မော်လမြိုင်

မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် တောင်ဝိုင်းရပ်ရှိ ယောက်ကော်ဘုန်းကြီးကျောင်းရှေ့တွင် မတ် ၂၉ ရက် နံနက် ၁၀ နာရီခွဲခန့်က မော်လမြိုင်တက္ကသိုလ်ကျောင်းသားစုံတွဲထံမှ အမျိုးသားသုံးဦးဓားထောက်ကာ ရွှေဆွဲကြိုး လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မော်လမြိုင်တက္ကသိုလ်တွင် တက်ရောက်နေသော မုဒုံမြို့နယ်နေ ရူပဗေဒ ဒုတိယနှစ်ကျောင်းသားတစ်ဦးနှင့် ရေးမြို့နယ်နေ ဥပဒေ ပဉ္စမနှစ်ကျောင်းသူတို့မှာ တောင်ဝိုင်းရပ် ယောက်ကော်ဘုန်းကြီးကျောင်းရှေ့ ဗုဒ္ဓဝင်သွားလမ်းဘေး၌ စကားပြောနေစဉ် အမည်မသိ အမျိုးသား ၃ ဦး ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင်ကယ်ဦးထုပ်မှန်ချဆောင်းထားသည့် အမျိုးသားတစ်ဦးက တက္ကသိုလ်ကျောင်းသူ၏ လည်ပင်းအား ဓားဦးချွန်ဖြင့်ထောက်ပြီး နှာခေါင်းစည်းအမဲရောင်တပ်ဆင်ထားသည့် အမျိုးသားတစ်ဦးက တက္ကသိုလ်ကျောင်းသား၏ ဝမ်းဗိုက်ကိုဓားထောက်၍ ၎င်းလည်ပင်း၌ ဝတ်ဆင်ထားသည့် ရွှေချိန် ၅ မူးသားခန့်ရှိ H ပုံစံလော့ကတ်သီးပါ MC ဆွဲကြိုးတစ်ကုံးကို လုယူထွက်ပြေးသွားခဲ့ကြောင်း ရဲစစ်ဆေးချက်မှတ်တမ်းအရ သိရသည်။

ရွှေဆွဲကြိုးအား လုယူထွက်ပြေးသွားသည့် အမည်မသိ အမျိုးသားသုံးဦးကို မုပွန်နယ်မြေရဲစခန်းမှ (ပ) ၁၃၃၇/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရ အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Written by ခေတ်မင်း

Leave a Reply