Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ
တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုနေသောကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ လုံခြုံမှုရှိစေရန် မိဘများ၏ ပူးပေါင်းပါဝင်မှု အဓိကလိုအပ်နေကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးတင့်အောင်က ပြောကြားသည်။

“မိဘတွေအပြင် ကျောင်းနားပတ်ဝန်းကျင်က လူတွေကလည်း စာမေးပွဲဖြေချိန်ဆို သတိထားရမယ်၊ ကလေး တွေအနှောက်အယှက်မဖြစ်အောင်၊ မိဘတွေကလည်း ကျောင်းထိလိုက်ပို့သင့်ရင် ပို့ကိုပို့ပေးရမယ် ”ဟု ၎င်းကပြောသည်။

စာမေးပွဲရက်များတွင် ဖြေဆိုနေကြစဉ် စိတ်အနှောင့်ယှက်မဖြစ်စေရန် ကျောင်းအနီး လမ်းကြောရှင်းလင်းခြင်းအပြင် ဆူညံသံကင်းစင်ရေးကိစ္စရပ်များကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖြေဆိုသူများနှင့် စာမေးပွဲအခန်းစောင့်တာဝန်ကျ ဆရာ၊ ဆရာမများ၏ လုံခြုံရေးအတွက်လည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

စာမေးပွဲချိန်တွင် ကျောင်းပြင်ပ၌ ဆူညံခြင်း၊ နှောင့်ယှက်ခြင်း၊ ထိတ်လန့်စေခြင်းများ ပြုလာခဲ့ပါက ချက်ချင်းအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စာမေးပွဲမတိုင်မီကာလတွင် မွန်ပြည်နယ်အတွင်း၌ မြို့နယ်အလိုက် အခြေခံပညာအထက်တန်းကျောင်းများရှိ ကျောင်းသူ၊ကျောင်းသားများကို ၎င်းတို့ အားနည်းနေသော ဘာသာရပ်အလိုက် အချိန်ပိုသင်ကြားပို့ချပေးခြင်း၊ ဖြည့်စွက်ကုစားသင်ကြားခြင်းများလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြင်ပဖြေဆိုသူများအတွက် အကြိုစမ်းသပ်စာမေးပွဲများကို ဝင်ရောက်ဖြေဆိုခွင့်ရရှိရန်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုနှစ်တွင် မွန်ပြည်နယ်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့်သူမှာ အခြေခံပညာကျောင်းများမှ ၁ဝ,၇၆၉ ဦး၊ ပြင်ပမှ ဝင်ရောက်ဖြေဆိုသူ ၁၆,၈၁၉ ဦး ၊စုစုပေါင်း ၂၇,၅၈၈ ဦး ရှိပြီး မော်လမြိုင်နှင့် သထုံမြို့၌အများဆုံး ဖြစ်ကြောင်း ပညာရေးမှူးရုံး စာရင်းများအရ သိရသည်။

Written by ထိုက်ထိုက်

Advertisements
<

Leave a Reply