မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၃ ။ ။ မော်လမြိုင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ပြီးဆုံးသည့် မတ် ၁၇ ရက်နေ့ထိ ကာရာအိုကေဆိုင်များ၊ ဗွီဒီယိုဆိုင်များနှင့် စားသောက်ဆိုင်များ၊ အသံချဲ့စက်များ ဖွင့်လှစ်ခြင်းကို ည ၉ နာရီ ကျော်လွန်သည်အထိ ဖွင့်လှစ်ပါက ထိရောက်စွာ အရေးယူမည်ဟု ဖေဖော်ဝါရီ ၂၃ ရက်က မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ အမိန့်စာ ထုတ်ပြန်လိုက်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

အခြေခံပညာကျောင်းများတွင် အတန်းတင် စာမေးပွဲများ ဖြေဆိုနေချိန်ဖြစ်ပြီး၊ မကြာမီအချိန်ကာလတွင် အခြေခံပညာစတုတ္ထတန်း၊ အဌမတန်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲ (အစိုးရစစ်စာမေးပွဲ) ဖြေဆိုရမည့်အချိန် ဖြစ်ခြင်းကြောင့် သတ်မှတ်ထားသော အချိန်ကျော်လွန်၍ ဖွင့်လှစ်ခွင့်မပြုကြောင်း ယင်းအမိန့်ကြော်ငြာချက်တွင် ပါရှိသည်။

“ဒီနေ့ရောက်တော့ ဒီညပဲ အမိန့်စာကို မိတ္တူကူးပြီး ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေပေးပြီးတော့ လက်ဖက်ရည်ဆိုင်တွေမှာ လိုက်ကပ်ပြီး ပြောပြပေါ့”ဟု ချက်ချင်းလုပ်ဆောင်ထားရှိကြောင်း သာယာအေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က ပြောသည်။

အမိန့်ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန် လိုက်လံအသိပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကာရာအိုကေ စားသောက်ဆိုင်များနှင့် အသံချဲ့စက်ကို တားမြစ်ချိန် ကျော်လွန်ဖွင့်လှစ် အသုံးပြုသူ မည်သူမဆို တားမြစ်ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူအပြစ်ပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Written by – ခေတ်မင်း

Leave a Reply