ထောင်နဲ့ပတ်သက်သည့် အမှတ်ရသည့်အကြောင်းများ အများအပြားရေးနေကြပေရာ ယခုဆောင်းပါး သည်လည်း ယင်းတို့အနက်မှ တစ်ပုဒ်ဖြစ်ပေလိမ့်မည်။ သို့သော် မွန်ပြည်နယ်ရှိ မော်လမြိုင်ထောင်နှင့် ပတ်သက်သည့် ထောင်အမှတ်ရရေးသားမှုများတော့ အတွေ့ရ နည်းသေးသည်ဟု ထင်ပါသည်။
ယခုကျွန်တော်ရေးသားမည့် ထောင်ပြန်အမှတ်ရမှုသည် တခေတ်တခါက ထောင်အကြောင်းလည်း ဖြစ်သကဲ့သို့ မော်လမြိုင်ထောင်တွင် ထိုစဉ်က ဘယ်လိုအုပ်ချုပ်ခဲ့သလဲဆိုသည်ကိုလည်း ဖတ်ရှုခြင်းအားဖြင့် သိရှိနိုင်ကာ ခေတ်၏ ကြေးမုံတစိတ်တဒေသဖြစ်ဖို့ရည်ရွယ်ရင်း ဖြစ်ကြောင်း စာဖတ်ပရိသတ်အားရှေးဦးစွာ အစီရင်ခံလိုပါသည်။

000---img003 copy

ယခုရက်ပိုင်း ရွေးကောက်ပွဲအနိုင်ရခဲ့သည့် အန်အယ်လ်ဒီအစိုးရသစ်တက်လာပြီး ရက်အနည်းငယ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာခဲ့သဖြင့် နိုင်ငံရေးအကျဉ်းသား အများအပြား လွတ်မြောက်လာသည်။ ထောင်တွင်းရှိ အကျဉ်းသားများအကြား လွတ်ငြိမ်းချမ်းသာခွင့်ကို အချင်းချင်းအတိုကောက်စကားလုံးအဖြစ် “နိုင်ငံတော်” ဟုခေါ်ဆိုလေ့ရှိကြသည်။ ၎င်းတို့ကျနေသည့် ပြစ်ဒဏ်က ဘယ်လောက်ကျန်သေးသလဲ ဘယ်တော့လွတ်မလဲဟု အချင်းချင်းမေးမြန်းကြသည့်အခါ ပုံမှန်အတိုင်းဆို ၅ နှစ် နေရဦးမည် သို့မဟုတ် ၇ နှစ်နေရဦးမည် သို့ပေမယ့် နိုင်ငံတော်လာရင် လွတ်မယ် ဆိုသည့် သဘောပြောဆိုလေ့ရှိကြသည်။

၁၉၈၀ ခုနှစ် သံဃာညီလာခံအပြီး အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကြေညာခဲ့ဖူးသည်။ ထို့ကြောင့် အကျဉ်းကျနေသူများက ယင်းသို့သော ဖြစ်ရပ်ကြီးများဖြစ်ပျက်ပါက နိုင်ငံတော်လာလေမည်လားဟု မျှော်လင့်လေ့ရှိကြခြင်းလည်းဖြစ်သည်။
ထိုစဉ်က မည်သို့မည်ပုံ မော်လမြိုင်ထောင်ထဲရောက်ခဲ့ရသည်ကို အနည်းငယ်ရှင်းပြရမည်ဆိုလျင် မော်လမြိုင်ဒေသကောလိပ် စနစ်၏ နောက်ဆုံးနှစ်ဖြစ်သည့် ၁၉၈၁-၈၂ စာသင်နှစ်ကို ဒေသကောလိပ် ပထမနှစ်ကျောင်းသားအဖြစ် တက်ရောက်နေစဉ် ၁၉၈၂ ခုနှစ် ဧပြီလ သင်္ကြန်ကျောင်းပိတ် ကာလအတွင်း ကျွန်တော်အပါအဝင် တက္ကသိုလ်ကျောင်းသား ၄/၅ ဦးက စာမျက်နှာ ၃၀ ဝန်းကျင်ရှိ ကဗျာစာအုပ်တစ်အုပ်ကို ကျောင်းပိတ်ရက်အပြီး ပြန်အဖွင့်တွင် ကောလိပ်ကျောင်းသားများအကြား ဖြန့်ဝေရောင်းခဲ့ကြသည်။ ထို ၂ ကျပ်တန် ကဗျာစာအုပ်တွင် ပါရှိသည့်ကဗျာများထဲတွင် ၁၉၇၄ ကျောင်းသားသပိတ်၊ အရေးအခင်းကို ဖေါ်ကျူးထားသည့် ကဗျာ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ကောလိပ်ကျောင်းသားများ အခက်အခဲ၊ လူမှုပတ်ဝန်းကျင်က စီးပွားရေးအကြပ်အတည်း တို့ကိုဖေါ်ပြထားခဲ့ရာ ထိုသို့သော ရေးသားမှုမျိုးသည် ၈၂ ခုနှစ်လိုကာလတွင် အရဲစွန့်ရေးသားမှုကြီးတစ်ခု ဖြစ်ခဲ့သည်။ ကျောင်းသားများအကြား အစိုးရကိုဆော်ထားတယ်ဟု ကျောင်းသားများအကြား ပြောဆိုပြီးမကြာမီ သီတင်းပတ်အနည်းငယ်အတွင်း အမှတ် ၅ စစ်ထောက်လှမ်းရေးနှင့် သတင်းတပ်ဖွဲ့က ကျွန်တော်တို့အား ညဘက်နေအိမ်မှ လာဖမ်းဆီးသွား ခဲ့တော့သည်။

ဖမ်းဆီးပြီးနောက် တပတ်တိုင်တိုင် ကန်သုံးကန်ရှိ အမှတ် ၅ ထောက်လှမ်းရေးတပ်တွင် ချုပ်နှောင်ထားကာ စစ်ဆေးခဲ့သည်။ ယင်းနောက် မြို့မရဲစခန်းသို့လွှဲအပ်ပြီး ရက်အနည်းငယ်အကြာတွင် တဖန် သတင်းတပ်ဖွဲ့က ပြန်ခေါ်ယူပြီး ရန်ကုန်အင်းစိန်အကျဉ်းထောင်သို့ ပို့ကာ ရန်ကုန်အခြေစိုက် အမှတ် ၆ စစ်ထောက်လှမ်းရေး၏ စစ်ဆေးမှုကိုခံယူရပြန်သည်။ အင်းစိန်ထောင် တိုက်အဆောက်အဦးများထဲတွင် ၁ လကြာ ထားရှိခဲ့ပြီးနောက် မော်လမြိုင်အကျဉ်းထောင်သို့ ပြန်ပို့ကာတရားစွဲဆိုရုံးတင်ဖို့ ပြင်ဆင်ခဲ့သည်။
ရန်ကုန်အင်းစိန်ထောင်မှ ပြန်ခေါ်လာသည့်နေ့က ဇူလိုင်လဖြစ်ပြီး ရာသီဥတုအခြေအနေသာမသာကို နာရီအနည်းငယ် စောင့်ဆိုင်းနေပြီးနောက် မော်လမြိုင်သို့ ထွက်ခွာလာရာ မနက် ၁၁ နာရီဝန်းကျင်တွင် မော်လမြိုင်လေဆိပ်သို့ ဆိုက်ရောက်ပြီး ယင်းမှတဆင့် မော်လမြိုင်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။

မော်လမြိုင်ထောင်သို့

ယခင်က ဖြတ်သွားဖြတ်လာ မြင်တွေ့နေရသည့် မော်လမြိုင်ထောင်သို့ ယခုတော့ ဆိုက်ရောက်ခဲ့ရသည်။ ကျားခေါင်းပုံလက်ကိုင်ကွင်းတပ်ဆင်ထားသော အနီရောင်ဆေးသုတ်ထားသည့် သစ်သားတံခါးကြီးတွင် ဖောက်ထားသည့် တံခါးငယ်ကို ငုံ့ဝင်လိုက်သည်တွင် နောက်သံတံခါးတစ်ချပ်အကြား စာပွဲတလုံးဖြင့် ထိုင်နေသည့် ဗူးဝတာဝန်ယူသည့် ထောင်မှူးထံတွင် နာမည်၊ အဖအမည်၊ ကိုယ်ပေါ်ရှိ ထင်ရှားသည့် အမှတ်အသား ရမန်ယူထားသည်ု့ ပုဒ်မစသည့်အချက်အလက်များ နာရီဝက် ၄၅ မိနစ်အကြာ ဖြည့်သွင်းပြီးမှ အတွင်းသံတံခါးတစ်ထပ်မှ တံခါးငယ်ကို ဖွင့်ပြီးအတွင်းသို့ ခေါ်ဆောင်သွားခြင်း ခံရတော့သည်။
ကျွန်တော်တို့ အမှုမှ အဓိကကျသူဟု ၎င်းတို့ယူဆသူ ၂ ဦးဖြစ်သူကျွန်တော်နှင့် ကိုကျော်သိန်းတို့ကို ကြိုးတိုက်သို့ခေါ်ဆောင်သွားပြီး ကျန် အမှုတွဲများကို အချုပ်ဆောင်များသို့ ပို့ကာခွဲထားလိုက်သည်။ မော်လမြိုင်ထောင်သည် အင်္ဂလိပ်ကိုလိုနီခေတ် ၁၉၀၅ ခုနှစ်တွင် တည်ဆောက်သည်ဟု ထောင်ဗူးဝအဝင်တွင် ရေးသားထားသည်ကို ဖြတ်သွားသည့်အခါတိုင်း သတိထားမိခဲ့သည်။ ထောင်တွင်းက အဆောက်အဦတွေကိုတော့ ယခုပထမဆုံးအကြိမ် ကိုယ်တိုင်မျက်စေ့ဖြင့်မြင်ရပြီ။

ဗူးဝမှ ဝင်ဝင်ခြင်း လက်ဝဲဘက် ဒုတိယ ခပ်ကျဉ်းကျဉ်းရှည်ရှည် ဝင်းမှာ ကြိုးတိုက်ဝင်းပင်ဖြစ်သည်။ အခန်းပေါင်း ၂၀ ရှိသည့် တိုက်ခန်းရှည်ဖြစ်သည်။ ကျွန်တော်တို့ နှစ်ယောက်ကို ထောင်ဝါဒါများက ခေါ်ဆောင်ပြီးဝင်သွားစဉ် ယင်းဝင်းအတွင်းမှ အချုပ်သားများ ၎င်းတို့ပစ္စည်းများသယ်ဆောင်ပြီး အခြားဝင်းသို့ ရွှေ့ပြောင်းသွားသည် ကိုတွေ့ရသည်။ ထိုစဉ်က ကြိုးတိုက်ဝင်းတွင် ကြိုးဒဏ်ကျ အကျဉ်းသားတစ်ဦး တစ်ယောက် မျှ မရှိပေ။ အားလပ်နေသည့် ကြိုးတိုက်ဝင်းထဲတွင် မူးယစ်ဆေးမှု အချုပ်သားများကို နေရာချထားပြီး ကျွန်တော်တို့ ပုဒ်မ ၅ (ည) ရောက်လာသဖြင့် ၎င်းတို့ကို ရွှေ့ပြောင်းစေခြင်းဖြစ်သည်။

ကြိုးတိုက်အဆောက်အဦ အခန်း ၂၀ တွင် ပထမ ၁၀ ခန်းက တိုက်ခန်းပြင်ပ လျှောက်လမ်းတစ်ခုစီကိုပါ ကာရံထားပြီး ယင်းလျှောက်လမ်းတွင် ရေချိုးကန်တစ်ခုစီထည့်သွင်းထားသည်။ ယင်းလျှောက်လမ်းကို သံတံခါး နောက်တစ်ထပ်ပိတ်ထားသည်။ အခြား ၁၀ ခန်းမှာမူ တိုက်ခန်းပြင်ဘက် လျှောက်လမ်းက အားလုံး တစ်ဆက်ထည်းဖြစ်သည်။ ကျွန်တော်တို့နှစ်ဦးကို ယင်း ၁၀ခန်းထဲမှ ဒုတိယနှင့် တတိယအခန်းတွင် သီးခြားစီထည့်သွင်းထားလိုက်သည်။
တင်းကြပ်လွန်းလှသည့် ထောင်စည်းကမ်းများဖြင့် ရန်ကုန်အင်းစိန်ထောင်၏ တိုက်တွင် တစ်လတာနေခဲ့ရသညှ့်ပြောင်းရွှေ့လာသူအဖို့ ယခုလို ဝင်းတစ်ဝင်းလုံး ဘယ်သူမှ မရှိဘဲ ကျွန်တော်တို့ အမှုတွဲ နှစ် ဦး၊ အကျဉ်းသားဘာယာ ၄ ဦးတို့သာ ရှိသည့် အနေအထားက အတော်စိတ်လွတ်လပ်သွားသလို ခံစားရသည်။

ကြိုးတိုက်

ကြိုးတိုက်ရှိ တိုက်ခန်းတစ်ခန်းအကျယ်က ၈ ပေအနံနှင့် အလျား ၁၂ ဝန်းကျင်ရှိသည်။ အရှေ့သံတံခါးမှ အလင်းရောင်ဝင်ပြီး အနောက်ဘက်အရပ်သို့မျက်နှာမူထားသည်။ အခန်းတွင်းအရှေ့ပိုင်းတွင် ၁၀ လက်မပတ်လည် လေးထောင့် သစ်သားတုံးက အခင်းအင်္ဂတေထဲ မှ ၁၀ လက်မခန့်ထွက်လျှက်သား စိုက်ထားသည်ကိုတွေ့ရသည်။ ယခင်ခေတ်က တိုက်ထဲနေ အကျဉ်းသားကို အုန်းဆံထုသည့် အလုပ်စေခိုင်းသည့်အခါ အုံးဆံထုသည့် တုံးအဖြစ်သုံးသည့် သစ်တိုင်ငုတ်ဟု သိရသည်။

ကြိုးတိုက်အဆောက်အဦ အခန်းနံပါတ်များ ၁ မှ ၂၀ ထိ ရှိရာ ကြိုးဒဏ်ချမှတ်ခံထားရပြီး အယူခံဝင်နေစဉ်တွင် အခန်း နံပါတ်ငယ်၌ ထားရှိပြီး အယူခံတစ်ဆင့်ရှုံးသွားပါက အခန်းနံပါတ်ကြီးရာသို့ ရွှေ့သည့် အလေ့အထရှိသည်ဟုလည်း သိရသည်။ နောက်ဆုံး အယူခံအားလုံးရှုံးသွားသည့်အခါ အခန်းနံပါတ် ၁၉၊ ၂၀ ဖြစ်သည့် အစွန်ခန်းများတွင် ထားရှိလေ့ရှိပြီး ယင်းအခန်းမှ ထွက်၍ ညာဘက်ချိုးလိုက်လျှင် ကြိုးဒဏ်ပေးသည့် ကြိုးစင်က ကပ်လျှက်တည်ဆောက်ထားသည်။ ကြိုးစင်ကို ကွန်ကရစ်ဖြင့် အခိုင်အခန့် ဆောက်လုပ်ထားကာ အခင်းသံပြားနှစ်ချပ်က ရင်ခွဲတံခါးကဲ့သို့ ဖြစ်သည်။ ပုံမှန်အချိန်များတွင် ကြိုးစင်တိုင်နှင့် ကြိုးများကို ဆင်ထားလေ့မရှိပေ။ ကြိုးစင်ကိုမြေပြင်မှ လှေခါးထစ် ၈ ထစ်ဝန်းကျင်နှင့် ကြိုးစင်အောက် အခင်းသို့ လှေခါးထစ် ၁၃ ထစ်ဖြင့် တည်ဆောက်ထားသည်ကိုတွေ့ရသည်။ ထူးခြားသည့် အချက်မှာ ကြိုးစင်ပေါ်မှ ရပ်၍ ၉၀ဒီဂရီမျက်နှာမူလျင် မဟာမြတ်မုနိ ဘုရားသို့ တည့်နေသည့်အဖြစ်က တိုက်ဆိုင်တာလား တမင်ရည်ရွယ်ဆောက်လုပ်ထားတာလား ဆိုသည့်အချက်တော့ ကျွန်တော်မသိပါ။
ကျွန်တော်တို့ ရောက်ရှိသည့် ၁၉၈၂ ခုနှစ် ဝန်းကျင်က မော်လမြိုင်ထောင်တွင် ကြိုးဒဏ်ပေးသည့် အမှု ဆယ်စုနှစ်နှင့်ချီမရှိခဲ့ဟု ထောင်ဝန်ထမ်းများက ပြောပြကြသည်။ သို့ရာတွင် ၈၂ ခုနှစ်တွင် မော်လမြိုင် ကျိက္ဖနဲရပ်ကွက်တွင် ဖြစ်ပွားသည့် ရွှေငွေ ရတနာများ လုယက်ပြီး ညီအစ်မတော်စပ်သူ အမျိုးသမီးကြီး နှစ်ဦးကို သတ်လိုက်သည့် အမှုတွင် ကြိုးမိန့်ပေးခံရသူ မောင်မောင်ညိုမှာ ကျွန်တော်တို့ လွတ်လာပြီးနှစ်အနည်းငယ်အကြာတွင် မော်လမြိုင်ထောင်၌ ကြိုးပေးခြင်း ခံခဲ့ရသည်။

ညနေနေဝင်ချိန် အခန်းထဲမှမျှော်ကြည့်လျင် ကြိုးတိုက်ဝင်းကပ်လျှက် အမျိုးသမီးဆောင်ခေါင်မိုး နှင့် ထောင်ရှေ့မျက်နှာစာတန်းက ကုက္ကိုပင်ကြီးများကို မြင်ရသည်။
အင်းစိန်တိုက်တွင် ၄ ရက်မှ တစ်ကြိမ်ရေ ၄၊ ၅ ဖလားသာ ချိုးခွင့်ရခဲ့ရာမှ မော်လမြိုင်ကြိုးတိုက်တွင် ရေကန်တစ်ကန်ကို ကျွန်တော်တို့ ၂ ဦးစိတ်ကြိုက်ချိုးခွင့်ရသဖြင့် တလကျော်ကာလအတွင်း ကိုယ်ခန္ဓာမှ ချေးများချွတ်ခွင့်ရခဲ့သည်။ အင်းစိန်ထောင်တိုက်ဝင်းထဲနေစဉ်တုန်းက မိုးတွင်းကာလဖြစ်သည့်တိုင် ၄ ရက်တွင်မှ တစ်ကြိမ် ၂ မိနစ် ၃ မိနစ်ကြာရေ ၄ ခွက်နှင့် ၅ ခွက်အကြားချိုးခွင့်ရခဲ့ရာ ရေ ၅ ခွက်ကုန်သည့်နောက်မှ ကိုယ်ပေါ်မှ ချေးများနူးလာလေ့ရှိသဖြင့် အခန်းရောက်မှ အချောက်တိုက် ချေးတွန်းထုတ်ရလေ့ရှိသည်။ ရေနေ့စဉ်မချိုးရသည့်အထဲ အခန်းက ညစ်ပတ်သဖြင့် ဦးခေါင်းဆံပင်တွေထဲတွင် သန်းတွေဒါဇင်နှင့် ချီစွဲနေခဲ့သည်။

ထိုစဉ်တုန်းက မော်လမြိုင်မြို့၏ လျှပ်စစ်မီးရရှိမှုအခြေအနေမှာ အချိန်ပြည့်မဟုတ်ပဲ မကြာခဏပျက်လေ့ရှိရာ မှတ်မှတ်ရရ ရောက်သည့် ညသန်းခေါင်တွင် လျှပ်စစ်မီးပျက်သွားခဲ့သည်ကို ယခုတိုင် အမှတ်ထင်ရှိနေဆဲဖြစ်သည်။ အချုပ်ခန်းများ၏ မျက်နှာစာ လျှောက်လမ်းတွင် ရေနံဆီမီးခွက်တစ်လုံးကို ထောင်ဝါဒါ ဖြစ်သူကထွန်းထားသည် ကိုလည်း မှတ်မိနေသည်။
ကျွန်တော်ကတော့ အင်းစိန်တိုက်ထဲက ညစဉ် ထောင်ဝါဒါများ ကင်းလှည့်သည့်အသံ၊ မနက် ၅ နာရီခွဲတွင် အသံကျယ်ကြီးဖြင့် အော်သည့် “တန်း…စီ”ဆိုသည့်အသံများက ကျွန်တော့်အဖို့ ခြောက်အိပ်မက်လိုဖြစ်ခဲ့သည်။

မော်လမြိုင်ထောင်ရောက်တော့ ယင်းသို့သော တန်း…စီ ဆိုသည့်အသံများ မကြားရတော့ခြင်း စကားမပြောရ၊ သီချင်းမဆိုရ အသံမပြုရ ဆိုသည့်စည်းမျဉ်းစည်းကမ်းများ မရှိတော့ပေရာ ကျဉ်းကျပ်မှုမှ ဖြေလျော့သည့် အရသာကိုခံစားရခြင်းဖြစ်သည်။
မီးပျက်သဖြင့် ရေနံဆီမီးခွက်ဖြင့် ကင်းစောင့်သည့် ထိုညသန်းခေါင်အချိန် ကျွန်တော်မှာ အိပ်မောကျနေခဲ့သည်။ ညသန်းခေါင် ၁၂ နာရီ ၁ နာရီဝန်းကျင်၌ ထောင်ဝါဒါများ တာဝန်ကျေစွာ ကင်းစောင့်နေမနေ စစ်ဆေးသည့် ကင်းမှူးက ကင်းလှည့်လာရာတွင် အချုပ်သားများ ထားရှိရာအခန်းသို့ လက်နှိပ်ဓါတ်မီးဖြင့် ထိုးကြည့်ခဲ့သည်။ အိပ်မောကျနေသည့် ကျွန်တော့်အနေဖြင့် ရုတ်တရက် မျက်နှာကို လက်နှိပ်မီးထိုးသည့် အလင်းရောင်နှင့် ထောင်ဝန်ထမ်းများ၏ လှေခါးဆင့်ပေါ်တက်သည့် ဖိနပ်သံကြောင့် ရုတ်တရက် လန့်နိုးလာပြီး အင်းစိန်တိုက်ထဲက သတိအတိုင်းချက်ခြင်း ထထိုင်ကာ ပုံစံထိုင်အသင့်အနေအထားဖြင့် ထိုင်ပြီးသားဖြစ်သွားသည်။ ကျွန်တော့် တုံ့ပြန်မှုကြောင့် ကင်းမှူးမှာ ရုတ်တရက် အံ့အားသင့်သွားပြီးနောက် အိပ်အိပ် ဟု ပြောကာ ပြန်ထွက်သွားခဲ့သည်။ ကင်းမှူးဖြစ်သူနှင့် ကျွန်တော့်အဒေါ်တို့မှာ တစ်လမ်းထဲနေကြရာ နောက်မကြာမီ စကားစပ်မိသည့်အခါ ကင်းမှူးဖြစ်သူက ကျွန်တော် ရုတ်တရက် ညသန်းခေါင်ထထိုင်ပြီး ပုံစံထိုင်ခြင်းမှာ ထောက်လှမ်းရေးနှိပ်စက်ခြင်းကြောင့် စိတ်မမှန်တော့ဟု ကောက်ချက်ချခဲ့ကြောင်း လွတ်မြောက်လာသည့်နောက်ပိုင်း ပြန်ကြားသိခဲ့ရသည်။

(ဆက်လက်ဖေါ်ပြပါမည်)

Leave a Reply