ဌာနေပြန် ရွှေ့ပြောင်းလုပ်သားဝင်ရောက်မှု နှစ်လဆက်တိုက် ၅၀၀၀ ကျော်စီ ရှိ

မြဝတီ အောက်တိုဘာ

ထိုင်း – မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတား အမှတ် ၁ မှတဆင့် မြဝတီမြို့ ၄ ရပ်ကွက် ရွှေ့ပြောင်းအလုပ်သမားရုံးသို့ စက်တင်ဘာလဆန်းမှ လကုန်အထိ တစ်လအတွင်း ဌာနေပြန် ရွှေ့ပြောင်းလုပ်သား ဝင်ရောက်မှုမှာ ယခင်လနည်းတူ ၅၀၀၀ ကျော်ရှိခဲ့သည်။

စက်တင်ဘာတစ်လလုံးတွင် ယင်းတို့ပြန်လည်ဝင်ရောက်မှုမှာ ၅၃၃၁ ဦး ရှိခဲ့ပြီး ပြီးခဲ့သည့် သြဂုတ်လကလည်း ၅၁၈၃ ဦးရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန နေ့စဉ်ထုတ်ပြန်ချက်များအရ သိရသည်။
စက်တင်ဘာလတွင် အမျိုးသား ၃၉၁၆ ဦး၊ အမျိုးသမီး ၁၄၁၅ ဦး၊ ပေါင်း ၅၃၃၁ ဦး ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါဝင်ပေါက်မှတဆင့်သာမက ထိုင်းနိုင်ငံ ကျယ်ဒီဆန်အုန်းကျေးရွာဘက်မှ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့၊ (၁)ရပ်ကွက်ရှိ သွပ်ပြားပေါက်(ဒေသအခေါ်)သို့လည်း ဝင်ရောက်မှု ရက်ခြားဆိုသလို ရှိခဲ့သည်။

သွပ်ပြားပေါက်မှတဆင့် ယင်းကာလတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၈၄ ဦး ပြန်လည်ဝင်ရောက်ခဲ့ရာ အမျိုးသား ၁၀၇ ဦး၊ အမျိုးသမီး ၇၇ ဦးဖြစ်ကြောင်း ထုတ်ပြန်ချက်များတွင် ပြဆိုခဲ့သည်။
ထိုင်းနိုင်ငံ၏ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင်ပြောင်းလဲမှုကြောင့် ဥပဒေနှင့်မညီညွတ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားသည် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ် ဝင်ပေါက်ဂိတ်အသီးသီးမှ ပြန်လည်ဝင်ရောက်လျက်ရှိခြင်းဖြစ်သည်။

ယင်း ဌာနေပြန် လုပ်သားများထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိကြောင်း၊ အစွန်းရောက် အကြမ်းဖက်သမား များ၊ မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူအတု ပြုလုပ်သူများနှင့် ငွေစက္ကူအတုများ ပါလာခြင်းမရှိစေရေး ပူးပေါင်းအဖွဲ့ဖြင့် စိစစ်ရှာဖွေလျက် ရှိသည်။

၄ ရပ်ကွက် ရွှေ့ပြောင်းအလုပ်သမားရုံးသို့ ဝင်ရောက်လာသည့် အလုပ်သမားများအနက် စက်တင်ဘာ ၁၂ ရက်နေ့က ဟာ(မ်)(၂၆ နှစ် ၊ ပေါင်းတုတ်ကျေးရွာ မြောက်ဦးမြို့နယ်နေသူ )မှာ အထောက်အထားမဲ့ ဝင်ရောက်လာကြောင်း သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိသဖြင့် ယင်းနေ့ည ၇နာရီခွဲ အချိန်တွင် မြို့နယ်လဝကဦးစီးမှူး ဦးလှမင်းနှင့်အဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့ပြီး ဆက်လက်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပူးပေါင်းစိစစ်ရေးအဖွဲ့တွင် အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် တာဝန်ရှိပုဂ္ဂိုလ်များပါဝင်ဖွဲ့စည်းထားသည်။ ပြန်လည်ဝင်ရောက်လာသူများကို စားစရာ၊ ရေနှင့်လိုအပ်သည့် ကူညီထောက်ပံ့မှုများ နေ့စဉ်နှင့်အမျှ ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့မှာ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြောင်း အဆိုပါထုတ်ပြန်ချက်များတွင် ဖော်ပြသည်။

ထိုင်းအစိုးရ၏ တရားမဝင် နိုင်ငံခြားသားအလုပ်သမားဖမ်းဆီးရေးစီမံချက်မှာ ပြီးခဲ့သည့် ဇူလိုင် ၁ရက်နေ့ ကစတင် ခဲ့ခြင်းဖြစ်ပြီး ထိုင်း နိုင်ငံရောက် မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများအနက် အထောက်ထားမဲ့ ၊ တရားမဝင် နှင့် အထောက်အထား မစုံလင်သူများကို စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်တို့က ကြေညာထားခဲ့သည်။

နေ့စဉ်မပြတ် ဝင်ရောက်နေသော အလုပ်သမားဦးရေမှာ ယခုလတွင်လည်း ဆက်လက်ရှိနေဆဲဖြစ်ပြီး အောက်တိုဘာ ၁ရက်မှ ၄ ရက်နေ့အထိ အမျိုးသား ၆၁၁ ဦး အမျိုးသမီး ၂၈၁ ပေါင်း ၈၉၂ ဦး ဝင်ရောက်လာသည်။

ထိုက်ထိုက်

ဓာတ်ပုံ – ပြည်ထဲရေး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.