တက္ကသိုလ်မေဂျာ အပြောင်းအရွှေ့နဲ့ ကျောင်းအပြောင်းအရွှေ့ အဆင်ပြေစေဖို့

ဒီအပတ်မှာတော့ ဟင်္သာစာဖတ်ပရိသတ်တွေအတွက် တက္ကသိုလ်ကျောင်းမှာ ပထမနှစ်ကျောင်းစတက် ကြတော့မယ့် မောင်လေးတွေ၊ ညီမလေးတွေ မေဂျာအပြောင်းအရွှေ့နဲ့ အဝေးသင်ပြောင်းရွှေ့တဲ့အခါ အခက်
အခဲမရှိ အဆင်ပြေစေဖို့အတွက် လမ်းညွှန်လေးပြောပြပေးချင်ပါတယ်။

တက္ကသိုလ်ကျောင်းတွေလည်း ဖွင့်တော့မှာဆိုတော့ ကိုယ်ရွေးချယ်ထားတဲ့ မေဂျာကို မကြိုက်လို့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေရှိတဲ့ မေဂျာကိုပြောင်းချင်လို့ပဲဖြစ်ဖြစ်ပေါ့။ မေဂျာအပြောင်းအရွှေ့ လျှောက်ထားမယ့်
ကျောင်းသူ၊ ကျောင်းသားတွေအတွက် အဓိက လိုအပ်ချက်လေးတွေကိုအရင်ပြောပြပေးမယ်နော်။
ယူဆောင်သွားဖို့လိုအပ်တဲ့စာရွက်စာတမ်းတွေကို ပြောပြမယ်နော်။

(၁ဝ)တန်းအောင်တဲ့ အမှတ်စာရင်း၊ မိမိမှတ်ပုံတင်မိတ္တူ၊ မိဘနှစ်ပါးရဲ့ မှတ်ပုံတင်မိတ္တူ၊ ဓာတ်ပုံကတော့ (၁ဝ)ပုံလောက်ယူစေချင်ပါတယ်။ မိဘနှစ်ပါးရဲ့ မွေးသက္ကရာဇ်ကိုတော့ မှတ်ထားဖို့ လိုမယ်နော်။ လျှောက်လွှာ
ဖြည့်တဲ့အခါ မှားလို့မရပါဘူး။ အရင်ဆုံး လျှောက်လွှာမှာ ကျလာတဲ့ မေဂျာအတွက် ကျောင်းအပ်ရမှာ ဖြစ်ပါတယ်။ ကျောင်းအပ်တဲ့အခါ ကျောင်းဝင်ခွင့်ပုံစံစာရွက်၊ စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာအပြင် ကိုယ်အထူးပြုယူထားတဲ့ မေဂျာ ( ဥပမာ- အင်္ဂလိပ်စာ၊ ပထဝီ၊ သမိုင်း၊ ရှေးဟောင်းသုတေသနပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ ဘူမိဗေဒ) အထူးပြုဖြစ်နေရင် အထောက်အကူပြု ဘာသာတွဲရဲ့ လျှောက်လွှာတွေကို
ကျောင်းသားရေးရာမှာ တစ်ခါတည်း ထုတ်ယူရမှာဖြစ်ပါတယ်။

လျှောက်လွှာရပြီဆိုရင်တော့ လျှောက်လွှာပုံစံပါ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံမှန်မှန်ကန်ကန် ဖြည့်ပေးရမှာဖြစ်ပါတယ်။ ဖြည့်ပြီးရင်တော့ ကျောင်းဝင်ခွင့်ပုံစံစာရွက်မှာ ဓာတ်ပုံ(၄)ပုံ၊ စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာမှ ဓာတ်ပုံ(၂)ပုံ ကပ်ရမှာပါ။ ကျောင်းဝင်ခွင့်ပုံစံကို မိတ္တူတစ်စောင်ကူးလိုက်ပါ။ ကူးထားတဲ့ ကျောင်းဝင်ခွင့်ပုံစံ လျှောက်လွှာပေါ်မှာ ဓာတ်ပုံ(၁)ပုံကပ်ရပါမယ်။ အားလုံးပြည့်စုံပြီဆိုရင်တော့ ကျောင်းဝင်
ခွင့်ပုံစံစာရွက်ပေါ်မှာ သက်ဆိုင်ရာဘာသာရပ် ပါမောက္ခ(ဌာနမှူး)(သို့)တာဝန်ခံဆရာ၊ ဆရာမရဲ့ လက်မှတ် လိုအပ်တဲ့အတွက် သက်ဆိုင်ရာဘာသာရပ်ဌာနသို့ သွားရမှာဖြစ်ပါတယ်။

လက်မှတ်ထိုးပြီးပြီဆိုရင်တော့ဖြည့်စွက်ပြီးပုံစံတွေကို စစ်ဆေးဖို့အတွက် ကျောင်းသားရေးရာမှာ သွားတင်ရမှာဖြစ်ပါတယ်။ စစ်ဆေးလို့မှန်ကန်သွားရင်တော့ သက်ဆိုင်ရာပညာသင်နှစ်ရဲ့ ငွေလက်ခံဌာနမှာ သတ်မှတ်ထားတဲ့ အခကြေးငွေကိုပေးသွင်းပြီးရင်တော့ ကျောင်းအပ်တာပြီးသွားပြီပေါ့။

ကဲ ကျောင်းအပ်တာပြီးပြီဆိုရင်တော့ မေဂျာပြောင်းတဲ့ ကိစ္စလေး ဆက်လုပ်ကြတာပေါ့နော်။ ကျောင်းအပ်တာကိုတော့ မနက်ပိုင်းကစပြီး လက်ခံပေမယ့် မေဂျာအပြောင်းအရွှေ့တို့၊ ကျောင်းပြောင်းတာတို့ကျတော့ နေလယ် (၁၂)နာရီနောက်ပိုင်းမှ လက်ခံပါတယ်။ အဲဒါကြောင့် ကျောင်းအရင်အပ်ဖို့ပြောတာပါ။

ပထမဆုံး ကျောင်းအပ်တုန်းကရတဲ့ ငွေလက်ခံပြေစာကို မိတ္တူအရင်ဆွဲလိုက်ပါ။ ပြီးရင်တော့ ကျောင်းသားရေးရာဌာနကိုသွားပြီး မေဂျာပြောင်း လျှောက်လွှာကို ထုတ်ယူရမှာဖြစ်ပါတယ်။ လျှောက်လွှာထုတ်ပြီး
ပြီဆိုရင်တော့ ပုံစံကို မှန်ကန်အောင်ဖြည့်ပါ။ ဖြည့်ပြီးရင် ကိုယ်ပြောင်းရွှေ့ချင်တဲ့ မေဂျာက ပါမောက္ခ(ဌာနမှူး)(သို့)၊ တာဝန်ခံဆရာ၊ ဆရာမရဲ့ မှတ်ချက်ယူဖို့အတွက် ပြောင်းရွှေ့လိုတဲ့မေဂျာဌာနကို သွားရမှာပါ။ မူလက
ကျလာတဲ့မေဂျာဌာနက ပါမောက္ခ(ဌာနမှူး)လက်မှတ်ပါဖို့လိုအပ်သလို ပြောင်းရွေ့လိုတဲ့ မေဂျာကပါမောက္ခ(ဌာနမှူး) မှတ်ချက်လည်း ပါဖို့လိုအပ်တယ်။ အဲဒီတစ်ခုကိုတော့ သတိထားပါနော်။

ပြီးရင်တော့ မိမိရဲ့ဆယ်တန်းအမှတ်စာရင်း မိတ္တူ၊ ဘာသာပြောင်းရွှေ့လျှောက်လွှာနဲ့ ငွေသွင်းပြေစာတို့ကိုတွဲပြီး ကျောင်းသားရေးရာဌာနမှာ တင်ရမှာပါ။ အဲဒါတွေပြီးရင်တော့ မေဂျာပြောင်းလျှောက်ထားတာပြီးပါပြီ။
မေဂျာ အပြောင်းအရွှေ့တွေနဲ့ ကျောင်းအပြောင်းအရွှေ့တွေကို ဒီဇင်ဘာလ ပထမအပတ်မှ စတင်လက်ခံပြီး ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

ဒီလောက်ဆို မေဂျာပြောင်းမယ့် မောင်လေးတွေ၊ ညီမလေးတွေ မေဂျာပြောင်းတဲ့အခါ အဆင်ပြေနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ နောက်တစ်ခုအနေနဲ့ကတော့ ပထမနှစ်စတက်ကြမယ့် မောင်လေးတွေ၊ ညီမလေးတွေအနေနဲ့ Day ကနေ အဝေးသင်ကို ပြောင်းချင်တယ် ဆိုရင်တော့ Day ကျောင်းမအပ်သေးဘဲ အဝေးသင်ကျောင်းဖွင့်မယ့်အချိန် ဖေဖော်ဝါရီလလယ်လောက်မှ ကျောင်းအပ်ရမှာဖြစ်ပါတယ်။ ကျောင်းအပ်နိုင်ဖို့အတွက်တက္ကသိုလ်မေဂျာ လျှောက်တုန်းက ပြန်ကျလာတဲ့လျှောက်လွှာကိုတော့
သိမ်းထားဖို့လိုအပ်ပါတယ်။

အစစ အရာရာအဆင်ပြေစေဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Written by – ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.