မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်အတွင်းရှိအကယ်ဒမီစားသောက်ဆိုင်တွင်တက္ကသိုလ်ကျောင်းသားတစ်ဦးထံမှ WY စာတမ်းပါ စိတ်ကြွဆေးပြားများဇွန်လ ၆ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ကဖမ်းဆီးရမိခဲ့ကြောင်း မြိုင်သာယာနယ်မြေရဲစခန်းမှ ရဲတပ်ကြပ်ဇော်မျိုးလင်းကဟင်္သာမီဒီယာသို့ပြောကြားသည်။

uni drug

မူးယစ်ဆေးဝါးရောင်းချနေကြောင်းသတင်းရရှိသဖြင့် မြိုင်သာယာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အမှတ်(၄၁/က)ရှိအကယ်ဒမီစားသောက်ဆိုင် အခန်းအမှတ် (၅) အတွင်းသို့ ရဲတပ်ဖွဲ့ဝင်များဝင်ရောက်ရှာဖွေရာအဆိုပါအခန်းအတွင်း၌ မော်လမြိုင် တက္ကသိုလ် ဘူမိဗေဒတတိယနှစ် ကျောင်းသားကိုညီသူအောင်
အသက် (၂၁)နှစ်၏ ယာဘက်လက်အတွင်းရှိစီးကရက်ဗူးခွံအတွင်းအစိမ်းရောင်အအေးစုပ်ပိုက်ဖြင့် ထည့်ထားသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၅၂) ပြားအားရှာဖွေတွေ့ရှိခဲ့ကြောင်း ၎င်းကပြောကြားသည်။

ထို့နောက် ကိုညီသူအောင်အားဆက်လက်စစ်ဆေးရာအဆိုပါဆေးပြားများကိုအမှတ်(၁၈၀၈)၊ ၁၃လမ်း မြိုင်သာယာရပ်ကွက်နေအောင်မြတ်ဖြိုးထံမှ တစ်ပြားလျှင် ၄၅၀ဝ ကျပ်ဖြင့် သွားရောက်ဝယ်ယူခဲ့ပြီးရောင်းချရန်လာရောက်နေစဉ် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထွက်ဆိုကြောင်းရဲမှတ်တမ်းတွင်ပါရှိသည်။

ညီသူအောင်ကိုမူးယစ်ဆေးဝါးရောင်းချနေသူအောင်မြတ်ဖြိုးထံ WY ဆေးပြားများကိုထပ်မံဝယ်ယူလိုကြောင်းဖုန်းဖြင့်ချိန်းဆိုဝယ်ယူစေခဲ့ရာပန်းခြံအနီးတောင်ဝိုင်းလမ်းမကြီးပေါ်တွင် Wave ဆိုင်ကယ်ဖြင့်ရပ်တန့်နေသည့် အောင်မြတ်ဖြိုးအားတွေ့ရှိရသဖြင့် ဖမ်းဆီးရှာဖွေရာ WYစာတန်းပါ ဆေးပြားတစ်ပြားသာတွေ့ရှိခဲ့ကြောင်းရဲမှတ်တမ်းတွင်ပါရှိသည်။

ဆက်လက်၍ အမှတ်(၁၈၀၈)၊ ၁၃လမ်း မြိုင်သာယာရပ်ကွက်ရှိအောင်မြတ်ဖြိုးနေအိမ်သို့ ဆယ်အိမ်စုမှူးများဖြင့် မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးခွင့် ဝရမ်းအမှတ်(၁၀/၂၀၁၆)ဖြင့် ဝင်ရောက်ရှာဖွေရာနေအိမ်အခန်းအတွင်းရှိသစ်သားသေတ္တာငယ်အတွင်းအအေးစုပ်ပိုက်ဖြင့်ထည့်ထားသောwyစာတမ်းပါ ဆေးပြား(၅)ပြားမူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသောဆက်စပ်ပစ္စည်းများအားသိမ်းဆည်းရမိခဲ့ကြောင်း မြိုင်သာယာနယ်မြေစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူအမှတ်(၁၈၀၈)၊ ၁၃လမ်း မြိုင်သာယာရပ်ကွက်နေအောင်မြတ်ဖြိုး(၂၈နှစ်) ကိုမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ပုဒ်မ-၁၅/၁၆(ဂ)ဖြင့်လည်းကောင်းသထုံမြို့နယ်၊ကြာပန်းကျေးရွာနေညီသူအောင်(၂၁နှစ်) ကို မူးယစ်ပုဒ်မ-၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း မြိုင်သာယာနယ်မြေရဲစခန်းနယ်ထိန်းခေါင်းဆောင် ကျော်ဇင်ဝင်းထံမှ သိရသည်။

Leave a Reply