မော်လမြိုင် အောက်တိုဘာ

မွန်ပြည်နယ်တွင် ဟင်းသီးဟင်းရွက်များ ယခင်နှစ်ထက် အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အေးသာယာဈေးရှိ ဟင်းသီးဟင်းရွက် ရောင်းဝယ်သူများထံမှ သိရသည်။

ယခင် ဒေါ်လန်းညဈေး၌ ရောင်းချခြင်းထက် လက်ရှိအေးသာယာ ဟင်းသီးဟင်းရွက်ဈေးတွင် ရောင်းချခြင်းက ပိုမိုကောင်းမွန်လာပြီး တင်ပို့မှု များပြားလာကြောင်း ဟင်းသီးဟင်းရွက် လက်လီ/လက်ကား ရောင်းဝယ်သူ ဒေါ်မြင့်မြင့်စိုးက ပြောသည်။

“အရင်ဈေးမှာတုန်းက လက်ကား ဝယ်တာရှိပေမယ့် နည်းတာပေါ့နော်၊ နေရာလည်းကျဉ်းတယ်လေ၊ ဒီဈေးမှာကျတော့ ကားလည်းရပ်ရတာလွယ်တော့ လက်ကား ဝယ်တာပိုများတယ်၊ အရင်နှစ်တွေထက် ပိုရောင်းသွက်တာပေါ့”ဟု ၎င်းက ပြောသည်။

ယခုလအတွင်း ပြည်တွင်းမှထွက်ရှိသော အသီးအနှံများသာမက အထက်အညာမှ တင်ပို့လာသော အသီးအရွက်များလည်း အရောင်းအဝယ်သွက်နေပြီး လက်ကား ရောင်းဝယ်မှု ပိုမိုတွင်ကျယ်လာကြောင်း ဆက်လက်ပြောသည်။

အထက်အညာဘက်မှ ဝင်လာသော ကားများလည်း ကားရပ်ရလွယ်ကူသည့်အပြင် ဟင်းသီးဟင်းရွက်များ ဆက်တိုက်ဝင်နေသောကြောင့် အရောင်းအဝယ်လုပ်ရာတွင် ပိုမိုအားကောင်းနေကြောင်း ဟင်းသီးဟင်းရွက် ရောင်းဝယ်သူ ဦးနိုင်ဦးက ပြောကြားသည်။

“ဒီနှစ်ကတော့ အရောင်းသွက်တယ်လို့ ပြောလို့ရတယ်၊ ပစ္စည်းကလည်း ပုံမှန်ဝင်နေတယ်၊ ဝယ်တဲ့ဖောက်သည်တွေကလည်း ပုံမှန်လာမှာနေတယ်၊ လာဝယ်နေတယ်ဆိုတော့ ပိုကောင်းတာပေါ့”ဟု ၎င်းက ပြောသည်။

အေးသာယာဈေးတွင် လက်ရှိ လက်လီဈေးနှုန်းသည် ချဉ်ပေါင်တစ်စည်း ၅ဝ ကျပ်၊ ကန်စွန်းရွက် တစ်စည်း ၅ဝကျပ်၊ သံပုရာသီး ၅လုံး ၁ဝဝ ကျပ်၊ ပန်းဂေါ်ဖီ တစ်ဖီး ၅ဝဝ ကျပ်မှ ၇ဝဝ ကျပ်ဖြင့် ရောင်းချနေပြီး လက်ကား ဈေးသည် လက်လီဈေးထက် ၂ဝ ကျပ်မှ ၃ဝကျပ်အထိ လျော့ပေးထားကြောင်း ဆက်လက်ပြောသည်။

အေးသာယာဈေးကို ယခုနှစ် သြဂုတ်လမှ စတင်ဖွင့်လှစ်ခဲ့ပြီး ဟင်းသီးဟင်းရွက် သီးသန့်သာ လက်လီ လက်ကား ရောင်းချနေသော ဈေးဖြစ်ပြီး လက်ရှိတွင် ဟင်းသီးဟင်းရွက် ရောင်းချနေသော ဈေးသည်ပေါင်း ၅ဝ ကျော်ခန့်ရှိကြောင်း သိရသည်။

ထိုက်ထိုက်

Leave a Reply