Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ ၁၄

မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ ဖက်ခင်းရပ်တွင် ဒီဇင်ဘာ ၁၁ ရက် ည ၈ နာရီအချိန်ခန့်က တစ်အိမ်တည်းနေ ညီအစ်ကိုအရင်း အချင်းချင်း စကားများရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်းမှ သိရသည်။

အစ်ကိုဖြစ်သူ ကိုညီညီသင်း အရက်မူး၍ နေအိမ် အရှေ့လမ်းမပေါ်တွင် လမ်းသွားလမ်းလာ ပြည်သူများအား ပြသနာရှာနေသဖြင့် ညီတော်ဖြစ်သူ ကိုစိုးဇေယျာမှ နေအိမ်အတွင်း ဆွဲခေါ်သွင်းခဲ့ရာမှ တစ်ဦးနှင့်တစ်ဦး တွန်းထိုးခဲ့ကြကြောင်း ယင်းစခန်း မှတ်တမ်းတွင် ဖော်ပြထားသည်။

“သူညီက အရက်မူးနေတဲ့ အစ်ကို ကို အိမ်ထဲ ဝင်အိပ်ဖို့ သွားခေါ်တာ မရဘူး၊ နောက်ပြီး အစ်ကိုက မိဘတွေကိုပါ ဆဲနေလို့ မဆဲဖို့ပြောတာလည်း မရဘူး၊ ဒါနဲ့ တစ်ယောက်နဲ့ တစ်ယောက် ထိုးကြရင် အစ်ကို ဖြစ်သူ ပြုတ်ကျပြီး အိမ်ရှေ့မှာ ခင်းထားတဲ့ ကွန်ကရစ်လမ်းနဲ့ ခေါင်းနဲ့ ဆောင့်သွားတာ”ဟု မုပွန်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သန်းမြင့်က ဆိုသည်။

ဦးခေါင်းသွေးထွက် ဒဏ်ရာဖြင့် သတိလစ်နေသည့် ကိုညီညီသင်းကို မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး၊ ဒီဇင်ဘာ ၁၂ ရက်တွင် ၎င်း ရရှိသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ယင်းစခန်းမှတ်တမ်းအရ သိရသည်။

“အခင်းဖြစ်ပွားတဲ့ ညချင်းပဲ သေဆုံးသူရဲ့ ညီကို ချက်ချင်း ဖမ်းဆီးခဲ့တယ်၊ ဒါဟာကို စခန်းမှူးကိုယ်တိုင်ပဲ အမှုဖွင့်စစ်ဆေး အရေးယူဆောင်ရွက်မှု ပြုလုပ်နေပါတယ်” ဟု မုပွန်နယ်မြေရဲစခန်းမှ တပ်ကြပ်ကြီး အုန်းမြင့်က ပြောဆိုသည်။

အစ်ကိုဖြစ်သူ ကိုညီညီသင်းအား သေဆုံးအောင် ပြုလုပ်ခဲ့သည့် ညီဖြစ်သူ ကိုစိုးဇေယျာကို မုပွန်နယ်မြေရဲစခန်းမှ (ပ) ၆၂၃/ ၂၀၁၇၊ လူသတ်မှုဖြစ်သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။

Written by – ခေတ်မင်း

Advertisements
<

Leave a Reply