ညောင်ချောင်းမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဒေသခံများ ကန့်ကွက်

ထားဝယ် အောက်တိုဘာ

ထားဝယ်မြို့နယ်၊ အညာဖျားကျေးရွာအုပ်စု၊ ညောင်ချောင်းမြစ်ဆုံတွင် ၁၈ မဂ္ဂါဝပ် အသေးစားရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံစီမံကိန်း လုပ်ဆောင်ရန်ကိစ္စကို ဒေသခံများက ကန့်ကွက်လိုက်သည်။

စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းရှိ /မရှိ အကြိုစမ်းသပ်လေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ရန် ဒယ်ကိုကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဒေသခံတို့ စက်တင်ဘာလ ၂၉ ရက်နေ့က ညောင်ချောင်းကျေးရွာ၌ တွေ့ဆုံချိန်တွင် ယင်းသို့ကန့်ကွက်ခဲ့သည်။

တွေ့ဆုံရာတွင် စီမံကိန်းအချက်အလက်များအား ဒယ်ကိုကုမ္ပဏီမှ စီမံကိန်းဒါရိုက်တာက ရှင်းပြပြီးနောက် ပွဲသို့တက်ရောက််လာသည့် အညာဖျားကျေးရွာအုပ်စုရှိ ကျေးရွာ ၅ရွာမှ ဒေသခံ ၃၀၀ ဝန်းကျင်က သဘောမတူကြောင်းမတ်တပ်ရပ်၍ ကန့်ကွက်ခဲ့သည်။

ယင်းစီမံကိန်း တည်ဆောက်လျှင် ဒေသများ၏ဥယျာဉ်ခြံမြေများ ထိခိုက်မည် စိုးရိမ်ပြီး ကန့်ကွက်ခြင်းဖြစ်ကြောင်း အညာဖျားကျေးရွာအုပ်စု ဒါးသွေးကျောက် ကျေးရွာခံအငြိမ်းစားကျောင်းဆရာ ဦးကြင်အောင်က ပြောသည်။

“ဥယျာဉ်ခြံမြေဆိုတာ ပဒေသာပင်ဖြစ်တယ်၊ သားစဉ်မြေးဆက် စားလို့မကုန်ဘူး၊ ကွမ်းသီးတစ်ပင်တောင် ဆုံးရှုံးမခံနိုင်ဘူး”ဟု ဦးကြင်အောင်ကဆိုသည်။

ယင်းစီမံကိန်းမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်၍ ထားဝယ်မြို့သို့ ဓာတ်အားသွယ်ယူမည့် စီမံကိန်းဖြစ်ပြီး ချောင်းဖျားရှိ အမြင့်မှ လိုအပ်သည့်ရေကို ပိုက်လုံးဖြင့် သယ်ယူလာပြီ းအောက်တွင်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်ဖြစ်ကြောင်း၊ ရေလှောင်တမံတည်ဆောက်သည့် စနစ်မျိုးမဟုတ်ကြောင်း ဒယ်ကိုကုမ္ပဏီမှ ညောင်ချောင်းမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ စီမံကိန်း ဒါရိုက်တာ ဦးမြအောင်က ပြောသည်။

ယခုစီမံကိန်းပြုလုပ်မည့်နေရာသည် ရွာ၊ ဥယျာဉ်ခြံများနှင့် လွတ်ကင်းပြီး ရေကို ပိုက်လိုင်းဖြင့် သွယ်ယူသည့်နေရာတွင် ခြံ အနည်းငယ်ထိနိုင်၍ ညှိနှိုင်းပြီး ခြံရှင်များသဘောတူမှ လုပ်ဆောင်မည်ဟု ၎င်းက ပြောသည်။

၂၀၁၂ ခုနှစ်က ဒယ်ကိုကုမ္ပဏီမှ အညာဖျားချောင်းတွင် ရေ ကာတာတည်ဆောက်၍ ရေအားလျှပ်စစ် ထုတ်လုပ်မည့် စီမံကိန်းကိုလုပ်ဆောင်ရန် စတင်ရာ အညာဖျားကျေးရွာအုပ်စုမှ ရွာများနှင့် ဥယျာဉ်ခြံများရေနစ်မြုပ်နိုင်၍ ဒေသခံများကန့် ကွက်မှုများဖြစ်ပေါ်ပြီး ယင်းနှစ် မေလတွင် စီမံကိန်းကို ရပ်နားခဲ့သည်။

ယခုယင်းနေရာမှ အထက်ဘက်ရှိ ညောင်ချောင်းမြစ်ဆုံတွင် အသေးစားရေအားလျှပ်စစ်ဓာတ်အာပေးစက်ရုံစီမံကိန်း လုပ်ဆောင်ရန် ထပ်မံ၍စီစဉ်လာခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ယင်းသို့ အကြိုစမ်းသပ်လေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ရန် တနင်္သာရီတိုင်းဒေသကြီးအ စိုးရအဖွဲ့နှင့် ဒယ်ကိုကုမ္ပဏီတို့ စက်တင်ဘာလ ၁၀ ရက်နေ့က နားလည်မှု လက်မှတ်ရေးထိုးခဲ့သည်။

စီမံကိန်းပြုလုပ်မည့်နေရာတွင် စက်တင်ဘာလ ၁၀ ရက်နေ့ မှ ၆ လအတွင်း ဖြစ်မြောက်နိုင် စွမ်း ရှိ/မရှိ အကြိုစမ်းသပ် လေ့လာခွင့် ဒယ်ကိုကုမ္ပဏီမှ ရရှိထားပြီး ယခုအချိန်တွင် ဒေသခံများသဘောမတူ၍ လုပ်ငန်းကို ရပ်ထားမည် ဖြစ်ကြောင်း၊ စီမံကိန်းဆက်လုပ်မလုပ် ဆိုသည်မှာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအပေါ်မှာလည်း မူတည်ကြောင်း စီမံကိန်းဒါရိုက်တာဦးမြအောင်က ပြောသည်။

ဒေသခံများ ကိုယ်စားပြုသူများ ကိုယ်တိုင်သဘောပေါက်မှသာ စီမံကိန်းကိုဆက်လုပ်မည်ဖြစ်ပြီး စီမံကိန်းအပေါ် နားလည်သဘောပေါက်၍ တာဝန်ခံမှု၊ တာဝန်ယူမှုကို ယုံကြည်လျှင် (သို့)ယင်းတို့တင်မြှောက်ထားသည့် ကိုယ်စားလှယ်များက ကမ်းလှမ်းလာလျှင် ဆက်လုပ်သွားမည်ဖြစ်ကြောင်း ဦးမြအောင်ကဆိုသည်။

အညာဖျားကျေးရွာအုပ်စုတွင်အညာဖျား၊ ဥယျာဉ်ကြီး၊ ဒါးသွေးကျောက်၊ ဆိတ်ချောင်း၊ ညောင်ချောင်းကျေးရွာတို့ရှိပြီး အိမ်ခြေ ၄၇၇ အိမ် ၊ အိမ်ထောင်စု ၄၄၅ စု၊ လူဦးရေ ၂၃၁၀ ဦးရှိသည်ဟု သိရသည်။

တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.