက်ရန်လုပ်ငန်းစတင်နေခြင်းဖြစ်သည်။

၁/၂၀၁၇ တင်ဒါသည်းမျဉ်း အရ ဘဏ္ဍာငွေကျပ်သန်း ၁၀၀ ထက်ကျော်လွန်အသုံးသည့် လုပ်ငန်းတိုင်း တင်ဒါခေါ်ယူရန်လိုအပ်ပြီး လုပ်ငန်းတင်ဒါ (သို့မဟုတ်) အသုံးပြုမည့် ပစ္စည်းတင်ဒါ ခေါ်ယူရမှာ ဖြစ်ကြောင်း မွန်ပြည်နယ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကထောက်ပြပြောဆိုသည်။

“တကယ်လို့ ဌာနကိုဆောင်ရွက်စေမယ် ဆိုရင် ပစ္စည်း တင်ဒါခေါ်ယူရမှာဖြစ်တယ်၊ပစ္စည်းတင်ဒါလဲ မခေါ်ဘူး အလုံးစုံ တင်ဒါလဲမခေါ်ဘူးဆိုရင် လွဲနေတယ်”ဟု လွှတ်တော်ဒုတိယဥက္ကဋ္ဌက ပြောသည်။

အဆိုပါ ၅လမ်းဆုံ စျေးကြို အဝိုင်းကို မေလ ၇ရက်နေ့ညက စတင် ဖြိုချခဲ့ပြီး အသစ်ပြန်လည်တည် ဆောက်ရန်လုပ်ငန်းစတင်နေပြီဖြစ်သည်။

အဆိုပါ အဝိုင်း တည်ဆောက်ခဲ့သည်မှာ နှစ်၂၀ကျော်နေပြီ ဖြစ်သည့်အတွက် အောက်ခြေအပိုင်းအက်ကွဲ များ သိသိသာသာ တိမ်းဆောင်းလာပြီး အချိန်မှီ ပြန်လည်တည်ဆောက်ရန်စီစဉ်ရှိမရှိကို ၂၀၁၇ခုနှစ် မတ်လ ၂၁၇က်နေ့တွင် ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးတွင်ချောင်းဆုံ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက မေးမြန်းခဲ့ပါသည်။

အဆိုပါ လွှတ်တော် အစည်းအဝေးတွင် အစိုးရမှ အချိန်မှီ တည်ဆောက်ပေးမည်ဖြစ်ကြောင်း ကတိပြုပြော ဆိုခဲ့ပြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနမှ လေ့လာစိစစ် မှုများပြုလုပ် ခဲ့ ပြီး အချိန်မှီ တည်ဆောက်ရန် အတွက် ဘဏ္ဍာငွေ လျာထားချက်ကို အတည်ပြုဆုံးဖြတ်ခဲံသည်။

မော်လမြိုင်မြို့ ရှိလမ်းမကြီး ငါးခုဆုံသည့် စျေးကြိုအဝိုင်းကို ၁၉၉၂ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ရန်လင်းအောင်

Leave a Reply