တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်တွင် ကရင်ပြည်နယ် တတိယနေရာ၌ရပ်တည်

ဘားအံ ၊ ဇွန် ၁၀

၂၀၁၈ခုနှစ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ တွင် ကရင်ပြည်နယ်၏ အောင်ချက်ရာနှုန်းမှာ ၃၂ ဒသမ ၈၂ ရာခိုင်နှုန်း ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ အဆင့်သုံးတွင်ရပ်တည်နေကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနစာရင်းများအရသိရသည်။

သို့သော် အောင်ချက်ရာခိုင်နှုန်းမှာ ယမန်နှစ်ထက် ၀ ဒသမ ၀၂ ရာခိုင်နှုန်း လျော့ကျ၊ ခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရေးရုံး၊ ဒုတိယညွန်ကြားရေးမှူး (စီမံ) ဦးအောင်ထွန်းက ပြောသည်။
“ဒီနှစ်က တက္ကသိုလ်ဝင်တန်းတွေ ဝင်ဖြေတာ အရင်နှစ်ထက် ပိုများတယ်”ဟု ဦးအောင်ထွန်းက ဆိုသည်။

ယခုပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုသူဦးရေ ၁၇,၅၉၄ ဦးအနက် ၅,၁၈၂ ဦးအောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်းမှာ ၂၉ ဒသမ ၄၅ ရှိသည်။ ယခင် ပညာသင်နှစ်က အောင်မြင်သည့် ရာခိုင်နှှုန်း ၂၉ ဒသမ ၄၇ ရှိသဖြင့် ၀ ဒသမ ၀၂ သာ ကွာခြားသည်။

ယခုနှစ်တွင် တစ်ဘာသာ ဂုဏ်ထူးရှင် ၁,၁၇၁ဦး၊ နှစ်ဘာသာ ၁၃၀ ဦး၊ သုံးဘာသာ ၆ဝဦး၊ လေးဘာသာ ၂၄ဦးနှင့် ငါးဘာသာ ဂုဏ်ထူးရှင် ၉ဦး ရှိသော်လည်း (ဘာသာစုံ) ခြောက်ဘာသာဂုဏ်ထူးရှင် မရှိခဲ့ချေ။
တစ်နိုင်ငံလုံးအတိုင်းတာအရ ကရင်ပြည်နယ်မှာ အောင်ချက် အဆင့် ၁၄တွင်ရှိသည်။ ပြည်နယ်အတွင်း မြို့နယ် ၇ ခုအနက် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အောင်ချက်အများဆုံးဖြစ်ခဲ့သည်။

ယခုနှစ် အောင်စာရင်းရလဒ်အရ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မှတစ်ဆင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် စာစစ်ဌာနတွင် မြန်မာရွှေ့ပြောင်းကျောင်း(၃) ကျောင်းမှ ကျောင်းသူ၊ ကျောင်းသား ၁၂၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ကျောင်းသား ၁၆ ဦး၊ ကျောင်းသူ ၉ ဦး၊ ပေါင်း ၂၅ ဦးအောင်မြင်ခဲ့သည်၊ ဘားအံအကျဉ်းဦးစီးဌာနမှ ဝင်ရောက်ဖြေဆိုသူ ကျား ၇ ဦးတွင် ၁ ဦး အောင်မြင်ခဲ့သည်ဟု ဒု-ညွန်ကြားရေးမှူး ဦးအောင်ထွန်းက ပြောသည်။

ကရင်ပြည်နယ်တွင် စာသင်ကျောင်းများ ထပ်မံတိုးချဲ့ဆောက်လုပ်ထားသော်လည်း ဆရာ ဆရာမ အင်အား လုံလောက်မှုမရှိသေးကြောင်း၊ လစ်လပ်နေရာမှာ အထက်တန်းပြ ၂၈၇ နေရာ၊ အလယ်တန်းပြ ၄၃၀ နေရာ၊ မူလတန်းပြ ၇၄၉ နေရာ ရှိနေကြောင်း သိရသည်။

“ဘက်ဂျက်ကျတာနဲ့ ခွင့်ပြုထားတဲ့ ဆရာ၊ ဆရာမတွေကို ခန့်အပ်တော့မှာပါ” ဟု ၎င်းက ဆိုသည်။

၂ဝ၁၈ မတ်လ ၇ ရက်က စတင်ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ဇွန်လ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ရာ နိုင်ငံတစ်ဝန်းရှိ သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများတွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စာစစ်ဌာနပေါင်း ၁၇၂၇ ခုတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၇၈၉၈၄၅ ဦး ဝင်ရောက် ဖြေဆိုခဲ့ပြီး ၂၅၉၁၉၁ ဦး အောင်မြင်သည်။

Written by စောအယ်လ်ဒီ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.