ထောင်ပိုင်၊ ထောင်မှူး၊ ထောင်ဝန်ထမ်းများ

ထိုစဉ် (၁၉၈၂ ခုနှစ်)က မော်လမြိုင်ထောင်၏ ထောင်ပိုင်ကြီးမှာ ဦးထွန်းလွင်ဖြစ်သည်။ ထိတွေ့ဆက်ဆံရသည့် အတွေ့အကြုံအရ ထောင်ပိုင်ကြီးမှာ စကားကို ညင်ညင်သာသာ ပြောတတ်သူ၊ အေးဆေးသည့် စိတ်သဘော ထားရှိသူ ဖြစ်သည်။ ထောင်၏နေ့တဓူဝ စီမံခန့်ခွဲမှုကိစ္စများတွင် များများစားစား ပါဝင်သည်ကို မတွေ့ရပေ။ ထောင်ပိုင်ရုံးတွင်သာထိုင်လေ့ရှိသည်။

 

ဒုထောင်ပိုင် ဦးအုန်းညွန့်က နေ့တဓူဝ စီမံခန့်ခွဲမှုကိုလုပ်ဆောင်သည်ကို တွေ့ရသည်။ ဒုထောင်ပိုင်မှာ တပ်ဘက်မှ ပြောင်းလာသူဖြစ်ပြီး နေ့စဉ်ထောင်ဝင်းအတွင်းတွေ့ရသည်။ အသားညိုညို၊ ထူထဲသည့်မျက်မှန်ဖြင့် တစ်ဝင်းပြီးတစ်ဝင်း လှည့်နေလေ့ရှိသည်။ တပ်ဘက်မှပြောင်းလာသူ ဖြစ်သည့်အလျောက် ထောင်ဝါဒါများ ထဲတွင်လည်း တပ်ဘက်မှ အခြားအဆင့် အငြိမ်းစား အများအပြားခန့်အပ်ထားသည် ကိုတွေ့ရသည်။ ၎င်းနှင့် တပ်ရင်းတစ်ရင်းထဲတွင် အတူတူအမှုထမ်းခဲ့ဖူးသူ အများအပြား ထောင်ဝန်ထမ်းများထဲတွင် ရှိသည်ကို တွေ့ခဲ့ရသည်။

ထောင်ပိုင်လေး ဟု အကျဉ်းသားများနှင့် ဝန်ထမ်းများကခေါ်ကြသည့် ဒုထောင်ပိုင်သည် ယူနီဖောင်းဘောင်းဘီ ခပ်ပွပွကိုဝတ်ဆင်လေ့ရှိပြီး ၎င်း၏ဘောင်းဘီအိတ် မှာ စီးကရက်ဘူး ၄ ဘူးလောက်ထည့်လျင်ပင် ဖောင်းမလာဟု အကျဉ်းသားနှင့် ထောင်ဝန်ထမ်းများအကြား ပြောဆိုကြသည်ကိုလည်း မှတ်မိနေသည်။ ယခုခေတ် အကျဉ်းထောင်များတွင် ဝန်ထမ်းများနှင့် အကျဉ်းသားများက ထောင်အရာရှိများကို ငွေကြေးပေးကြသလားတော့ မသိပေ။ ထိုခေတ်ထိုအခါက မော်လမြိုင်ထောင်တွင် ငွေကြေးကိုင်သုံးစွဲဖို့ရာ မလွယ်ကူသလောက်ဖြစ်ပြီး အချင်းချင်းအကြား ဒါမှမဟုတ် ထောင်ဝန်ထမ်းနှင့် အရာရှိများကို လိုင်းဝင်ရာတွင် စီးကရက်ကိုသာ ငွေကြေးအစားသုံးစွဲကြသည်။ ထိုစဉ်က သုံးသည့်စီးကရက်မှာ ပြည်တွင်းထုတ်လုပ်သည့် ဒူးယားနှင့် ခပေါင်းအမျိုးအစား နှစ်မျိုးသာဖြစ်သည်။

ထိုစဉ်က မော်လမြိုင်ထောင်တွင် ဒုထောင်ပိုင်ပြီးလျင် ထောင်မှူးကြီးတစ်ဦးရှိသည်။ ၎င်းနောက် ဝင်းအလိုက် လုပ်ငန်းအလိုက်တာဝန်ယူကြသည့် ထောင်မှူးများရှိသည်။ ဒုထောင်ပိုင်က ထောင်၏ နေ့တဓူဝကိစ္စရပ်များကို စီမံခန့်ခွဲသကဲ့သို့ အသေးစိတ်ကိစ္စများဖြစ်သည့် ယက္ကန်း၊ ပန်းပဲ၊ လက်သမား စသည့် ထောင်တွင်း လုပ်ငန်းများလုပ်ကိုင်ရာ အလုပ်ဘက်ကို တာဝန်ယူသူ၊ ထောင်ဗူးဝလုံခြုံရေးတာဝန်ယူသူ စသဖြင့် တာဝန်ခွဲဝေထားကြသည်။

မည်သည့် အကျဉ်းထောင်မဆိုရှိစမြဲဖြစ်သည့် လိုင်း ဟုခေါ်သော လာဘ်ပေးမှုက မော်လမြိုင်ထောင်တွင်လည်း ရှိသည်ပင်။ အချုပ်သားဘဝတွင် အလုပ်တာဝန်ခွဲဝေမှု ကြီးကြီးမားမားမရှိသော်လည်း အကျဉ်းကျသွားသည့်အခါ အလုပ်လုပ်ရမည်ဖြစ်သဖြင့် သာမန် အလုပ်တာဝန်ခွဲဝေမှုတွင် သက်သာသည့် အလုပ်တာဝန်ခွဲဝေပေးရန် ထောင်ဝါဒါ၊ ဝင်းတာဝန်ခံ စသူတို့ကို လိုင်းဝင်ကြရသည်။ စီးကရက်ဖြင့်သော် လည်းကောင်း၊ တခါတရံ ပြင်ပရှိ မိသားစုများက ထောင်ဝန်ထမ်း၊ ဝင်းတာဝန်ခံထံ ဆက်သွယ်၍သော်လည်း ကောင်း လာဘ်ပေးကြရသည်။

အလားတူပင် ထောင်ဒဏ်အပြစ်ကျသွားပြီးသည့်အခါ ရဲဘက်စခန်းတခုခုသို့ ပို့ဆောင်ခြင်းမခံရစေရန် အကျဉ်းထောင်တွင်ပင် ထားရှိစေရန် အနိမ့်ဆုံး အဆင့် ထောင်မှူး သို့မဟုတ် ထောင်ပိုင်တို့ထံ လိုင်းဝင်ကြရ သည်။ ထိုစဉ်က ငွေကြေးဖြင့်ဆိုပါက ရာကြီးဂဏန်းမှ ထောင်ဂဏန်းထိပေးရလေ့ရှိသည်။ ရဲဘက်စခန်းများတွင် ကျောက်ထုသည့် စခန်း၊ ရော်ဘာစိုက်သည့် စခန်း၊ ကြံပင်စိုက်သည့်စခန်းနှင့် စပါးစိုက်သည့်စခန်းများရှိပြီးအများစုမှာ ကျောက်ထုစခန်းများပင်ဖြစ်သည်။ လိုင်းမဝင်ထားသော ရဲဘက်အကျဉ်းသား တဦးကျောက်ထုရသည့် ကိုတာ(ခွဲတမ်း)က လူတယောက်အားအင်နှင့် မမျှလောက်အောင် ခိုင်းလေ့ရှိပြီး ရဲဘက်စခန်းတာဝန်ကျ ထောင်ဝန်ထမ်းများကို လိုင်းဝင်ထားပါမှ အလုပ်သက်သာခြင်း၊ စည်းကမ်းလျော့ပေါ့ပေးခြင်းတို့ ခံစားရမည့်ဖြစ်သည်။

ယင်းအခြေအနေတို့ကြောင့် အကျဉ်းသားအများစုမှာ ရဲဘက်စခန်းသို့ မသွားလိုကြပေ။ ရဲဘက်စခန်းရောက်လျင် ထွက်ပြေးရန် ရည်ရွယ်ချက်ရှိသည့် ရာဇဝတ်မှုဖြင့်ပြစ်ဒဏ်ကျ သူအချို့ကတော့ ရဲဘက်စခန်းသွားလိုကြသည်။ ၎င်းတို့၏ လက်သုံးစကားမှာ ဘယ်လောက်ပြစ်ဒဏ်ချချ ရဲဘက်စခန်းရောက်သည့်နေ့ကို လွတ်သည့်နေ့ဟု ဆိုစမှတ်ပြုကြသည်။

ထိုစဉ်က မော်လမြိုင်ထောင်ရှိ ထောင်မှူးများအနက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ် သည့် ဦးစိန်လွင်၏ တူဆိုသူနှစ်ဦးလည်း ရှိသည်။ အမှန်တကယ် တူတော်စပ်သည် မတော်စပ်သည် တော့ မသိပါ။ ဦးစိန်လွင်ဇာတိကျေးရွာ ပေါင်မြို့နယ် ကော့ကရင်ကျေးရွာမှ ရပ်ဆွေရပ်မျိုးလည်း ဖြစ်ကောင်းဖြစ် ပါလိမ့်မည်။ ၎င်းတို့ နှစ်ဦးအနက်က တစ်ဦးကို ထိုစဉ်က နာမည်ကြီးအဆိုတော်ဘိုဘိုဟန်နှင့် ခပ်ဆင်တူ၍ ဘိုဘိုဟန်ဟု အကျဉ်းသားများနှင့် ထောင်ဝါဒါများက သူ့နောက်ကွယ်တွင်ခေါ်ကြသည်။

၁၉၈၀ ခုနှစ် မတိုင်မီ ဦးစိန်လွင်ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ရာ ထိုအချိန်က၎င်း၏ ရပ်ဆွေရပ်မျိုးတို့ကို အကျဉ်းဦးစီးဌာနတွင် အလုပ်ခန့်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။

ဦးစိန်လွင်ပြည်ထဲရေးဝန်ကြီးတာဝန်ယူစဉ် “ပြစ်မှုကျွေးကို ချွေးဖြင့်ဆပ်မည်” ဟူသည့် စီမံချက်ဖြင့် ရဲဘက်စခန်းစီမံချက်ကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာအခေါ်အဝေါ်အရ “ချွေးတပ်စခန်း” ဆန်ဆန် ရဲဘက်စခန်းများ ယင်းကာလမှ စတင်ခဲ့ခြင်းဖြစ်သည်။
အကျဉ်းကျနှင့် အချုပ်သားများထံမှ ထောင်ဝန်ထမ်းများက လာဘ်ပေးလာဘ်ယူမှုများလည်း မကြာခဏဖြစ်ပွားလေ့ရှိသည်။

နောက်ပိုင်း တိုက်ကြီးသို့ပြောင်းရွှေ့ခံရပြီးနောက် ကျွန်တော်တို့နှင့် အတူထမင်းအတူစားသည့် စက်လှေစာရေးတယောက်က ၎င်းလိုအပ်သည့် ပစ္စည်းအချို့ ဝယ်ယူသွင်းလာပေးရန် ထောင်ဝန်ထမ်းတစ်ယောက် ကိုမှာယူပြီးနောက် ပေးရန်ရှိသည့်ငွေ ၂၅ ကျပ်ကို ၎င်း၏မိန်းမဖြစ်သူထံမှ သွားယူရန် ဆေးလိပ်ထုပ်သည့်စာရွက်အပိုင်းအစတွင် “ယခုစာယူလာသူအား ငွေ ၂၅ ကျပ်ပေးလိုက်” ဟုရေးပေးလိုက်သည်။ ယင်းထောင်ဝန်ထမ်းသည် စာမှ ၂၅ ကျပ်ဂဏန်းဘေးတွင် သုည တစ်လုံးဖြည့်ရေးလိုက်ပြီး လှေစာရေးမိန်းမထံမှ ငွေ ၂၅၀ ကျပ် တောင်းယူသွားသည်။ ထိုသို့တောင်းယူသွားကြောင်း သီတင်းပတ်အနည်းငယ်အကြာ အမှုရုံးထုတ်သည့်အခါ မိန်းမဖြစ်သူနှင့်တွေ့မှ ပြန်ကြားသိရသည်။ ထိုစဉ်က စင်္ကာပူ၊ ပီနန်သို့ သွားသည့် မှောင်ခိုစက်လှေအမှုဖြင့် ဖမ်းဆီးခံရသူများမှာ အထိုက်အလျောက်ဝင်ငွေကောင်းသူများဖြစ်၍ ယင်းငွေကြေးပမာဏကို ပေးနိုင်သော်လည်း ယခုလို မလိမ့်တပတ်လုပ်ခံရသည်ကိုတော့ ခံရခက်သည်ဟု ဆိုသည်။

ထိုလှေစာရေး၏ အဖြစ်အပျက်ကို ကျွန်တော်တို့ အမှုတွဲတစ်ဦးကသိရပြီး အခြားထောင်ဝန်ထမ်းတစ်ဦးကို ပြောပြပြီး မတရားတောင်းယူသွားသည့် ကိစ္စကို ထောင်ပိုင်ထံတိုင်တန်းလိုက်ရာ တိုက်ဝင်းတာဝန်ခံ ထောင်ဝန်ထမ်းမှာ ထောင်ပိုင်၏ ခေါ်ယူစစ်ဆေးခြင်းခံရပြီး ဝင်းတာဝန်ခံကို အပြင်ဘုတ်လိုက်ရသည့် တာဝန်သို့ပြောင်းရွှေ့ကာ ၂ လတာ ထောင်အတွင်းမဝင်ရဟု အရေးယူခဲ့သည်။

ကျွန်တော်တို့မှာ အသက်က ၁၈နှစ် ၁၉ နှစ်သာသာဖြင့် အကျဉ်းထောင်ထဲ ရောက်သွားကြသူများဖြစ်ရာ လောကတွင် မမှန်တာ၊ မတရားလုပ်တာ မှန်သရွေ့ ဖြေရှင်းဖို့ကြိုးစားသူများ အမှန်တရားဖေါ်ထုတ်ရမည်ဟု စိတ်တက်ကြွနေသည့် အရွယ်များဖြစ်သည်။ အကျဉ်းထောင်လား ပြင်ပလောကလားဆိုသည်ကို ခွဲခြားစဉ်းစားခြင်းမပြုဘဲ လောကတွင်မမှန်တာမြင်သမျှ ပြုပြင်ဖို့ ကြိုးစားချင်သူများဖြစ်နေခဲ့ကြသည်။
ယင်းဖြစ်ရပ်ဖြစ်ပြီးနောက် မကြာခင် ကျွန်တော့်အမှုတွဲထဲတွင် အသက်အရွယ်အားဖြင့် အကြီး ဆုံး အတွေ့အကြုံရင့်ကျက်သူ ကဗျာဆရာရွှေရ (တောင်ကုတ်)က ကျွန်တော့်သူငယ်ချင်းအား “မင်းထောင်ထဲရောက်နေခိုက်မှာ မတရားတာ၊ မမှန်တာမြင်သမျှ လိုက်ပြင်ဖို့ မကြိုးစားပါနဲ့ကွာ၊ ကိုယ်သိသင့်တဲ့ ဗဟုသုတရအောင်လုပ်ဖို့နဲ့ လူတွေအကြောင်း၊ လောကအကြောင်း သိအောင်လေ့လာဖို့သာ လုပ်ပါ ထောင်ပြုပြင်ရေးတော့ မလုပ်ပါနဲ့” လို့ ဆုံးမသည်။ ယင်းနောက်ကျွန်တော်တို့လည်း ဆရာရွှေရ၏ ဆုံးမမှုကို ပြန်တွေးပြီး အထိုက်အလျောက် ထောင်ကို နားလည်အောင်ကြိုးစားခဲ့ကြသည်။


ကြိုးတိုက်ဝင်း၏ နေ့ရက်များ

ကျွန်တော်နှင့် ကျွန်တော့်အမှုတွဲအခြား တစ်ဦးတို့ ကြိုးတိုက်ထဲနေရသည့် အစောပိုင်းနေ့ရက်များက တစ်ဦးနှင့် တစ်ဦးတစ်ခန်းထဲ အတူမထားဘဲ တစ်ခန်းစီထားခဲ့သည်။ ကျွန်တော်က အခန်း၁၁ တွင်နေခဲ့ရသည်။ တိုက်ခန်းထဲတွင် ညဘက်အလှည့်ကျ ကင်းစောင့်ပြီး ထောင်ဝါဒါအား အစီရင်ခံရသည့် ဘာယာ ၄ ဦးကို ထားကာ စုစုပေါင်း အခန်း ၃ ခန်းဖြင့် ထားရှိသည်။ ယင်းဘာယာ ၄ ဦးက ညနေ ၆ နာရီမှ နောက်နေ့နံနက် ၆ နာရီထိ ၁၂ နာရီကို ၃ နာရီတလှည့်ဖြင့် တာဝန်ယူစောင့်ကြရသည်။ ၎င်းတို့ လေးဦးအိပ်သည့် တိုက်ခန်းထဲတွင်ပင် ၃ နာရီစီတာဝန်ယူ ကင်းစောင့်ကြရခြင်းဖြစ်သည်။ ဘာယာ လေးဦးစလုံးမှာ တပ်ပြေးမှုဖြင့် ထောင်ကျလာသူများဖြစ်သည်။ အနည်းဆုံး ပြစ်ဒဏ် ၆ လမှ အများဆုံး ၂ နှစ်ထိချမှတ်ခံကြရသည်။ အသက်အားဖြင့် ၃၀ ကျော်ဝန်းကျင်ရှိသူများဖြစ်သည်။ ယင်းကာလတုန်းက အကျဉ်းထောင်ထဲတွင် ခိုးဆိုးလုယက်သူများပြီးလျင် တပ်ပြေးအရေအတွက် အများဆုံးရှိသည်ဟုပင် ဆိုနိုင်သည်။ တပ်ထဲတွင် ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ပြီးနောက် နှုတ်ထွက်ခွင့်တောင်းခံသည့်အခါ လွယ်လွယ်ကူကူ နှုတ်ထွက်ခွင့်မပြုသဖြင့် တပ်မှ ခွင့်မဲ့ပျက်ကွက်ဖြင့် စွန့်ခွာလာကြခြင်းဖြင့် တပ်ပြေးဘဝရောက်ပြီး ထောင်ကျလာသူများဖြစ်သည်။ တပ်ပြေးများထဲတွင် ချင်းလူမျိုး၊ ရခိုင်လူမျိုးနှင့် အထက်အညာဒေသမှ အများအပြားတွေ့ရသည်။

ပုံမှန်အားဖြင့် ထောင်ထဲတွင်ရေကို စည်းကမ်းဖြင့်ချိုးကြရလေ့ရှိသည်။ အချုပ်သား၊ ထောင်ကျများ ရေချိုးသည့် ရေကန်ရေဖြည့်ရေး ရေချိုးရာတွင် စည်းကမ်းဖြင့် ချိုးရန်ကြပ်မတ်ရသည့်ထောင်ကျ သို့မဟုတ် အချုပ်သားကို ရေကန်ဘာယာဟုခေါ်သည်။ ၎င်းတို့၏ခွင့်ပြုချက်မရပဲ ရေချိုးခွင့် အဝတ်လျှော်ခွင့်မရှိပေ။ ဧကဝက်ခန့်ရှိသည့် ကြိုးတိုက်ဝင်းထဲတွင် ကျွန်တော်တို့ နှစ်ဦးထဲသာနေကြရသည့် ကာလအတွင်း ရေကို ကြိုက်သည့်အချိန်ချိုး ကြိုက်သလောက်ချိုးခွင့်ရခဲ့သည်။

ဟင်းချက်ဖို့ရာ မီးနှင့် အိုး၊ ဆီစသည့်အရာများ မရှိသဖြင့် ချက်စားဖို့မဖြစ်နိုင်သော်လည်း ဝင်းအတွင်းစိုက်ထားသည့် ခရမ်းသီး၊ မုန်လာဥ၊ မုန်လာပင်တို့ကို အစိမ်းအတိုင်းခူးစားချင် စားခွင့်ရှိခဲ့သည်။
အဆောင်များနှင့်တိုက်များတွင် ည ၉ နာရီထိုးလျင် အိပ်ချင်သည်ဖြစ်စေ မအိပ်ချင်သည်ဖြစ်စေ လှဲလျောင်းနေကြရသည်။ တယောက်နှင့်တယောက် စကားပြောခွင့်မရှိတော့ပေ။ ထို့အတူ နံနက် ၅နာရီခွဲပြီဆိုလျင် ဘုရားဝတ်ပြုဖို့ရာ အိပ်ယာထကြရသည်။ ဗုဒ္ဓဘာသာဝင်အားလုံး နံနက်ဘုရားဝတ်ပြုကြရပြီး အစ္စလာမ်၊ ခရစ်ယာန်နှင့် ဟိန္ဒူဘာသာဝင်ဆိုပါက အိပ်ယာမထသေးပဲ နာရီဝက်ခန့် ဆက်လက်အိပ်နေနိုင်သည်။
ကျွန်တော်တို့နေသည့် ကြိုးတိုက်နှင့် တိုက်တို့တွင်မူ အဆောင်များမှာကဲ့သို့ နံနက်စောစော ဘုရားဝတ်ပြုသည့် အစီအစဉ်မရှိပေ။ နံနက်အဆောင်မဖွင့်မီ လူစစ်ဆေးသည့်အချိန်ကျမှ အိပ်ယာထရုံပင်။

ဒီနေရာတွင် ကြုံကြိုက်၍ ပြောချင်သည့် အကြောင်းအရာတစ်ခုရှိသည်။ သေဒဏ်ပေးခံရသူများ နေထိုင်ခဲ့သည့် ကြိုးတိုက်၊ကြိုးပေးခဲ့သည့် ကြိုးစင်ရှိသည့်ဝင်းတွင် နေထိုင်ခဲ့သည့် ၂ လကျော်ကာလအတွင်း ကံကောင်း၍လားတော့ မပြောတတ် နာနာဘာဝ၊ တစ္ဆေကဲ့သို့သော အရိပ်အထင်ပြခြင်းတစ်ကြိမ်မျှ မကြုံခဲ့ဖူးပါ။ မည်သည့်အရိပ်အယောင်မျှမတွေ့ခဲ့ရပေ။ တခါတရံ ညသန်းခေါင်မီးပျက်သည့်အခါ တိုက်ခန်းထဲ မှောင်မဲနေပြီး ရှေ့ကော်ရစ်ဒါတွင်သာ တာဝန်ကျထောင်ဝန်ထမ်းက ကုလားထိုင်တစ်လုံးဖြင့် ထိုင်နေလေ့ရှိသည်။ ကျွန်တော်တို့မှာ မိမိတို့အခန်းထဲတွင် အိပ်နေသော်လည်း မည်သည့်လှုပ်ရှားမှု အသံမျှမကြားခဲ့ရခြင်းပင်။


အကြံအဖန်နှင့်ထောင်

ထောင်အကြောင်းပြောလျင် အကြံအဖန်ဆိုသည့် စကားမပါလျင်ပြီးမည်မထင်ပါ။ အကြံအဖန်ဆိုသည်မှာ ထောင်စည်းမျဉ်းစည်းကမ်းနှင့် မညီသည့် လုပ်ဆောင်မှုများကို ထောင်ဝါဒါ၊ ထောင်အရာရှိများ မသိအောင် ကြံရည်ဖန်ရည်ဖြင့် လုပ်ဆောင်ခြင်း သို့မဟုတ် ထောင်ဝန်ထမ်းများ ထောင်တန်းစီးများထံမှ တဆင့် သွင်းယူ၊ ဝယ်ယူခြင်းတို့ကို ထောင်စကားအရ အကြံအဖန် လုပ်သည်ဟုခေါ်ဆိုကြခြင်းဖြစ်သည်။
ဥပမာ ထောင်တွင်း၌ စာရွက်၊ ဘောပင်၊ ခဲတံတို့ကို ထောင်ဝန်ထမ်းများနှင့် ထောင်တွင်းရုံးတွင် အလုပ်လုပ်ကိုင်သည့် ထောင်ကျများမှလွဲ၍ ကိုင်ဆောင်ခွင့်မရှိပေ၊ စာရေးခြင်းကို တားမြစ်ထားသည့် သဘောလည်းဖြစ်သည်။ မိမိတို့ဘာသာ မှတ်တမ်းပဲရေးချင်ချင် ပြင်ပရှိမိသားစု မိတ်ဆွေများနှင့် ဆက်သွယ်ဖို့စာရေးရန်ဖြစ်စေ ဘောပင်၊ စာရွက်လိုချင်ပါက ထောင်ဝန်ထမ်းများ ကို တန်ရာတန်ကြေးတစ်ခုပေး၍ မှာယူရသည်။ ယင်းသည်အကြံအဖန်လုပ်ခြင်းပင်ဖြစ်သည်။ အလားတူ အစားအသောက်နှင့်ပတ်သက်လျင်လည်း ထောင်တွင်းသို့ သွင်းယူခွင့်မပြုသည့် အစားအသောက်အမျိုးအမည်များ ၊ ထောင်တွင်းချက်စားရန်ရည်ရွယ်၍ အသားစိမ်းငါးစိမ်းများ မှာယူလိုပါက ထောင်ဝန်ထမ်းများနှင့် ညှိရသည်။ ယင်းသည်လည်း အကြံအဖန်လုပ်သည်ဟု ပင်ခေါ်သည်။

(ဆက်လက်ဖေါ်ပြပါမည်)

Leave a Reply