တက္ကသိုလ်ဝင်တန်း အောင်ချက် မြင့်မားစေရန် မိဘများ ကူညီရန် လို

မော်လမြိုင်၊ ဇူလိုင်

မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားစေရန်အတွက် ဆရာ၊ဆရာမများသာမက မိဘများ၏ အကူအညီ ပါဝင်ရန် များစွာလိုအပ်လျှက်ရှိကြောင်း ကျိုက်မရောမြို့နယ်ပညာရေးမှူး၊ ဦးငွေဝင်းက ပြောကြားသည်။

ကျိုက်မရောမြို့နယ်၊ ကော့ပနာကျေးရွာ၊ အခြေခံအထက်တန်းကျောင်း(ခွဲ) အတွင်း ဟင်္သာခန်းမဆောင်တွင် ဇူလိုင်လ ၄ရက်က ကျင်းပသော တက္ကသိုလ်ဝင်တန်း အောက်ချက်မြင့်မားရေးဟောပြောပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

“အောင်ချက်မြင့်တက်လာဖို့ဆိုတာက ကျောင်းသားတွေ၊ ဆရာ၊ဆရာမတွေမှာပဲ တာဝန်ရှိတာမဟုတ်ပါဘူး၊ မိဘတွေဘက်ကလည်း အတက်နိုင်ဆုံး ပူးပေါင်းပေးပါ၊ ပါဝင်ပေးဖို့ လိုအပ်နေပါပြီ”ဟု ၎င်းက ပြောသည်။

၂ဝ၁၈- ၁၉ ပညာသင်နှစ်တွင် တက်ရောက်နေသော တက္ကသိုလ်ဝင်တန်း ကျောင်းသူ၊ ကျောင်းသားများ အောင်ချက်ကောင်းမွန်လာ စေရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ဆက်လက်ပြောသည်။

မိဘများအနေဖြင့် ပူးပေါင်းပါဝင်မှုမှာ အားနည်းမှာမဟုတ်ဘဲ အကောင်းဆုံးဖြစ်စေရန် လုပ်ဆောင်ပေးသွား မည်ဖြစ်ကြောင်း ကော့ပနာကျေးရွာမှ ၊ ဆယ်တန်းကျောင်းသားမိခင် ဒေါ်ခင်မြင့်က ပြောသည်။

“အမတို့ဘက်ကတော့ ကိုယ့်သားသမီးပဲ အောင်မြင်စေချင်တာပေါ့၊ မပူးပေါင်းတာတော့မရှိပါဘူး၊ မိဘတိုင်းကတော့ ကိုယ့်သားသမီးတွေအတွက်ပဲလေ၊ အကောင်းဆုံးလုပ်ပေးကြမှာပါ”ဟု ၎င်းက ပြောသည်။

ဆရာမ၊ ဆရာများအနေဖြင့် မိဘများ နားမလည်သည့်အကြောင်းအရာများကို သေချာရှင်းပြပြောဆိုပါက ပူးပေါင်းလုပ်ဆောင်ရာတွင် ပိုမိုထိရောက်နိုင်ကြောင်း ဆက်လက်ပြောသည်။

မွန်ပြည်နယ်သည် တက္ကသိုလ်ဝင်တန်းအောင်ချက်အကောင်းဆုံး ပထမဆုကို လေးနှစ်ဆက်တိုက်ရရှိခဲ့ပြီး ၂ဝ၁၇-၁၈ပညာသင်နှစ်တွင် အောင်ချက် တတိယသို့ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Written by ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.