ဌာနေပြန် ရွှေ့ပြောင်းလုပ်သား ကြိုဆိုရေးစခန်း မြဝတီတွင် တစ်ကျော့ပြန် ဖွင့်လှစ်မည်

မြဝတီ ဖေဖော်ဝါရီ

မြန်မာ – ထိုင်း နယ်စပ် မြဝတီမြို့တွင် ယမန်နှစ် ၂၀၁၈ ဒီဇင်ဘာလဆန်းက ပိတ်သိမ်းလိုက်သည့် ကြိုဆိုရေးစခန်းကို တစ်ကျော့ပြန် ဖွင့်လှစ်ကာ ထိုင်းနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည် ဝင်ရောက်လာကြသူ မြန်မာ ရွှေ့ပြောင်းလုပ်သားများကို ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်လက်ခံ တော့မည် ဖြစ်ကြောင်း သိရသည်။

“စခန်းပိတ်လိုက်ပြီးနောက်ပိုင်းမှာမြန်မာအလုပ်သမားတွေ ၉၉၉ ဂိတ် ကနေဆက်လက်ဝင်ရောက်နေတဲ့အတွက် ဘင်္ဂါလီတွေ၊ဖောက်ခွဲဖျက်ဆီးရေးသမား တွေရောနှောဝင်ရောက်လာပြီးမလိုလား အပ်တဲ့ပြဿနာတွေဖြစ်ပေါ်လာနိုင်တာ ကြောင့်ချစ်ကြည်ရေးတံတားကြီးပေါ်ကနေတရားဝင်လွှဲပြောင်းနိုင်ရေး အထက်ကို တင်ပြခဲ့တဲ့အတွက်ဒီနေ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ တံတားကြီးပေါ်ကနေပြန်လည်လက်ခံ ရေးအတွက်နိုင်ငံတော်အစိုးရကခွင့်ပြု ပေးခဲ့တာဖြစ်ပါတယ်”ဟု မြဝတီ ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးဌေးကျော်က ပြောသည်။

မြဝတီမြို့အမှတ် ၄ ရပ်ကွက် ကျောက်လုံးကြီးလမ်းရှိပြန်လည်ကြိုဆိုရေးစခန်းကို ၂ဝ၁၈ ဒီဇင်ဘာတွင် ပိတ်သိမ်းခဲ့ပြီးနောက်ပိုင်း အမှတ် ၅ ရပ်ကွက် ၉၉၉ စက်လှေဂိတ်မှ ပြန်လည် ဝင်ရောက်လျက်ရှိကြသည်။

“၉၉၉ဂိတ်မှာက တာဝန်ယူစစ်ဆေးပေးမဲ့သူတွေမရှိကြဘူး။ ဒီတံတားကြီးမှာကဌာနအလိုက်တာဝန်ရှိ သူတွေကအချိန်ပြည့်ရှိနေကြတာကြောင့် မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်နိုင်ဘူးပေါ့”ဟု ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူးက ဆို၏။

ပြီးခဲ့သည့် ၂၀၁၇ ခုတွင် ထိုင်းနိုင်ငံအတွင်း အလုပ်ရှင်၊ အလုပ်သမား ဥပဒေအပြောင်းအလဲကြောင့် မြန်မာ ရွှေ့ပြောင်းလုပ်သားများအနက် အထောက်အထားမဲ့သူများမှာ ယင်းနှစ် ဇူလိုင် ၂၉ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြရာ ဇူလိုင်၃၀ ရက်ကစ၍ ကျောက်လုံးကြီးရှိ ပြန်လည်ကြိုဆိုရေးစခန်းတွင် လက်ခံခဲ့ခြင်း ဖြစ်သည်။

စခန်းစတင်ဖွင့်လှစ်ချိန် ၂၀၁၇ ဇူလိုင်မှ စခန်း ပိတ်သိမ်းချိန် ၂၀၁၈ ဒီဇင်ဘာထိ ဌာနေပြန် ရွှေ့ပြောင်းလုပ်သား ၁၁၉၀၃၇ ဦးကို ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။ ယင်းသို့ ပိတ်သိမ်းလိုက်ချိန်မှ ယခု တစ်ကျော့ပြန် ဖွင့်လှစ်သည့်ကာလအတွင်း ကိုးသုံးလုံးဂိတ်မှတစ်ဆင့် ပြန်လည်ဝင်ရောက်မှုမှာ ရွှေ့ပြောင်းလုပ်သား ဦးရေ ၃၂၀၀ ဝန်းကျင် ရှိခဲ့ကြောင်း သိရသည်။

ဆုလာဘ် (မြဝတီ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.