မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်

မော်လမြိုင် ၊ မေ ၃၀

၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ် အတွင်း တည်ဆောက်ရန်စီစဉ်ထားသည့် မြိုင်သာယာဈေး ၊ ရွှေမြိုင်သီရိဈေး ကျိုက်မရော မြို့ဈေးများ အသစ်ပြန်လည်တည်ဆောက်ရန် တင်ဒါမခေါ်ပဲ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်သာ တည်ဆောက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေး ဝန်ကြီးဦးမင်းကျော်လွင်က ပြောသည်။

တင်ဒါခေါ်ယူရန်အချိန်မမီတော့ခြင်းကြောင့် ယင်းသို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“တင်ဒါခေါ်ဖို့ အချိန်မမီ တော့ဘူး စည်ပင်ဝန်ထမ်းတွေရဲ့ ကြီးကြပ်မှုနဲ့ စိတ်ချရတဲ့ ကုမ္ပဏီတွေကို တည်ဆောက်ခိုင်းမှာဖြစ်ပါတယ်” ဟု ဦးမင်းကျော်လွင် ကပြောသည်။

တည်ဆောက်မည့် ဈေးများအနက် အချို့ဈေးများမှာမှု ဈေးသူဈေးသားများ၏ သဘောဆန္ဒ ရယူထားခြင်းမရှိ ဟုဆိုကာ ကန့်ကွက်မှုများလည်း ဖြစ်ပေါ်နေသည်။

ပြီးခဲ့သည့် အပတ်အနည်းငယ်က မြိုင်သာယာဈေးဆိုင်ခန်းပိုင်ရှင်များနှင့် ရွှေမြိုင်သီရိ ဈေဆိုင်ခန်းပိုင်ရှင်များက အစိုးရ ၏ ဈေး သစ်တည်ဆောက်ခြင်း လုပ်ငန်း ကို ကန့်ကွက်ခဲ့ကြသည်။

“ကျွန်မတို့ဈေးသူဈေးသားအနေနဲ့က ဈေးကိုဘယ်လိုဆောက်မယ်ဆိုတာ အခုထိမသိသေးဘူး။ ဘယ်လို ပုံစံမျိုးနဲ့ ဆိုင်ခန်းနေရာဘယ်လိုခွဲမလဲဆိုတာလဲ မသိသေးဘူး ပျံကျဈေးသည်တွေကလည်း ဆိုင်ခန်းရ၊ မရ မသိသေးဘူး” မြိုင်သာယာဈေး မှ ဆိုင်ခန်းပိုင်ရှင် မမြမြချိုက ပြောသည်။

ရွှေမြိုင်သီရိဈေးကို ဖျက်ပြီးအသစ်ပြန်လည် တည်ဆောက်ရန်ဈေး သူဈေးသားများ အနေနဲ့ လုံးဝဆန္ဒ မရှိကြောင်း ယင်းဈေးသူဈေးသားများ ၏ ကိုယ်စားလှယ် ဒေါ်ခင်လှကြည်က ဆိုသည်။

“မဖျက်ချင်တဲ့ အဓိအကြောင်း က စာဝတ်နေရေးကြောင့်ပဲ၊ ဈေးကအကောင်းကြီးပဲ ရှိသေးတယ်၊ သူတို့က နှစ်လကြာမယ် လေးလကြာမယ်ပြောပေမဲ့ ကျွန်မတို့ မယုံပါဘူး”ဟု ဒေါ်ခင်လှကြည်က ပြောသည်။

မိသားစုစားဝတ်နေရေးနှင့် ဆိုင်ခန်းခ အကြွေးများ ပြန်မဆပ်နိုင်သေးသောကြောင့် ဈေးခန်းကို ဖျက်ပြီး အသစ်ပြန်ဆောက်လုပ်ခြင်းကို မလိုချင်သေးကြောင်း ရွှေမြိုင်သီရိဈေးမှ ကုန်စုံရောင်းသူ မစန်းစန်းနွယ်က ပြောသည်။

“ဈေးက နောက်၁၀နှစ်ထိ ဘာမဖြစ်သေးဘူး၊ အကောင်းတိုင်းရှိပါသေးတယ်၊ မယုံရင် လာကြည့်နိုင်ပါတယ်”ဟု ကိုမောင်ဇော်ကပြောသည်။

ဈေးသူ၊ ဈေးသားများ ဆန္ဒမပါပဲ အတင်းအကြပ် ဆောက်လုပ်မည် ဆိုပါက နိုငံတော်သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တို့ထံတိုင်ကြားသွားမည်ဖြစ်ကြောင်း ရွှေမြိုင်သီရိဈေးမှ ဈေးသည်တစ်ဦးဖြစ်သည့် ဒေါ်အေးစိုးက ပြောသည်။

မေလ၂၃ရက်နေ့ ရွှေမြိုင်သီရိရပ်ကွက် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွင် ရွှေမြိုင်သီရိဈေး သူဈေးများသားများနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ စည်ပင်ဝန်ကြီး တို့တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲတွင် ဈေးအသစ် တည်ဆောက်ခြင်းကို ထောက်ခံသည့်သူများနှင့် ကန့်ကွက်သည့် သူများကြား အချင်းများခဲ့ကြသည်။

ဈေးဆောက်လုပ်ခြင်းကို ကန့်ကွက်ပါက မေ၂၇ရက်နေ့တွင် စာတင်ရန် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ က ယင်းတွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။

မေလ ၂၄တွင် ရွှေမြိုင်သီရိဈေးအသစ် ဆောက်လုပ်ခြင်းကို ထောက်ခံကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ လိပ်မူပြီး ရပ်ကွက်အတွင်းနေထိုင်သူ အယောက် ၆၀၀ လက်မှတ်နှင့်တကွ စာတင်ပြထားကြောင်း စည်ပင်ဝန်ကြီးထံမှ သိရသည်။

သို့သော် မေလ ၂၇ရက်တွင် ရွှေမြိုင်သီရိဈေးတွင် ဆိုင်ခန်းရှင် ၁၃၁ ဦးက ဆိုင်ခန်း ၁၃၁ လက်မှတ်နှင့်တကွ စာထပ်မံတင်ပြခဲ့ကြောင်း သိရသည်။

ယင်းကန့်ကွက်စာတွင် ရွှေမြိုင်သီရိ ဈေးအသစ် တည်ဆောက်ခြင်းအား ရပ်ဆိုင်းပြီး ပျံကျဈေးသည်အား ဈေးရုံအနောက်ဘက်တွင် အကွက်ရိုက်ပီး အခွန်လွှတ်ဈေးအဖြစ် ဆောင်ရွက်ရန် စဉ်းစားသင့်ကြောင်း ရွှေမြိုင်သီရိ ဈေးသူဈေးသားများက အကြုံပြုတင်ပြထားကြောင်းတွေ့ရသည်။

“ဈေးဘတ်ဂျတ်ကိုတော့ သုံးကိုသုံးမယ် အစိုးရကတော့ လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်သွားမှာပါ” ဟု ဦးမင်းကျော်လွင်က ဆိုသည်။

အဆိုပါ ကန့်ကွက်မှုများ ရှိနေသော ရွှေမြိုင်သီရိဈေးသစ်ဆောက်လုပ်ရေး လုပ်ငန်းများမှာ စတင်နေပြီဖြစ်ပြီး မြိုင်သာယာရေး ကိုလည်း စတင်ဆောက်လုပ်ရန်ပြင်ဆင်နေပြီဖြစ်ကြောင်း ဦးမင်းကျော်လွင် ကပြောကြားသည်။

ရန်လင်းအောင်

Leave a Reply