မော်လမြိုင်မြို့၊ တောင်ဝိုင်းလမ်း၊တက္ကသိုလ်လေ့ကျင့်ရေးတပ်ရှေ့၊ စည်ပင်သာယာပိုင် လမ်းမြေပေါ်တွင်ဈေးရောင်းချနေသောကျူးကျော်ဈေးဆိုင် ငါးဆိုင်ကိုမွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေဖြင့် မုပွန်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်းမော်လမြိုင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်းကြားရေးမှူး ဒေါ်ခင်သီတာလင်းကဟင်္သာမီဒီယာသို့ ပြောပြသည်။

Uni Shop

တက္ကသိုလ်လေ့ကျင့်ရေးတပ်နှင့် ပလက်ဖောင်းလမ်းမြေအကြားတွင် ဈေးရောင်းမှုများမပြုလုပ်ရန်နှင့် ဖယ်ရှားပေးရန် ကျူးကျော်ဈေးဆိုင်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဦးစောမင်းမင်းကိုအဖွဲ့က မေလ ၆ ရက်နေ့မှစတင်ကာအကြိမ်ကြိမ်ခေါ်ယူသတိပေးထားကြောင်း ၎င်းက ဆိုသည်။

ကျူးကျော်ဈေးရောင်းခြင်းမပြုရန် ယင်းဆိုင်ခန်းပိုင်ရှင်များကို မြို့နယ်စည်ပင်သာယာရေးရုံးတွင် ဝန်ခံကတိပြုလက်မှတ် လေးကြိမ်တိုင်တိုင်ရေးထိုးထားရှိခဲ့သည့်အပြင် ဒဏ်ငွေ ၃၀ဝ၀ဝ ကျပ်ရိုက်၍ ဖယ်ရှားမှုများလည်း ပြုလုပ်ခဲ့သော်လည်းလိုက်နာမှုမရှိသဖြင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ကျူးကျော်ဆိုင်ခန်းများကိုအမှုဖွင့်မှုများမပြုလုပ်မီမွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေ၏ ပြစ်ဒဏ်များနှင့် သက်ရောက်မှုများအားဆိုင်ခန်းပိုင်ရှင်များကိုအသေးစိတ်ရှင်းပြမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကျူးကျော်ဈေးဆိုင်ဖွင့် ဈေးရောင်းချသူငါးဦးကိုဇွန်လ ၂၃ ရက်နေ့ကမော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်းတွင် (ပ)၂၇၆/၂၀၁၆၊ စည်ပင်သာယာရေးဥပဒေပုဒ်မ ၉၇ ဖြင့် အမှုဖွင့်ခဲ့ကြောင်းမုပွန်နယ်မြေရဲစခန်းမှတ်တမ်းအရသိရသည်။

Leave a Reply