အကြံအဖန်နှင့်ထောင်

ယခင်တစ်ပတ်က ထောင်တွင်းစကားဖြင့် “အကြံအဖန်” ဟုခေါ်ဆိုသည့် ထောင်စည်းကမ်းနှင့် မညီသည့် အရာများကို လုပ်ဆောင်ခြင်းကို အနည်းငယ်မိတ်ဆက်ခဲ့ပါသည်။ အကြံအဖန်ဆိုသည် ထောင်စည်းကမ်းဖြင့် တင်းကြပ်ထားသည်များကို လာဘ်ပေးသည့် နည်းဖြင့်သော်လည်းကောင်း ထောင်ဝန်ထမ်းများ မသိအောင် လျှို့ဝှက်လုပ်ဆောင်သည့်နည်းဖြင့် သော်လည်းကောင်း နေထိုင်ရ ကြပ်တည်းသော ထောင်တွင်းဘဝကို အနည်းငယ် လျော့ပါးအောင် သက်သာအောင် လုပ်ခြင်းပင်ဖြစ်သည်။

အချို့သော အကြံအဖန်ကိစ္စများသည် မိမိအတွက် သက်တောင့်သက်သာ ဖြစ်စေနိုင်သော်လည်း တပါးသူ ဒါမှမဟုတ် အခြားအကျဉ်းသားများ ထိခိုက်နစ်နာစေနိုင်သည့် ကိစ္စမျိုး ဖြစ်၍ အချို့သောအကြံအဖန် ကိစ္စမှာမူ မိမိသက်တောင့်သက်သာ ဖြစ်စေ၍ အခြားသူကို မထိခိုက်စေနိုင်သည့် ကိစ္စမျိုးဖြစ်သည်။ ဥပမာအားဖြင့် ထိုကာလက ထောင်စည်းကမ်းအရ တားမြစ်ထားသော မဂ္ဂဇင်း၊ ဝတ္တုကဲ့သို့သော စာအုပ်စာတမ်းများ ဝန်ထမ်းများမှ တဆင့် ခိုးသွင်းခြင်းသည် တပါးသူအား ထိခိုက်နိုင်ခြင်း မရှိပေ။ နောက်တမျိုးဖြစ်သည့် တပါးသူများ ထိခိုက်နိုင်သည့် ကိစ္စကိုပြပါဆိုလျင် မူးယစ်ဆေးမှုဖြင့် ထိန်းသိမ်း အရေးယူခံရသူတို့အနေဖြင့် ဆေးသုံးစွဲလိုသည့် ချင်ခြင်းက ထောင်အတွင်းရောက်နေသည့်တိုင် ဖြစ်ပေါ်နေလေ့ရှိရာ မူးယစ်ဆေးကို ဆပ်ပြာတုံးအတွင်း ဝှက်၍ သော်လည်းကောင်း ငှက်ပြောသီးအထဲ ဌာပနာထည့်၍သော်လည်းကောင်း ထောင်ဝင်စာပေးသည့် ပစ္စည်းထဲတွင် ခိုးသွင်းတတ်ကြသဖြင့် ထောင်ဝင်စာတွေ့သည့်အခါ ငှက်ပြောသီး၊ ဆပ်ပြာတုံးစသည့်ပစ္စည်းအားလုံးပါ မသွင်းရဟု အကျဉ်းထောင်အာဏာပိုင်တွေက တားမြစ်လိုက်ခြင်းကြောင့် အခြားသောသူများပါ အခွင့်အရေး ပိတ်သွားပြီး ကြာလေကြပ်လေ သဘောဖြစ်လေ့ရှိသည်ကို တွေ့ရမည်ဖြစ်သည်။

ကျွန်တော်တို့ ထောင်တွင်းနေထိုင်ခဲ့ကြသည့် ကာလအတွင်း ထောင်ထဲ၌ ထမင်းဟင်း မိမိဘာသာ ချက်စားခွင့်မရှိပေ။ ဖိုကြီးဟုခေါ်သည့် ထောင်တထောင်လုံးမှ အကျဉ်းကျနှင့် အချုပ်ကျများအတွက် ချက်ပေးသည့် မီးဖိုဆောင်မှလွဲလျင် မည်သည့်နေရာတွင်မျှ မီးထည့်ခွင့် ချက်ခွင့် မရှိသလို ငရုတ်၊ ကြက်သွန်၊ ဆီ၊ အသီးအရွက် အသားငါးကဲ့သို့သောအရာ သွင်းယူခွင့်လည်း မရှိပေ။ ထောင်ပုံစံဟင်း သို့မဟုတ် အိမ်မှပို့သည့် အခြောက် အခြမ်းကြော်များကိုသာ နေ့စဉ်ရက်ဆက်စားရသဖြင့် တခြားသော လက်ရာ အရသာစားချင်ပါလျင် ယင်းဖိုကြီးမှ ချက်ပြုတ်နေသည့် ထောင်အကျဉ်းကျ တချို့ ယင်းဖိုထဲတွင် ခိုးချက်ပြုတ်သည့် ဟင်းမျိုးကို ဆေးလိပ်ပေးပြီး ဝယ်စားသည့် အဖြစ်မျိုးရှိလေ့ရှိသည်။ ယင်းသို့သော ဟင်းကို အကြံအဖန်ဟင်းဟု ခေါ်လေ့ရှိသည်။

ကျွန်တော်တို့အတွက်ကတော့ အစားအသောက်ဆိုတာထက် စာအုပ်၊ မဂ္ဂဇင်း၊ သတင်းစာ စသည်တို့ကို ဖတ်ချင်သည်က ပိုသည်ဟု ဆိုရမည်။ တခါတရံ ဆေးလိပ်လိပ်သောက်ရန် ဆေးရွက်ကြီးနှင့် သတင်းစာစက္ကူ ထောင်ဝင်စာမှတဆင့်ရလာသည့်အခါ ၄၊ ၅ ၊ ၈ ပိုင်းဖြစ်အောင် ဆုတ်ဖြဲလိုက်သည့် သတင်းစာအပိုင်းအစများမှ စာရေးဆရာ ဘယ်သူ၏ ဝတ္တုထွက်ပြီစသည့် ကြော်ငြာများတွေ့ရသည့်အခါ ယင်းစာအုပ်ကို ဖတ်ချင်စိတ်ပြင်းပြလေ့ရှိသည်။

ကျွန်တော်တို့ ထောင်ထဲရောက်နေသည့် ၁၉၈၃ ခုနှစ်က မိုးမိုး (အင်းလျား)၏ “သုံးလွန်းတင်မှကြိုး”၊ “မီးရောင်အောက်ကိုဝင်လျင်” စသည့် ဝတ္တုများထွက်သည့်ကာလဖြစ်သည်။ မိုးမိုး (အင်းလျား) စာအုပ် ဖတ်ချင်သဖြင့် ကျွန်တော်တို့နှင့် ရင်းနှီးသည့် ထောင်ဝန်ထမ်းတစ်ဦးကို အပူကပ်ရသည်။ သူကကျွန်တော့်အမှုတွဲဖြစ်သူ၏ အိမ်သို့သွားပြီး မိုးမိုး(အင်းလျား) ဝတ္တုစာအုပ်ယူကာ သူ့နည်းသူ့ဟန်ဖြင့် ထောင်တွင်းသို့ သွင်းပေးခဲ့သည်။

ထောင်တွင်းသို့ စာအုပ်ရောက်ပြီ ဆိုရုံဖြင့် ကြိုက်သလို လွတ်လွတ်လပ်လပ် ဖတ်ခွင့်ရှိသည့် အခြေအနေ မျိုးမဟုတ်ပေ။ စာအုပ်ကို ရက်အနည်းငယ်အတွင်း ပြီးအောင်ဖတ်ရသည်။ ထောင်တွင်း အခါအားလျော်စွာ တလာစီ(ရှာဖွေရေး) ခြင်းကလည်း ရှိပေရာ တလာစီသည့်အခါ စာအုပ်တွေ့သွားပါက ပိုင်ရှင်ဘယ်သူလဲ ဘယ်သူသွင်းလာပေးသလဲ ဆိုသည့်ကိစ္စက မီးခိုးကြွက်လျှောက်ဖြစ်ပေလိမ့်မည်။
ထိုသို့သော အန္တရာယ်များကြောင့် မိုးမိုး (အင်းလျား)၏ သုံးလွန်းတင်မှကြိုးစာအုပ်ကို နေ့ခင်းဘက် ကျွန်တော်တို့အချင်းချင်း တယောက်တလှည့် ကင်းစောင့်ပေးပြီး တိုက်ခန်းတခန်းထဲ ၂ နာရီ ၃ နာရီအတွင်း တောက်လျှောက် ဖတ်ကြရသည်။ ယင်းသို့ဖတ်ရသည့် အရသာ၊ အာရုံစူးစိုက်မှုအပြည့်နှင့် စိတ်လှုပ်ရှားစွာဖတ်ခဲ့ရသည်ကို ယနေ့ထိ အမှတ်ရနေမိသည်။

အလားတူ လစဉ်ထုတ် ရှုမဝမဂ္ဂဇင်းတို့ကိုလည်း အထက်ကလို မှာ၍ ထောင်ထဲဖတ်ခဲ့ကြရသည်။ နေ့ခင်းများတွင်ဖတ်ပြီး ညဘက် ယင်းစာအုပ်ကို ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးကာ စိုက်ခင်းထဲ ဒါမှမဟုတ် အိမ်သာတွင်သုံးသည့် စပါးခွံဖွဲပုံထဲ သွားဝှက်ထားကြရသည်။ အားလုံးဖတ်ပြီးသည့်နောက်တွင် သံယောဇဉ်မထားတော့ပဲ စာအုပ်ကို ထောင်ထဲမှပြန်ထုတ်ခိုင်းကြရသည်။

တလာစီသည်ဟု ခေါ်သည့် ရှာဖွေရေးကို ဝင်းတစ်ဝင်းလျင် အနည်းဆုံး တလ ၂ ကြိမ် ၃ ကြိမ်ဝင်ရောက်လေ့ရှိသည်။ ထောင်ဝန်ထမ်း ဒါဇင်နှင့်ချီပါဝင်လေ့ရှိပြီး ဘယ်နေရာရှာ ဘယ်နေရာမရှာပါနဲ့ဟု ယင်းဝင်းတာဝန်ခံ ထောင်ဝါဒါက ဝင်ရောက်ပြောဆိုခွင့်မရှိပေ။ တလာစီခြင်းကို မနက် စောစော ထောင်အဆောင်မဖွင့်မီ လုပ်လေ့ရှိသည်။ ထောင်သားများအနေဖြင့် မိမိအသုံးအဆောင် အဝတ်အစား၊ စားစရာများအားလုံး အခန်းထဲ အဆောင်ထဲထားခဲ့ရပြီး တဦးချင်း၏ ခန္ဓာကိုယ်ကိုပါ ထောင်ဝါဒါများက စေ့စေ့စပ်စပ်ရှာဖွေ၍ မိမိတို့အခန်းပြင် ထွက်ပေးကြရသည်။

တလာစီသည့် ရည်ရွယ်ချက်မှာ ထောင်ဖောက်ခြင်း၊ ထောင်တွင်းဆူပူအုံကြွခြင်းများ မပြုလုပ်နိုင်အောင် လက်နက်ကိရိယာများ ရှာဖွေခြင်းဖြစ်သည်။ သို့သော် ယုံထောင်ကြောင်မိ ဆိုသလို အကြံအဖန်နည်းဖြင့် သွင်းလာသော အခြားပစ္စည်းပစ္စယများ စာအုပ်များတွေ့သွားပါက ပိုင်ရှင်ဖြစ်သည့် အကျဉ်းကျ /အချုပ်ကျလည်း ထောင်တွင်းပြစ်ဒဏ်ပေးခြင်းဖြင့် အရေးခံရနိုင်သကဲ့သို့ သွင်းပေးလာသည့် ထောင်ဝန်ထမ်းလည်း စည်းကမ်းဖောက်ဖျက်မှုဖြင့် အရေးယူအပြစ်ပေးခံရနိုင်ပေသည်။

ကျွန်တော်တို့တွင် ဘောပင် တစ်လက် နှစ်လက်ကို မှင်ချောင်းချည်း သက်သက်ဖြုတ်၍ မြေကြီးထဲ ဒါမှမဟုတ် ပုဏ္ဏရိပ်ပင်များအကြား မိမိအမှတ်အသားဖြင့် ဖွက်ထားလေ့ရှိသည်။ တခါတရံ မိမိတို့ အိမ်သို့ မှာချင်သည့်အကြောင်းအရာ စာရင်းများကို ရေးပေးရန်၊ ကဗျာ၊ မှတ်စုအတိုအစရေးလိုလျင် ရရန်ဖွက်ထားကြခြင်းလည်းဖြစ်သည်။

စာရွက်ကိုမူ သီးသန့်မမှာတော့ပဲ ဆေးလိပ်ထုပ် စက္ကူ၊ ဒူးယားစီးကရက်ဘူး စက္ကူ စသည့်အရာများတွင် ရေးကြရသည်။ ထိုစဉ်က ခြူးကမ္ဘာ တံဆိပ် ဆေးပေါ့လိပ်များခေတ်စားချိန်ဖြစ်၍ ခြူးကမ္ဘာဆေးပေါ့လိပ်ထုပ် စက္ကူများတွင်ရေးထားသည့် ကဗျာတိုတွေ လွတ်လာပြီး နှစ်အတန်ကြာသည်အထိ ကျွန်တော့်ထံ ရှိခဲ့သေးသည်။

ထောင်ဝင်စာ

ထောင်ဝင်စာဆိုပါလျင် ထိုစဉ်က ပြစ်ဒဏ်ကျပြီးသူများကို တစ်လ ၂ ကြိမ် နှင့် အချုပ်သားများကို တလ ၈ ကြိမ်တွေ့ခွင့်ပေးရန် စည်းကမ်းသတ်မှတ်ထားရှိသည်။ ယခုခေတ်တွင် ထောင်ဝင်စာလာတွေ့သူနှင့် အကျဉ်း ကျ နေသူတို့ အိမ်ထောင်စု စာရင်းတစ်ခုထဲဖြစ်မှ၊ လင်မယား၊ မိဘ၊ မောင်နှမစသည့် သွေးသားရင်းချာဖြစ်မှဟု ပိုမိုတင်းကြပ်နေသော်လည်း ထိုခေတ်က ယခုလောက်မတင်းကြပ်ပေ။ ထိုစဉ်ကမော်လမြိုင်ထောင်တွင် တွေ့မည့်သူက မှတ်ပုံတင်သက်သေခံကတ်ပြား ယူလာပြီး မိမိတွေ့လိုသူအမည်၊ အဘအမည် စွဲဆိုထားသည့် ပုဒ်မ စသည်တို့ သိရှိပါက တွေ့ခွင့်ပေးလေ့ရှိသည်ကိုတွေ့ရသည်။

အဲသည်ခေတ်က မော်လမြိုင်ထောင်တွင် ထောင်ဝင်စာတွေ့သည့်နေရာ သီးသန့်မထားရှိပဲ ထောင်ဘူးဝ အတွင်းသံတံခါး အပြင်နှင့်အတွင်း ခုံတန်းရှည်ချ၍ ၆/ ၇ ယောက်တပြိုင်ထည်း ထိုင်ကာပြောကြရသည်။ တွေ့သူ ၆/၇ ယောက်မှာ တယောက်နှင့် တယောက်ကပ်လျက် ထိုင်နေကြရာ ဟိုဘက်ဒီဘက်ပြောဆိုနေသည့် အသံများက ဆူညံလျက် အလုအယက် ပြောဆိုကြရသည်။ ယင်းသို့ပြောဆိုနေစဉ်အတွင်းပင် အပြင်မှပေးသည့် စားစရာ ဆေးလိပ် အစရှိသည်တို့ကိုလည်း ထောင်ဝန်ထမ်းများက စစ်ဆေးပြီးအတွင်းမှ အကျဉ်းကျနေသူများ ထံ ပေးလေ့ရှိသည်။

တွေ့ရသည့် အချိန်ကာလမှာ မိနစ်အနည်းငယ်မျှသာဖြစ်သည်။ တိုလျင် ၄၊ ၅ မိနစ်မှ ကြာလျင် ၁၀ မိနစ် ၁၂ မိနစ်မျှသာဖြစ်သည်။ ယင်းအချိန်အတွင်း ပြောမည့်ကိစ္စများကို ခေါင်းထဲစီထားကြပြီး ပြောစရာမကျန်ရအောင် ဆက်တိုက်ဆိုသလို ပြောကြရသည်။ အလုအယက်လည်းပြောကြရသည်။
ထိုသို့ ၅ မိနစ် ၁၀ မိနစ်တွေ့ခွင့်ရဖို့အတွက် မိသားစုဝင်တွေအနေဖြင့် အကျဉ်းထောင်ပြင်ပတွင် အနည်းဆုံး ၂ နာရီမှ အများဆုံး နေ့တဝက်လောက်ထိစောင့်ကြရသည်။ ရှေးဦးစွာ တွေ့လိုသည့် အကျဉ်းကျသူ အမည်အချက်အလက်များနှင့် တွေ့မည့်သူတို့ကို ထောင်ဗူးဝအနီးရှိ လက်ခံရာနေရာတွင် စာရင်းပေးရသည်။ ယင်းစာရင်းကို တစ်သုတ်ပြီးတစ်သုတ် ထောင်ဗူးဝသို့ လွှဲပေးပြီးထောင်ဗူးဝမှ တဆင့် ထောင်တွင်းရှိ ထောင်ဝင်စာလိုက်ခေါ်သည့် အကျဉ်းကျဘာယာများက တစ်ဝင်းချင်း တစ်ယောက်ချင်း လိုက်လံခေါ်ယူကြရသည်။ မိမိထောင်ဝင်စာတွေ့ခဲ့သည့် အကြိမ်ရေနှင့် ပတ်သက်၍ ထောင်ဗူးဝတွင် မှတ်သားကောင်း မှတ်သားထားမည်ဖြစ်သော်လည်း မိမိကိုယ်တိုင်သိမ်းဆည်းရသည့် ထောင်ဝင်စာစာရွက်က လည်းအရေးကြီးပေသည်။ တစ်လက်မအကျယ် ၆လက်မ ၈ လက်မလောက်အရှည်ရှိသည့် စာရွက်ပေါ်တွင် မိမိအမည်၊ စွဲခံရသည့် ပုဒ်မ၊ အဖေအမည်တို့ကိုရေးထားကာ မည်သည့်နေ့ရက်တို့တွင် ထောင်ဝင်စာတွေ့ ခဲ့ကြောင်း ထောင်မှူး သို့မဟုတ် တပ်ကြပ်ကြီးအဆင့် ထောင်ဝန်ထမ်းက မှတ်တမ်းတင်ထားသည့် ယင်းစာ ရွက်ငယ်ကို မပျောက်မပျက်အောင် ထိန်းသိမ်းထားရသည်။

ထိုစဉ်က ကျွန်တော်တို့မှာ အချုပ်သား ဖြစ်သဖြင့် တစ်ပတ်လျင် နှစ်ကြိမ်အိမ်မှ လာတွေ့ခွင့်ရှိပေသည်။ အမေမှာ စတင်ရုံးထုတ်သည့်နေ့ကစ၍ ကျွန်တော့်ထံ တပတ်နှစ်ကြိမ် မှန်မှန်လာတွေ့သည်။ တစ်ခါလာလျင် သူ့အလုပ်ကို ထားပြစ်ခဲ့ရပြီးအဖေလုပ်သူက အမေထားခဲ့သည့် ဆိုင်ကိုကြည့်ရသည်။ လွယ်လွယ်ပြောရလျင် အမေသည် တစ်ပတ်လျင် ၂ ရက် မှန်မှန်လာတွေ့ခဲ့သည်။ အမှုတွဲအချင်းချင်း၏ မိဘများ ထောင်ဝင်စာလာ တွေ့သည့်နေ့တွင် ထောင်ဗူးဝ အပြင်ဘက်တွေနာရီပေါင်းများစွာ တွေ့ဆုံရပြီး မိဘအချင်းချင်းပိုမိုရင်းနှီး လာကြသည်။

အခြားသူများဆိုလျင် အချုပ်သားဆိုပါက ထောင်ဝင်စာတွေ့ခွင့်အပြင် ရုံးထုတ်သည့်ရက်များတွင် တရားရုံးအနီးရှိ အချုပ်တွင်လည်း သွားတွေ့နိုင်ပေသေးသည်။ ကျွန်တော်တို့၏ အမှုမှာ တစ်ကြိမ် နှစ်ကြိမ်သာ အပြင်ရုံးထုတ်စစ်ဆေးပြီးနောက် ကျန်သည့် တစ်နှစ်ကျော်လုံးလုံး ထောင်အတွင်း တရားသူကြီးများက လာရောက်ရုံးထိုင်စစ်ဆေးခဲ့ရာ မိသားစုနှင့်တွေ့ဖို့ အခွင့်အရေးမှာ ထောင်ဝင်စာ တစ်ခုသာဖြစ်ခဲ့သည်။
ထောင်ဝင်စာနှင့်ပတ်သက်လျင် ကျွန်တော့်ဘဝတွင် ယနေ့ထိတိုင် အမေကို ဝန်မခံဖြစ်ခဲ့သည့် အဖြစ်အပျက်တစ်ခုရှိခဲ့သည်။ နှစ်ပေါင်းများစွာ စိတ်ထဲတွင်သာ ထားခဲ့ပြီး အမေကို ထုတ်ဖေါ်ဝန်ခံဖို့ ပြောမထွက်ခဲ့သည့် အဖြစ်ရှိခဲ့သည်။ ယင်းအဖြစ်မှာလည်း ကျွန်တော်တို့ ကိုယ့်ယုံကြည်မှုနဲ့ကိုယ် လျှောက်ခဲ့သည့် လမ်း၊ ရလာသည့်ရလာဒ်ကို မိဘဖြစ်သူအား မခံစားစေလိုသည့် စေတနာဖြင့် ဆုံးဖြတ်လုပ်ဆောင်ခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။

(ဆက်လက်ဖေါ်ပြပါမည် )

Leave a Reply