ညဘက်သွားကြိတ်ခြင်းနှင့် နောက်ဆက်တွဲ ပြသနာများ

သွားကြိတ်ခြင်း (ဒါမှမဟုတ်) အံကြိတ်ခြင်းဆိုတာ အစာဝါးသလိုမျိုး သွားအချင်းချင်း ဒီအတိုင်း ပွတ်တိုက်ကြိတ်ဝါးနေတာမျိုးပါ။ ထူးခြားချက်ကတော့ သွားကြိတ်တဲ့အခါ သုံးရတဲ့ အားပမာဏဟာ အစာဝါးတဲ့အခါ သုံးရတဲ့အားပမာဏထက် ခြောက်ဆ ပိုများနေတာပါပဲ။

ကျွန်မတို့ လူသားတွေမှာ သွားမကြိတ်ဖူးသူရယ်လို့ မရှိကြပါဘူး။ နေ့စဉ်လူနေမှုဘဝတွေမှာ ဖြတ်သန်းနေကြရင်း ဒေါသထွက်စရာ၊ ခံပြင်းစရာတွေ ကြုံလာတဲ့အခါ အနည်းဆုံးတော့ အံကြိတ်၊ တက်ခေါက်တော့ လုပ်မိကြတာပါပဲ။ ဒါက သဘာဝ ဖြစ်စဉ်တစ်ခုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီနေရာမှာ သတိထားရမယ့် အချက်တစ်ခုရှိပါတယ်။

တစ်ခါတစ်ရံ သွားကြိတ်တာ၊ အံကြိတ်တာက ပြဿနာမရှိပေမယ့် အကြိမ်အရေအတွက်များလာတဲ့အခါ သွားနဲ့ခံတွင်း၊ မေးရိုးပတ်ဝန်းကျင်၊ နောက် မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားတွေအပေါ်မှာ ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာကိုပါ။

နေ့ခင်းဘက်မှာ သွားကြိတ်လေ့ရှိသူတွေအနေနဲ့ကတော့ ကိုယ့်ကိုကိုယ် သတိထားပြီး ထိန်းချုပ်နိုင်တဲ့အတွက် ဆိုးကျိုးတွေခံစားရလေ့မရှိပါဘူး။ ဒါပေမယ့် ညဖက်အိပ်ပျော်နေချိန်မှာ သွားကြိတ်လေ့ရှိတဲ့သူတွေကတော့ အောက်ပါ ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။

၁။ မိမိကိုယ်တိုင်နဲ့ ဘေးကအိပ်နေတဲ့သူတွေကို အနှောက်အယှက်ဖြစ်စေပါတယ်။

၂။ အားပမာဏ များများနဲ့ ကြိတ်ဝါးနေတာဖြစ်တဲ့အတွက် သွားမျက်နှာပြင်တွေပြုန်းတီးတာ၊ စိုက်ထားတဲ့သွားတွေ ပျက်စီးဆုံးရှုံးရတာ မျိုးတွေဖြစ်စေပါတယ်။

၃။ သွားကျဉ်ခြင်းဝေဒနာကို ခံစားလာရစေပါတယ်။

၄။ နားတဝှိုက်နေရာတွေမှာ နာလာတာ၊ ခေါင်းတွေကိုက်လာတာ၊ ပါးစပ် အပိတ်အဖွင့်ခက်တာ၊ ပါးစပ်လှုပ်လိုက်တိုင်း မေးရိုးကနေ အသံတွေ ထွက်လာတာမျိုးတွေ ဖြစ်စေပါတယ်။

၅။ မျက်နှာက ကြွက်သားတွေကို နာကျင်တောင့်တင်း လာစေပါတယ်။

၆။ သွားကြိတ်ခြင်းကို မထိန်းချုပ်ဘဲ ဒီအတိုင်းထားမယ်ဆိုရင် အဆိုးဆုံးအခြေအနေကတော့ သွားတွေ ယိုင်နဲ့ လာစေမှာ ဖြစ်ပါတယ်။

ညဖက်သွားကြိတ်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းကို တိတိကျကျပြောနိုင်ခြင်း မရှိသေးပါဘူး။ လေ့လာတွေ့ရှိချက်တွေအရတော့ ညဖက်သွားကြိတ်သူတွေဟာ များသောအားဖြင့် မျိုးရိုးလိုက်တာကို တွေ့ရပါတယ်။ လူကြီးတွေထက်စာရင် လူငယ်တွေမှာ ပိုပြီး အဖြစ်များနိုင်ပါတယ်။ ကဖင်းဓာတ်လွန်ကဲစွာ စားသောက်တဲ့လူတွေ (ဥပမာ _ကော်ဖီ၊ အားဖြည့်အချိုရည်များ)၊ စိတ်ဖိစီးမှု၊စိုးရိမ်စိတ် များတတ်တဲ့လူတွေ၊ သွားမညီညာတဲ့လူတွေမှာလည်း ညဖက်သွားကြိတ်ခြင်းတွေကို.တွေ့ရလေ့ ရှိပါတယ်။ နောက် စိတ်ကျရောဂါဝေဒနာအတွက် ဆေးသောက်နေရတဲ့လူတွေမှာ၊ ဦးဏှောက်ကို ပြင်းပြင်းထန်ထန်ထိခိုက်ထားတဲ့ လူတွေမှာလည်း ညဖက်သွားကြိတ်ခြင်းကို တွေ့ရပါတယ်။

ဒါကြောင့် ညဖက်သွားကြိတ်တတ်တဲ့လူတွေအနေနဲ့ စိတ်ဖိစီးမှု များတာတွေ၊ စိုးရိမ်စိတ်များတာတွေအတွက် မိမိကိုယ်ကို သတိထားပြီး ညအိပ်ခါနီးတိုင်း စိတ်ကိုတည်ငြိမ်အောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။ လိုအပ်ရင် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေခံယူသင့်ပါတယ်။ ဆေးဝးကြောင့်ဖြစ်တဲ့ သွားကြိတ်ခြင်းတွေကတော့ ဆေးသောက်တာရပ်လိုက်ပြီးတဲ့နောက်မှာ တဖြည်းဖြည်း ပျောက်သွားနိုင်ပါတယ်။ သွားနှင့် ခံတွင်း ဆိုင်ရာ ပြသနာတွေ ဖြစ်တဲ့ သွားတွေကျဉ်တာ၊ သွားတွေယိုင်နဲ့လာတာ၊ မေးရိုးနာတာ၊ ကြွက်သားတွေ တောင့်တင်းတာတွေအတွက် နီးစပ်ရာ သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်ဆီသွားပြီး ဆွေးနွေးကုသနိုင်ပါတယ်။

သွားကြိတ်ခြင်းကို မထိန်းချုပ်နိုင်တဲ့လူနာတွေအနေနဲ့ ဆရာဝန်တဲ့ ဆွေးနွေးတိုင်ပင်ပြီး ညဖက်အိပ်တဲ့အခါ သွားတွေမှာ ရာဘာအံကပ်တပ်ပြီး အိပ်ပေးသင့်ပါတယ်။ ရာဘာအံကပ်ဟာ သွားတွေပျက်စီးတာ၊ မေးရိုးတွေနာတာ၊ စတဲ့နောက်ဆက်တွဲ ပြဿနာတွေကနေ လျော့ချကာကွယ်နိုင်ပါတယ်။

ကြိုတင်ကာကွယ်ခြင်းအားဖြင့် သွားနှင့်ခံတွင်းဆိုင်ရာဝေဒနာများ ကင်းဝေးနိုင်ကြပါစေ။

Written by – ဒေါက်တာနွေဦးငယ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.