Advertisements

မော်လမြိုင်၊ ဇွန်

မော်လမြိုင်မြို့ ရပ်ကွက်တစ်ချို့ရှိ ဈေးများနှင့် ကျိုက်မရော မြို့မဈေး အသစ်ပြန်လည်တည်ဆောက်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်များအတွက်ပစ္စည်း တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကိုကပြောကြားသည်။

၂၀၁၈ – ၁၉ ဘဏ္ဍာရေးနှစ် လျာထားချက်အတွင်း ပါဝင်သော မြိုင်သာယာစျေး၊ သီရိမြိုင်စျေး၊ ရွှေမြိုင်သီရိစျေး၊ ဒိုင်းဝန်ကွင်း စျေးပျံကျစျေး၊ ကျိုက်မရောမြို့မစျေးတို့ပြုပြင်တည်ဆောက်ရန်အတွက် ပစ္စည်းအမျိုးအစားအလိုက် လိုအပ်သလောက် ပစ္စည်းတင်ဒါများကို ခေါ်ယူသွားမည်ဖြစ်ကြောင်း ၎င်း ကဆိုသည်။

 “မိန်းပစ္စည်းတွေ သံချောင်းတို့ သွပ်တို့ ဘိလပ်မြေတွေ ကျောက်တို့ တစ်မျိုးချင်းတစ်မျိုးချင်းကို ပစ္စည်းလို လာပြီဆို တင်ဒါခေါ်ပြီး ဝယ်ရမယ် ” ဟု ဦးတင်ကိုကိုက ပြောသည်။

ဈေးများ တည်ဆောက်မည့်ကာလမှာ မိုးရာသီ ဖြစ်နေသောကြောင့်  ပစ္စည်းများလေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန်အတွက် ပစ္စည်းများခွဲခွဲပြီး အပိုင်းလိုက်အရတင်ဒါခေါ်ယူရတာဖြစ်သည်ဟု ၎င်းကထပ်လောင်းပြောကြားသည်။

စျေးတည်ဆောက်ရေးလုပ်ငန်းများကို မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်လုပ်ကိုင်မည်ဖြစ်ပြီး ဆောက်လုပ်ရေးကုမ္ပဏီမှကျွမ်းကျင်လုပ်သားများဖြင့် တည်ဆောက်သွားမည်ဖြစ်ဟု ဦးတင်ကိုကိုက ဆိုသည်။

“သူတို့ဆီက စတီးသမားဆို စတီးသမား၊ ပန်းရန်အဖွဲ့တွေကို သူတို့ဆီက ယူသုံးသွားမှာဖြစ်တယ်၊ ဦးစီးပြီး လုပ်ကိုင်တာက  စည်ပင်ကပဲ လုပ်မှာပါ။လူအများကြီး လိုတဲ့အခါကျတော့ ကုမ္ပဏီကြီးတွေကို အကူအညီတောင်းပြီး ပေါင်းလုပ်ရတာပေါ့ ” ဟု ၎င်း က ရှင်းပြသည် ။

ရွှေမြိုင်သီရိဈေးဆောက်လုပ်ခြင်းကို ဈေးသူ ဈေးသားတစ်ချို့ ကန့်ကွက်မှုများ ရှိနေသောကြောင့် ရွှေမြိုင်သီရိ ဈေးအနောက်ဘက်က မြေကွက်လပ်တွင် ပျံကျဈေးတစ်ခု တည်ဆောက်ပေးသွားဖြစ်ကြောင်းလည်း ၎င်းကပြောကြားသည်။

သီရိမြိုင်စျေးမှာ ဆောက်တည်ဆောက်မှု လုပ်ငန်းများ စတင်လျက်ရှိပြီး မြိုင်သာယာဈေးကိုလည်း လာမည့် ရက်သတ္တပတ်အတွင်း တည်ဆောက်ရန် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ဒိုင်းဝန်ကွင်း ပျံကျစျေးဆောက်လုပ်ခြင်း လုပ်ငန်းမှာလည်း ၇၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကာ ပျံကျဈေးသည်များရောင်းချနိုင်မည့်နေရာအတွက်လည်း စီစဉ်ထားကြောင်း ဦးတင်ကိုကိုက ပြောသည်။

အဆိုပါ ဈေးများ အားလုံးကို စက်တင်ဘာလကုန်တွင်အပြီးသတ်နိုင်ရန် စီစဉ်ထားကြောင်းလည်း ဦးတင်ကိုကိုက ထပ်လောင်းပြောဆိုသည််။

၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြိုင်သာယာစျေးတည်ဆောက်ခြင်းကို ကျပ်သန်း၅၄၄ ဒသမ ၅၈ သန်း၊ သီရိမြိုင်စျေးတည်ဆောင်ခြင်းကိုကျပ်သန်း ၁၀၈ သန်း၊ ရွှေမြိုင်သီရိစျေးတည်ဆောက်ခြင်းကို ကျပ်သန်း ၃၅၉ ဒသမ ၉၅သန်း၊  ဒိုင်းဝန်ကွင်း ပျံကျစျေး တည်ဆောက်ခြင်းကို၇၉.၈၆
သန်းနှင့် ကျိုက်မရောမြို့မစျေး တည်ဆောက်ခြင်းကို ကျပ်သန်း၅၈၆ ဒဿမ ၆၁ သန်းလျာထားကြောင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ စာရင်းများအရ သိရသည်။

ရန်လင်းအောင်

Advertisements
<

Leave a Reply