ထောင်ဝင်စာနှင့်ပတ်သက်ပြီး ကျွန်တော့်ဘဝတွင် အမေ့အား ထုတ်မပြောဖြစ်သည့် ကိစ္စတစ်ခုရှိကြောင်း ပြီးခဲ့သည့် အပတ်က အစသာရေးသားခဲ့ပြီး ဘာအကြောင်းလဲ ဘယ်လိုဖြစ်ပျက်ခဲ့သလဲဆိုတာကို ယခုတစ်ပတ်တွင် အကျယ်ရှင်းပြပါမည်။

ကျွန်တော်တို့ အမှုစစ်ဆေးနေသည့်အချိန် အချုပ်သားဘဝ ဖြစ်သဖြင့် တစ်ပတ်လျင် နှစ်ကြိမ်တွေ့ခွင့်ရှိသည့် အတိုင်း အမေက သီတင်းပတ်တိုင်းတစ်ပတ် ၂ ကြိမ်လာတွေ့သည်။ ထောင်ဝင်စာတွေ့ဖို့အတွက် အပြင်တွင် ၂ နာရီမှ ၃ နာရီအထိစောင့်ရသည်။ ထောင်ဝင်စာလာတွေ့ရသည့် ဒုက္ခက မသေးလှ၊ အချိန်ပေးရ စောင့်ဆိုင်းရသည့် ဒုက္ခက ကြုံဖူးလျင်ကောင်းကောင်း သိနိုင်သည်။ နွေရာသီဆိုလျင် နေပူထဲလာရ၊ ထောင်အပြင်ဘက်မှာ ထိုင်စောင့်ရတဲ့အဖြစ်ကြောင့် တစ်ပတ် တစ်ကြိမ်သာလာဖို့ ပြောပေမယ့်လည်း အမေက လက်မခံ တစ်ပတ် နှစ်ကြိမ်လာမည်ဟုဆိုကာ လာမြဲတိုင်းလာသည်။

ကျွန်တော်တို့ အခုလို ဖမ်းဆီးခံရခြင်းမှာ မိမိယုံကြည်သည့်အရာ ကိုယ်လုပ်ချင်သည့်အရာကို မိမိသဘောဖြင့် လုပ်ခဲ့ခြင်းဖြစ်၍ အကျိုးအပြစ်အားလုံးကို မိမိတို့သာ ခံယူလိုပြီးအမေ အဖေနှင့် မောင်နှမများ အပေါ်မကျ စေချင်ပေ။ ယခုလို စာအုပ်ထုတ်မည်ဆိုကတည်းက ဘာအကျိုးဆက်ထွက်ပေါ် လာပါစေ ကိုယ်သာခါး စည်းခံမည်ဆိုသည့် ဆုံးဖြတ်ချက်က ချပြီးသားမို့ အမေ့ကို ဒုက္ခမခံစေလိုပေ။

အမေ့မှာလည်း သားဖြစ်သူ အထဲတွင် ကောင်းကောင်းစားရပါစေ၊ လိုအပ်တာတွေ ပို့ပေးရင်း နေကောင်းလား ဆိုသည့်အတွေးဖြင့် တွေ့ခွင့်ရသည့်အခါတိုင်း တွေ့ချင်သည့် စိတ်ဖြင့် လာနေခြင်းဖြစ်သည်။ အမေ တစ်ပတ်နှစ်ကြိမ်မလာအောင် မည်သို့ပြောရပါ့မလဲဟု စဉ်းစား နေတုန်းကာလ တနေ့ ထောင်ဝင်စာ လာခေါ်သည့် ဘာယာက ကျွန်တော့်အမည်ကို မှားခေါ်လိုက်သည်။ ပုဒ်မ ၅ (ည) ကိုတော့မမှားပေ။ ကျွန်တော့်အနေဖြင့် ယင်းထောင်ဝင်စာမှာ အမေဖြစ်လိမ့်မည်ဟု မှန်းဆမိသော်လည်း အမည်မှားသည် ကိုအကြောင်းပြုပြီး ဘာယာအား သွားထွက်မတွေ့တော့ဘဲ ဒီအတိုင်းနေနေလိုက်သည်။ တနည်းအားဖြင့် ထောင်ဝင်စာလာတွေ့ရသည့် ဒုက္ခကြောင့် အမေစိတ်ပျက်သွားစေရန် နောက်ဆိုလျင် တစ်ပတ်လျင် တစ်ကြိမ်သာလာတွေ့စေရန် ရည်ရွယ်လုပ်ဆောင်လိုက်ခြင်းပင်။

တကယ်တော့ ထိုနေ့က အမေတယောက် ထောင်အပြင်ဘက်တွင် ညနေထောင်ဝင်စာပိတ်ချိန် ၄နာရီခွဲ ၅ နာရီထိုးချိန်ထိစောင့်ခဲ့ရပြီး နောက်ဆုံးထောင်ရုံးပိတ်ချိန် တွေ့ခွင့်မရတော့သည့်အဖြစ် သေခြာတော့မှ အမေ့ခမြာ သယ်လာသည့် စားစရာအိတ်ကို ပြန်သယ်ပြီး အိမ်ပြန်သွားရရှာသည်။

ယင်းအဖြစ်ကို နောက်တစ်ကြိမ် ထောင်ဝင်စာလာတွေ့တော့ အမေက ကျွန်တော့်ကို ပြန်ပြောပြသည်။ ထိုသို့ဖြစ်ရသည်မှာ ထောင်ဗူးဝ၏ မှားယွင်းမှုသက်သက်ကြောင့်ဟုသာ အမေမှတ်ယူနေရှာသည်။ ထိုအချိန်က ကျွန်တော့်ဘက်တွင် ရည်ရွယ်ချက် တစ်ခုရှိပြီး ယင်းရည်ရွယ်ချက်ကြောင့် ထောင်ဝင်စာထွက်တွေ့ဖို့ ကျွန်တော်မကြိုးစားခဲ့သည့် အဖြစ်ကို အမေ့အား ထုတ်မပြောရဲခဲ့ပေ။ ယနေ့ထိတိုင် ယင်းအဖြစ်ကို ရှင်းပြ ဝန်မခံဖြစ်ခဲ့။
ထိုစဉ်အခါက နိုင်ငံရေးနှင့်ဆက်နွယ်လုပ်ကိုင်သည့် ကျွန်တော်တို့အနေဖြင့် စတင်ပတ်သက်သည့် အချိန်ကတည်းက မိမိဘဝကို ဒုက္ခ၊ ခက်ခဲကြမ်းတမ်းမှုတို့ဖြင့် ရင်ဆိုင်ရမည်၊ ၎င်းတို့ကို ခါးစည်းခံမည် ဆိုသည့်ဆုံးဖြတ်ချက်မျိုး စိတ်ထဲမှတ်ယူထားခဲ့သည်။ သက်တောင့်သက်သာရှိဖို့ နေထိုင်နိုင်ဖို့ဆိုသည်တို့ကို ခေါင်းထဲမှာ ထုတ်ထားခဲ့ကြသည်။

ထောင်ထဲတွင်လည်း ကြုံရသည့်အခက်အခဲမှန်သမျှ ခါးစည်းခံမည်ဟု ဆုံးဖြတ်ချက်ချပြီး ဖြစ်ပျက်သမျှကို ကျော်ဖြတ်မည်ဟုစိတ်ထဲခံယူထားကြသည်။ တနည်းအားဖြင့်ဆိုရလျင် ယုံကြည်ချက်ကို ရှေ့တန်းတင်ထားကြခြင်းဖြစ်သည်။

ထောင်တွင်းတရားရုံး

ရှေ့ဆောင်းပါးတွင် ရေးခဲ့သလို ကျွန်တော်တို့အမှုကို စစ်ဆေးသည့် တနှစ်ကျော်ကာလလုံးလုံး မော်လမြိုင် ထောင် တွင်းရှိ အချုပ်ရုံးအပေါ်ထပ်၌ တရားရုံးအဖြစ် ဖွင့်လှစ်စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်ချ အမှုပြီးသည့်အချိန်ထိ ပြင်ပသို့ လုံးဝထွက်ခွင့်မရခဲ့ပေ။

ဘယ့်အတွက်ကြောင့် မြို့နယ်တရားရုံးသို့မထုတ်ပဲ ထောင်တွင်းသို့ တရားသူကြီးနှင့် သက်သေများ လာရောက်ပြီး ကြားနာစစ်ဆေးရသနည်းဟုမေးလျင် ကျွန်တော်တို့ အမှုတွင် ပုဒ်မ ၅ (ည) ဖြင့်စွဲဆိုခံရသူ ၁၁ ဦးအနက် ၆ ဦးမှာ မော်လမြိုင်ကောလိပ်နှင့် ဒေသကောလိပ် တက်ရောက်နေသည့် ကျောင်းသားများဖြစ်ခြင်း၊ ပထမဆုံးရုံးထုတ်သည့်ရုံးချိန်းနေ့က မြို့နယ်တရားရုံးတွင် ကောလိပ်ကျောင်းမှ သူငယ်ချင်းများ လာရောက်စောင့်ဆိုင်းကာ နှုတ်ဆက်ပြောဆိုကြခြင်းကြောင့် ယခုအမှုနှင့်ဆက်နွယ်ပြီး ကျောင်းထဲတွင် လှုပ်ရှားမှုများပေါ်လာမည်ကို စိုးရိမ်ခြင်းကြောင့် နောက်ရုံးချိန်းများကို အပြင်မထုတ်တော့ဘဲ ထောင်တွင်း၌ပင် စစ်ဆေးရန် တရားလိုအဖွဲ့ဖြစ်သည့် သတင်းတပ်ဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ထောင်တွင်းစစ်ဆေးခြင်းမျိုးကို အင်္ဂလိပ်ဘာသာဖြင့် In Camera စစ်သည်ဟု ခေါ်ဆိုကြသည်။ တခါတရံ နိုင်ငံရေးအရ ထိလွယ်ရှလွယ်သည့်ကာလမျိုး အရေးအခင်းလိုကိစ္စကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် ကိစ္စမျိုးများတွင်လည်း ထောင်တွင်းမဟုတ်တောင် ထောင်ပရဝုဏ်အတွင်း ယာယီတရားရုံးဖွင့်လှစ် စစ်ဆေးမှုမျိုး ၁၉၇၀ ကျော်ခုနှစ်များတွင် ရှိခဲ့သည်ဟု ကြားဖူးသည်။ မကြာသေးခင်က အလားတူ အဖြစ်အပျက်ကို နမူနာပြရလျင် ဒေါ်အောင်ဆန်းစုကြည်အား ဂျွန်ယက်တော ခြံထဲဝင်ရောက်သည့် ကိစ္စနှင့်ဆက်နွယ်ပြီး တရားရုံးတင်သည့် အဖြစ်ပင်ဖြစ်သည်။ ထိုအချိန်က အင်းစိန်ထောင်ဝင်းထဲရှိ အဆောက်အဦတစ်ခုတွင် တရားရုံးဖွင့်လှစ်စစ်ဆေးခဲ့ကြသည်ကို အားလုံး မှတ်မိကြဦးမည်ဖြစ်သည်။

အချုပ်ကျကာလတွင် ရုံးချိန်းထွက်ခြင်းသည် ထောင်ပြင်ပသို့ အနည်းဆုံး ၁၄ ရက်တစ်ကြိမ်ထွက်ရသဖြင့် ပြင်ပလောကနှင့် အဆက်အသွယ်ရခြင်း အကယ်၍ မိသားစုများက ရုံးချိန်းတွင်လာရောက်ပြီး တရားရုံး ရဲအချုပ်တွင် ထပ်မံတွေ့ဆုံနိုင်သည့် အခွင့်အရေးများရှိပေသည်။ ကျွန်တော်တို့ကို ထောင်တွင်းတရားရုံးတွင်သာစစ်ဆေးသဖြင့် ပထမ ၂ လ နောက်ပိုင်းနောက် တနှစ်ကျော်ကျော် ပြင်ပလောကနှင့် အဆက်အသွယ်လုံးဝမရှိတော့။ ထောင်တွင်းမြင်ကွင်းများကိုသာ နေ့စဉ်တွေ့မြင်နေရသဖြင့် ပြင်ပမှ မြင်ကွင်းများဖြစ်သည့် ကား၊ မြင်းလှည်း စသည်တို့ကို တခါတရံ ထောင်ဝင်စာတွေ့စဉ် ထောင်ဗူးတံခါးကြားမှ မြင်ရသည့်အခါ အထူးအဆန်းလိုဖြစ်နေသည့် ခံစားမှုမျိုးထိုစဉ်က ခံစားခဲ့ရဖူးသည်။ တနည်းပြောရလျင် အပြင်လောကကို စိတ်စွဲလမ်းခြင်းလည်းဖြစ်သည်။

ထောင်တွင်းနှင့် အပြင် အိပ်မက်

စိတ်စွဲလမ်းခြင်း အကြောင်းပြောလက်စနှင့် ထောင်တွင်းရှိစဉ် မက်လေ့ရှိသည့်အိပ်မက် တချို့နှင့် ပြင်ပရောက် သည့်အခါ မက်လေ့ရှိသည့် အိပ်မက် အကြောင်းဖောက်သည်ချချင် ပါသေးသည်။

ထောင်တွင်းရှိနေစဉ်ကာလ လူ၏စိတ်က အပြင်က မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းနှင့် မိမိနေထိုင်သွား လာလှုပ်ရှားဖူးသည့် နေရာ၊ အကြောင်းကိစ္စများကို အားလပ်နေသည့်အချိန်များတွင် တွေးတောလေ့ရှိသည်။ ကျွန်တော်နှင့် ကျွန်တော့်အမှုတွဲဖြစ်သူ ကိုကျော်သိန်းတို့ နှစ်ယောက် ကြိုးတိုက်တွင်နေစဉ် တနေ့တနေ့ ပြောဖြစ်ကြသည့်အကြောင်းများတွင် မိမိတို့ မိသားစုဝင်များအကြောင်း၊ မိတ်ဆွေများအကြောင်းသာမက ယခင်က စားဖူးခဲ့သည့်အစားအသောက်များ အကြောင်းလည်း အချိန်များစွာပါဝင်သည်။

အချိန်တွေကုန်လွယ်အောင် အတိတ်က အဖြစ်အပျက်များကို ပြန်တွေးခြင်း စိတ်ကစွဲလမ်းခြင်းလည်း ဖြစ်ပေလိမ့်မည်။ ထိုသို့သော ပြန်တွေးတောခြင်းနှင့် စွဲလမ်းခြင်း အပေါ်အခြေတည်ကာ ထောင်တွင်းရှိစဉ်ကာလ ညဘက် အိ်ပ်မက်များထဲတွင် ကိုယ့်အိမ်ပြန်ရောက်သွားသည့် အကြောင်းမကြာခဏမက်လေ့ရှိသည်။ အိပ်မက်ထဲတွင် အိမ်ပြန်ရောက်နေပြီး မိဘ၊ မောင်နှမတို့နှင့် စကားပြောဆိုနေသည့်အိပ်မက်မျိုး မက်ရာမှ နိုးလာသည့်အခါ ကိုယ်တကယ်ရောက်နေသည့် နေရာက ထောင်ထဲဖြစ်နေသည်ကို တွေ့လိုက်ရသည်။

အထဲမှာ ရှိစဉ် အပြင်ကိုစွဲလမ်းခြင်းကြောင့် အိပ်မက် မက်သကဲ့သို့ ပြင်ပရောက်လာပြီးသည့် လပိုင်းအတွင်းကလည်း မကြာခဏ ထောင်တွင်းရောက်နေသည့်အကြောင်း အိ်ပ်မက်မက်ခဲ့ဖူးသည်။

ကျွန်တော်လွတ်လာပြီးနောက် တလကျော်ဝန်းကျင် ကြာပြီးနောက် အိမ်မှာညဘက်အိပ်နေစဉ် ထောင်ထဲပြန်ရောက်နေသည်ဟု အိပ်မက်မက်ပြီး နိုးလာတော့မှ အပြင်ရောက်နေသည်ကို သိရပြီး သက်ပြင်းချခဲ့ရဖူးသည်။ ကျွန်တော့်အတွေ့အကြုံအရတော့ စိတ်စွဲလမ်းမှု တိမ်းညွှတ်မှုကြောင့် မက်သည်ဟု ယူဆမိသည်။ စိတ်ပညာရှင်များကတော့ အိပ်မက်နှင့်ပတ်သက်သည့် သဘောသဘာဝကို ပိုမိုအဓိပ္ဗါယ် ဖွင့်ဆိုရှင်းပြနိုင်ကြပေလိမ့်မည်။

ထောင်တွင်းမှ အချိန်ကုန်ဆုံးနည်းများ

ထောင်ဆိုသည့်နေရာက လူတယောက်၏ လွတ်လပ်ခွင့်ကို ကန့်သတ်လိုက်သလို လူတယောက်၏ အချိန်တွေကို ဖြုန်းပေးသည့်နေရာလည်းဖြစ်သည်။ အပြင်လောကမှာ လုပ်လို့ရသည့် ကိစ္စတွေ ထောင်ထဲတွင် လုပ်မရပေ။ ဖတ်ချင်သည့်စာအုပ်မဖတ်ရ၊ ရေဒီယို၊ တီဗွီ မကြည့်ရ နားမထောင်ရ (ယခုခေတ်တော့ ထောင်ထဲမှာ အက်ဖ်အမ်တွေ တီဗီချယ်နယ်တွေကြည့်ခွင့်ရနေသည်ဟု သိရသည်) အပြင်လောကတွင် လုပ်ဆောင်သည့် နေ့တဓူဝ ကိစ္စတွေ ထောင်တွင်း၌ တော်တော်နည်းသွားသည် အချိန်တွေအများကြီးပိုထွက်လာသည်။ ပိုထွက်လာသည့်အချိန်တွေကို မည်သို့ သုံးကြသနည်း။ ကျွန်တော်တို့အဖို့ ကတော့ ဖတ်စရာ စာအုပ်လည်း ဘုရားရှစ်ခိုးအမျိုးမျိုး နှင့် ပရိတ် တို့လိုစာအုပ်အပြင် ရှားရှားပါးပါး လမ်းစဉ်ပါတီစာနယ်ဇင်းက ထုတ်သည့် နိုင်ငံတကာရေးရာ လစဉ်ထုတ်စာစောင်လောက်သာရှိခဲ့သဖြင့် အချိန်အများစုကို စကားပြောခြင်းဖြင့် အသုံးချခဲ့သည်။ ထိုခေတ်အခါက မဂ္ဂဇင်းဆိုက် စာမျက်နှာ ၄၊၅၀ ဝန်းကျင်ရှိသည့် လစဉ်ထုတ် နိုင်ငံတကာရေးရာသည် စိတ်ဝင်စားစရာအကောင်းဆုံး စာအုပ်တစ်အုပ်ဖြစ်ခဲ့သည်။ ဘုရားရှစ်ခိုးအမျိုးမျိုးကိုတော့ သိပ်မဖတ်ဖြစ်ပါ။ အချို့သော အကျဉ်းသားတွေ၊ ရာဇဝတ်ပြစ်မှုဖြင့် ကျလာသည့် ဓါးပြတိုက်သူတွေ၊ ခိုးမှုကျူးလွန်သူတွေ၊ တခါတရံ မုဒိမ်းမှုဖြင့် ဖမ်းဆီးပြစ်ဒဏ်ကျသူတွေလည်း ဘုရားစာအုပ်ကို လက်မှမချသည့်အဖြစ်မျိုး ထောင်တွင်းမှာ အမြဲတွေ့ရလေ့ရှိသည်။ ဒုက္ခရောက်မှ ဘုရားကု ကုခြင်းလည်းဖြစ်ပေလိမ့်မည်။

ထောင်တွင်းမှာ အမြီးအမောက်မတည့်သည့် (အင်္ဂလိပ်လို ironic ) ကိစ္စများ အများအပြားတွေ့ကြုံရသည်။ လူသတ်မှု၊ ဓါးပြမှု၊ ရဲဘက်ပြေးစသည့်အမှုများဖြင့် ပြစ်ဒဏ်ကျသူ တဦးဆိုလျင် တနေ့လုံး ဘုရားစာအုပ်ကို လက်မှမချပဲ ရွတ်ဖတ်နေလေ့ရှိသည်။ ထိုပုဂ္ဂိုလ်မှာ ၈၈ ခုနှစ်အရေးအခင်းကာလက ကော့ကရိတ်မြို့တွင် အဆိပ်ခတ်သည်ဟု မသင်္ကာသူတဦးကို သပိတ်အဖွဲ့မှ ထိန်းသိမ်းပြီးစစ်ဆေးအပြစ်ပေးမည်ဟု လုပ်နေစဉ် ၎င်းက ဝင်ပြီး ထိန်းသိမ်းထားသည့် သူကို ခေါင်းဖြတ်ခဲ့သည်ဟု နောက်ပိုင်း သိရသည်။ အရေးအခင်းပြီးနောက် ထိုသူ ခေါင်းဖြတ်မှုဖြင့် ထောင် ၇နှစ်ကျသွားသည်ဟု ကြားသိရသည်။

အလားတူပင် မုဒိမ်းမှုဖြင့် ဖမ်းဆီးခံစွဲဆိုခံရသူ တဦးဆိုလျင် နေ့စဉ် အခန်းထဲတွင် ၁နာရီ ၂ နာရီကြာအောင် ပရိတ်ရွတ်၊ ၂၄ ပစ္စည်းရွတ် ဘုရားရှစ်ခိုးသည်ကိုလည်း တွေ့ကြုံခဲ့ရဖူးသည်။ ဘုရားကုကုကြသည်ဟုပြောရပေလိမ့်မည်။

(ဆက်လက်ဖေါ်ပြပါမည်)

Leave a Reply