မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ လက်ထောက် ညွန်ကြားရေးမှူး ဒေါက်တာစိုးနိုင်နှင့် တွေဆုံခြင်း

မွန်ပြည်နယ်အတွင်း ရောင်းချနေသည့် ဆေးဝါးများအပါအဝင် တရားမဝင် ဆေး၊ သက်တမ်းလွန်ဆေး၊ စပ်ဆေးတို့ကို မည့်သို့မည်ပုံ ဆောင်ရွက်သွားမည့် အခြေအနေများနှင့် အဆိုပါ ဆေးဝါများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေး နောက်ဆက်တွဲ ဆိုးကျိုးများကို မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ လက်ထောက် ညွန်ကြားရေးမှူး ဒေါက်တာစိုးနိုင်နှင့် တွေ့ဆုံပြီး မေးမြန်းဖော်ပြလိုက်ပါသည်

ဟင်္သာမီဒီယာ ။    ။ ပထမအနေနဲ့ ပြည်နယ်မှာ သက်တမ်းလွန်ဆေးတွေနဲ့ တရားမဝင် ဆေးဝါးတွေကို ဘယ်လို ဆောင်ရွက်သွားဖို့ ရှိလဲ။
ဒေါက်တာစိုးနိုင် ။    ။ အခုဟာ ကျွန်တော်တို့ ဆောင်ရွက်နေတာက ဗဟို အစားအသောက်နှင့် ဆေးဝါး ကွက်ကဲမှု ဦးစီးဌာနက ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်နေတယ်၊ အမျိုးသားဆေးဝါး ဥပဒေ၊ နည်းဥပဒေ အတိုင်း ဆောင်ရွက်နေတယ်၊ ဒီလိုဆောင်ရွက်တဲ့ နေရာမှာ ဆယ်စုနှစ် သုံးစုလောက် ရှိခဲ့ပြီး၊ ဒါပေမယ့် ဒီဥပဒေပါအတိုင်း ဆောင်ရွက်ရမယ့် အပိုင်းတွေကို အောက်ခြေအပိုင်းမှာ အားနည်းနေတယ်၊ ဒါက အမှန်ပဲ။
ကျွန်တော်တိုအနေနဲ့ လုံးဝ ရောင်းချခြင်း မပြုရတဲ့ ဆေးဝါးစာရင်းကို ထုတ်ပေးတယ်၊ အဲဒီမှာဆို သက်တမ်းလွန်တဲ့ ဆေးတွေပါတယ်၊ ပျက်စီးတဲ့ ဆေးဝါးတွေ ပါတယ်၊ နောက်တစ်ခုက ရောနှောဆေးဝါးတွေ ပါတယ်၊ စပ်ဆေးတွေ ပါတယ်၊ တရားမဝင် တင်သွင်းလာတဲ့ ဆေးဝါတွေ ပါတယ်၊ မြန်မာနိုင်ငံ ဆေးဝါး ညွှန်ကြားစာ မပါတဲ့ ဆေးဝါးတွေ ပါတယ်၊ ဒီဟာတွေကလည်း အပြင်မှာ အကုန်ရှာလို့ ရတယ်၊ ကျွန်တော်တို့က စစ်ဆေးသူအဖြစ်ပဲ ပါဝင်လို့ရတယ်။

ဟင်္သာမီဒီယာ ။    ။ ဒီသက်တမ်းလွန် ဆေးဝါးတွေကို ဘယ်သူတွေက အရေးယူနိုင်လဲ။
ဒေါက်တာစိုးနိုင် ။    ။ စီမံခန့်ခွဲမှုနဲ့ အရေးယူခြင်း၊ မယူခြင်း၊ အမျိုးသား ဆေးဝါး ဥပဒေနဲ့ အညီ တရားစွဲဆိုခြင်း မစွဲဆိုခြင်းဆိုတဲ့ အပိုင်းတွေကျတော့ အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေး ကော်မတီနဲ့ ဆိုင်တယ်၊ ၁၉၉၂ ခုနှစ်အမျိုးသားဆေးဝါး ဥပဒေအရဆို ဈေးကွက် ကွင်းဆင်းထောက်လှမ်းခြင်း၊ အရေးယူခြင်း အပိုင်းတွေက မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေး ကော်မတီရဲ့ စီမံခန့်ခွဲမှု အာဏာအောက်မှာ ရှိနေတယ်။
ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့မှာ အရေးယူတဲ့ အာဏာ မရှိဘူး၊ တည်ဆဲ ဥပဒေအရဆို ကော်မတီမှာပဲ လုပ်ပိုင်ခွင့် ရှိတယ်၊ ကျွန်တော်တို့ ဈေးထဲသွားလို့ တရားမဝင်ဆေးတွေ တွေ့တယ်၊ မှတ်ပုံမတင်ထားတဲ့ ဆေးဝါးတွေတွေ့ရင် ခုဏက ပြောထားတဲ့ ဥပဒေပါ ပြဌာန်းချက်အရဆို ဥပဒေအတိုင်း တရားစွဲရမှာ ဖြစ်တယ်။ ဥပဒေ ပုဒ်မ ၁၈ အရ တရားစွဲရမယ်၊ ဒီအတွက် ဆုံးဖြတ်ပိုင်ခွင့်ကို မြို့နယ်ကော်မတီတွေမှာ ရှိနေတယ်။

ဟင်္သာမီဒီယာ ။    ။ လက်ရှိမှာ သက်တမ်းလွန် ဆေးဝါးတွေနဲ့ တရားမဝင် တင်သွင်းတဲ့ ဆေးဝါးတွေကို အရေးယူထားတွေ လုပ်ထားလား။
ဒေါက်တာစိုးနိုင် ။    ။ လောလောဆယ်မှာ အပြောင်းအလဲ ကာလလည်း ဖြစ်တယ်၊ အရင်က ခေါက်ရိုးကျိုးခဲ့တဲ့ အနေအထားတွေလည်း ရှိနေတော့ စီမံခန့်ခွဲတဲ့ အပိုင်းနဲ့ပဲ၊ အရေးယူတယ်ဆိုပြီး အခုအချိန်အထိ အဲအတိုင်းပဲ သွားနေရတယ်။
အခုနောက်ပိုင်းမှာ တရားစွဲမယ်ဆိုရင် ကျွန်တော်တို့ ဥပဒေအရလုပ်ဖို့ အခက်အခဲတွေ အများကြီးရှိတယ်၊ ဘယ်လိုု အခက်အခဲတွေလဲဆိုတော့ ကော်မတီပိုင်းနဲ့ လိုက်ပါဆောင်ရွက်တဲ့ ဆေးသည်တွေကလည်း လိုက်နာ ဆောင်ရွက်မှု အားနည်းနေတယ်၊ ဒီအချက်တွေ ရှိတဲ့အခါကျတော့ ထိန်းသိမ်းကွက်ကဲတဲ့ အပိုင်းတွေကို လုပ်ချင်သော်လည်း ထိရောက်မှု မရှိဘူးဖြစ်နေတယ်။
ကျွန်တော်တို့ ဆေးဆိုင်တွေ တော်တော်များ စစ်ရတဲ့ နေရာမှာ လက်ထဲမှာရှိတဲ့ ဆေးဝါးက တရားဝင်ဆေးလား တရားမဝင် ဆေးလားဆိုတာ အဖြေပေးရတယ်၊ ဒီဟာတွေ စစ်ဆေးဖို့ ကျွန်တော်တို့ နည်းပညာပိုင်းအရဲ့ တရားမဝင် ဆေးရောင်းလို့ အမျိုးသားဆေးဝါး ဥပဒေပုဒ် ၁၅ (ဃ) ပြဌာန်းချက်ကို ကျူလွန်နေတာဖြစ်လို့ ပုဒ်မ ၁၈ နဲ့ တရားစွဲခွင့် ရှိတယ်။
NLD အစိုးရသစ်ကလည်း စတတ်လာကတည်းက ရုတ်ရုတ်ဖြစ်လာတော့ သူတို့ကလည်း မနှစ်မျိုးဘူး၊ နောက်ပိုင်းမှာ နိုင်ငံတော်အဆင့် လူကြီးတွေကလည်း ဒါတွေက ခေါက်ရိုးကျိုးခဲ့တာ ကြာပြီး၊ ဒါတွေကို ပညာပေး စည်းရုံးမှုကိုပဲ ဦးစားပေးပါ၊ စီမံခန့်ခွဲတဲ့ နည်းလမ်းနဲ့ပဲ အရေးယူမှုကိုပဲ ဦးစားပေးပါ၊ မဖြစ်မနေ လိုအပ်လာမှ တရားစွဲပါလို့ ပြောလာတယ်။ ကျွန်တော်တို့ကလည်း ထိရောက်တဲ့ ထိန်းသိမ်းမှုတွေကို လုပ်ချင်လည်း အတားဆီးတွေ အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီးရှိနေတယ်။

ဟင်္သာမီဒီယာ ။    ။ ဒီဆေးဝါးတွေကို ဘယ်လို ထိန်းချုပ် အကောင်အထည် ဖော်သွားဖို့ ရှိလဲ။
ဒေါက်တာစိုးနိုင် ။    ။ ကျွန်တော်တို့က လောလောဆယ်မှာ အချက်သုံးချက်ကို အကောင်အထည်ဖော် နေတယ်။ ဘာလဲဆိုတော့ အာနိသင်ပြည့်ဝသော ဆေးဝါးများ ပြည်သူလူထု သိရှိခံစားနိုင်ရေး ဖြစ်တယ်၊ အဲဒီအတွက်ဆို ဆေးဆိုင်တွေက ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ဘောင်ထဲမှာ ရှိရမယ်။
နောက်ပြီး ဖြန့်ဖြူးရောင်းချ သိုလှောင်တဲ့ စနစ်တစ်ခုကို ကျင့်သုံးဖို့ လိုတယ်၊ ကျွန်တော်တို့ ဆေးဆိုင်တွေကို သွားစစ်လို့ရှိရင် ဆေးဆိုင်တွေက ဒီအချက်တွေနဲ့ မညီဘူးဆိုရင် ပြင်ခိုင်းတယ်၊ နောက်ပြီး သုံးလလောက် ပြင်ခိုင်းလိုက်တယ်၊ သုံးလတန်လို့ ကျွန်တော်တိုု့ ပြန်စစ်ရင် နဂိုအတိုင်းပဲ ပူးပေါင်း မဆောင်ရွက်ဘူးလို့ ယူဆတဲ့အတွက် စီမံခန့်ခွဲတဲ့ နည်းလမ်းနဲ့ လုပ်လို့ မရတော့ဘူး၊ စီမံခန့်ခွဲတဲ့ အပိုင်းနဲ့ လုပ်လို့ မရလို့ အရေးယူတဲ့ အပိုင်းကို ဆောင်ရွက်ရမယ်။ ဒီနည်းနဲ့ စည်းရုံးမယ် ပညာလည်း ပေးမယ်၊ သူတို့ကို အချိန်ကာလ တစ်ခုအတွင်း ပြောင်းလဲလို့ရအောင် အချိန်ပေးသွားမယ်။

ဟင်္သာမီဒီယာ ။    ။ ဆေးရောင်းချတဲ့ သူတွေအနေနဲ့ ဆေးပစ္စည်း ထိန်းသိမ်းတဲ့ နေရာမှာ ကျန်မားရေးနဲ့ ကိုက်ညီမှုတွေ ရှိနေလား။
ဒေါက်တာစိုးနိုင် ။    ။ အခုဆိုရင် ကမ္ဘာကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ဆေးဝါးဟာ သက်ဆိုင်ရာ ထုတ်လုပ်တဲ့ ကုမ္ပဏီအညွန်းထဲမှာ သူတို့ဆေးဝါးကို မည့်သည့် အပူချိန်မှာ ထားပါ၊ အေး၍ ခြောက်သွေ့သော နေရာမှာ ထားပါ၊ အဲဒီအညွှန်း မပါခဲ့ဘူးဆိုရင် ဆေးဝါးတွေ အပူချိန် ၁၅ ဒီဂရီနဲ့ ၂၅ ဒီဂရီအတွင်းမှာ သာထားရမယ်၊ ကျွန်တော်တို့လို အပူပိုင်းဒေသမှာ ကျရောက်တဲ့ နိုင်ငံတွေက အမြင့်ဆုံးအပူချိန် ၃၀ ဒီဂရီမှာပဲ ထားလို့ ရတယ်။
လက်ရှိ ကျွန်တော်တို့ဆီမှာ ရောင်းချနေတဲ့ ဈေးအပေါ်ထပ်က ဆေးဆိုင်တွေဆို နေကလည်း ထိုး၊ လေတွေကလည်း ဝင်တယ်၊ နောက်ပြီး မျက်နှာကြပ်က မရှိဘူး၊ လေအေးစနစ်ကလည်း မရှိဘူး၊ ဒီအနေအထားတွေမှာဆို ဆေးတွေရဲ့ အာနိသင်ပိုင်း ဆိုင်ရာတွေက မေးခွန်းထုတ်စရာ ဖြစ်လာတယ်။
ကျွန်တော်တို့ ပြီးခဲ့တဲ့ လပိုင်းက ပြည်နယ် အစားအသောက်နှင့် ဆေးဝါး ကွက်ကဲမှု ကော်မတီ အစည်းအဝေးမှာ issue တင်တယ်၊ အဲဒါက အမှတ် (၁) ဈေးမှာရှိတဲ့ ဆေးဝါးတွေက သန့်စင်ပစ္စည်းတွေ ဖြစ်တော့ အပေါ်ထပ်မှာ ထားလိုက်တဲ့ ကိစ္စဖြစ်တယ်၊ သူတို့ထားလိုက်တော့ အပေါ်ထပ်က သွပ်မိုးနဲ့ ဆေးဗီဒိုနဲ့ ငါးပေလောက်ပဲ ကွာတယ်၊ ဒီလိုပူပြင်းတဲ့ အယ်နီညိုရာသီအောက်မှာဆို သွပ်မိုးတွေရဲ့ အောက်မှာရှိတဲ့ ဆေးဝါးတွေရဲ့ အာနိသင်က စဉ်းစားစရာ ဖြစ်လာတယ်။
ဆေးဝါးဆိုတာ စက်ရုံက ထွက်လာတဲ့ ၅၀၀ မီလီဂရမ်ဟာ နောက်ဆုံး လူနာလက်ပေါ်ရောက် သွားတဲ့ ၅၀၀ မီလီဂရန် ပြည့်ဝစွာ ရှိနေတော့မှာ မဟုတ်ဘူး၊ ဒီ ၅၀၀ မီလီဂရန်ကို ပြည့်ဝစွာ ခံစားမှသာလျှင် ကောင်းမွန်တဲ့ ဆေးဝါးဖြတ်သန်းမှု ဖြစ်လာမှာ ဖြစ်တယ်၊ ဆေးဝါးအတွက် တန်ရာ တန်ကြေးပေးလိုက်ပေမယ့် ဆေးဝါးရဲ့ အာနိသင် မရှိတော့ဘူး။

ဟင်္သာမီဒီယာ ။    ။ ဆေးဝါးတွေက အာနိသင် နည်းလာတဲ့အတွက် ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာနိုင်လဲ။
ဒေါက်တာစိုးနိုင် ။    ။ ကျွန်တော်တို့ နိုင်ငံမှာ ပြဿနာ တတ်နေတာက ဆေးမတိုးတော့ဘူး၊ ဆေးမတိုးတဲ့ ရောဂါတွေ ပေါ်နေတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဝယ်သောက်နေတဲ့ ဆေးဝါးတွေက မူရင်းက ၅၀၀ မီလီဂရမ် ရေးထားပေးမယ့်လည်း သိုလှောင်မှု ရောင်းချမှု၊ ထိန်းသိမ်းမှုတွေ ချို့ယွင်းခဲ့လို့ ပျက်စီးသွားတာတို့ လျော့နည်းသွားတာတို့ မမှီတော့တာတို့ ဖြစ်နေတယ်၊ မူရင်း ၅၀၀ မီလီဂရမ် ရမှ ကောင်းမယ့် ရောဂါတွေဆို ၂၀၀ မီလီဂရမ်လောက်ပဲ ရတော့တယ်၊ ဒီကြားထဲမှာ လုံးဝ အာနိသင်မရှိတော့တဲ့ ဆေးဝါးတွေလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်၊ အဲဒါနဲ့ ကျွန်တော်တို့ ဈေးကွက်ထဲမှာ ဝယ်ယူသောက်သုံးနေတဲ့ ဆေးဝါးတွေဟာ အရည်အသွေး ပိုင်ဆိုင်ရာမှာ စိတ်ချလို့ မရတော့ဘူး။
စပ်ဆေးဆိုတာက ဝင်ငွေနည်း လူတန်စားတွေအတွက် မရှိမဖြစ် ဖြစ်နေတယ်၊ ဘာကြောင့်လဲဆိုတော့ စပ်ဆေး တစ်ခွက်သည် ၂၀၀ ကျပ်၊ ၁၅၀ ကျပ်လောက်ပဲ ရှိတယ်၊ ဒါပေမယ့် ထိုဝေဒနာ ခံစားနေရတဲ့ သူတွေကို ဆရာဝန် သွားပြရင် ၄၀၀၀၊ ၅၀၀၀ လောက်ကုန်တယ်၊ အထူးကုပြရင်တော့ ၁၀၀၀၀ ကျော်သွားတယ်၊ ဒီတော့ စပ်ဆေးတွေက ဝင်ငွေနည်း လူတန်းစာတွေအတွက် အားကိုရာ ဖြစ်နေတယ်။
ချောင်းဆိုး၊ ရင်ကြပ်တွေအတွက် စပ်ဆေးသောက်လိုက်ရင် အဆင်ပြေပြီးလို့ ထင်ကြတယ်၊ ဒူးနာနေတဲ့ သူအတွက် ဆေးအုပ်စုတွေ နှစ်မျိုး၊ သုံးမျိုးလောက်ကို ပေါင်းထားတဲ့ အခါကျတော့ တော်ရုံအနာလောက်ဟာ ချက်ချင်ပျောက်သွားတယ်၊ ကျွန်တော် ပြောရဲတာကတော့ ဝင်ငွေနည်း လူတန်းစားမှာ ဖြစ်ပေါ်နေတဲ့ ရောဂါတွေဟာ စပ်ဆေးတွေကြောင့် ဖြစ်တယ်၊ စပ်ဆေးတွေကို နေ့စဉ် သောက်လာတဲ့ အခါကျတော့ ဒီဆေးရဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာတယ်၊ တချို့ဆို အရေပြားတွေ ပြာသွားတယ်၊ မျက်နှာကြီးတွေ ဖောင်းလာတယ်၊ ကျောက်ကပ်တွေ ပျက်စီးသွားတယ်။
အခုနောက်ပိုင်းမှာဆို ဆေးဆိုင်တွေက ဆေးစပ်ပြီးရောင်းနေကြတယ်၊ အဖျားဆေးလေး နှစ်ခွက်လောက် စပ်ပေးလို့ ပြောလိုရင် စပ်ပေးကြတယ်၊ ဆေးဆိုင်တွေကလည်း ဆေးညွှန်းစာနဲ့ ရောင်းရမယ့် ဆေးတွေကို သူတို့ အကျိုးစီးပွားတစ်ခုထဲပဲ မကြည့်ပဲနဲ့ သူများတွေ ဆိုးကျိုးတွေ ဖြစ်လာနိုင်တာတွေကို ထည့်သွင်း စဉ်စားသင့်တယ်။

ဟင်္သာမီဒီယာ ။    ။ နောက်ဆုံးအနေနဲ့ ကျန်မားရေး စောင့်ရှောက်မှု အားကောင်းဖို့ဆိုရင် ဘယ်လို စနစ်နဲ့ သွားသင့်လဲ။
ဒေါက်တာစိုးနိုင် ။    ။ အဓိကကတော့ ဆေးညွန်းစာအဖြစ် ဝယ်ယူရောင်းချတဲ့ စနစ်ခု ဖြစ်လာဖို့လိုတယ်၊ အဲအတွက်လည်း ကျွန်တော်တို့ လုပ်နေတာ ရှိတယ်၊ အဲဒီစနစ်ကလည်း ၁၉၉၂ ခုနှစ် အမျိုးသားဆေးဝါး ဥပဒေ ထွက်ပြီး ၁၉၉၃ ခုနှစ်မှာ နည်းဥပဒေ ပြန်ထွက်ခဲ့တယ်၊ နည်းဥပဒေအပိုင်းမှာ ပြဌာန်းထားတယ်၊ မည်သည့် ဆေးသည် ဆေးညွှန်းစာဖြစ် ရောင်းချရမယ်၊ မည်သည့်ဆေးသည် ဆေးညွှန်းစာ မပါပဲ ရောင်းချခွင့် ရှိတယ်လို့ ပါပြီးသာ။ ဆေးညွန်းစာနဲ့ ရောင်းချရမယ့် ဆေးဝါးတွေက အများကြီး ရှိတယ်၊ သွေးတိုးကျဆေး၊ အာရုံကြောဆေး၊ အရိုးနဲ့ ပတ်သက်တဲ့ ဆေးတွေက ဆရာဝန်ဆေးညွှန်းစာပါမှ ရောင်းချလို့ ရမယ်။
ဒါပေမယ့် ခက်တာက ဆရာဝန်တွေ ကိုယ်တိုင်က ဆေးညွှန်းစာကို လွယ်လွယ်ပဲရေးကြတယ်၊ ဆရာဝန်တွေက ဆေးညွှန်းစာ ရေးပေးဖို့ အချိန်မပေးနိုင်ဘူး ဆိုရင်တောင်မှ အောက်မှာ စိတ်ချရတဲ့ ဝန်ထမ်းတွေကို ခေါ်ပြီး ရေးခိုင်သင့်တယ်၊ ဆရာဝန်တွေက လူနာတွေကို ကြည့်ပေးရမယ့် အချိန်တွေများလို့ ဆေးညွှန်းစာအတွက် အချိန်မပေးနိုင်ဘူးလို့ ပြောကြာတယ်၊ကျွန်တော်တို့ နောက်ပိုင်းမှာ ဥပဒေလမ်းကြောင်းအရ ပြန်ဝင်လို့ရတယ်၊ နောက်ပြီး မြန်မာနိုင်ငံ ဆရာဝန်အသင်းကနေ ဆရာဝန်တွေ ဆေးညွှန်းစာတွေ ရေးပေးဖို့ ကျွန်တော် တွန်းအားပေးဖို့ ရှိတယ်။
ဆေးညွန်းစာ မရေးတဲ့ ဆရာဝန်တွေကို ဆရာဝန်အဖြစ်က ရပ်ဆိုင်းမယ်လို့ ကန့်သတ်မှု လုပ်လိုက်ပြီး ထိန်းချုပ်ရင် ဒီဆရာဝန်က မရေးပဲ မနေတော့ဘူး၊ အခုက လွယ်လွယ်လေး ဖြစ်နေတော့ ငါမရေးလည် ဘာမှ မဖြစ်ဘူးဖြစ်နေတယ်။
ဆေးဆိုတာက လူတစ်ယောက်ရဲ့ အသက်အန္တရာယ်နဲ့ ရင်းပြီး ဖြစ်စေတဲ့ ရောင်းကုန်ဖြစ်တယ်၊ တစ်နည်းအားဖြင့် အာမခံ မရတဲ့ အမှုတွေဖြစ်တယ်၊ ဥပဒေအရ ပြင်ထန်းနေတယ်ဆိုမှ ဘုန်ကြီးတွေပါ ပါလာတယ်၊ နဖူးတွေ ဒူးတွေ့တွေ့မှ ပြင်းထန်တယ်လို့ ပြောနေကြတယ်။ အမျိုးသား ဆေးဝါး ဥပဒေက လူအသက်နဲ့ ဆိုင်လို့ ဖြစ်တယ်၊ လောလောဆယ်မှာတော့ ဆေးတွေကို လွယ်လွယ်ရောင်း လွယ်လွယ်လုပ်ပေးနေတယ်၊ ကျွန်တော်တို့ အနေနဲ့ ဒီအနေအထားကြီးကို မြန်မြန်သွားလို့ မရဘူး ဖြစ်နေတယ်။

Written by – ဇော်ထိုက်

Leave a Reply