ယခင်တပတ်က ထိုခေတ်က အကျဉ်းထောင်ထဲက ကျန်းမာရေးကုသမှုအကြောင်းရေးပြခဲ့သည်။ ထောင်ထဲတွင် ကျန်းမာရေးချို့ယွင်းလျင် စိတ်ပင်ပန်းဆင်းရဲရသည်။ မိမိအတွက် လိုအပ်သည့် ဆေးဝါးရရှိဖို့ ခက်ခဲသည့်အပြင် အစားအသောက် အနေအထိုင်လည်း ကျန်းမာရေးနှင့် လျော်ညီအောင် နေထိုင်ဖို့ ခက်ခဲခြင်းကြောင့်ပင်။

ကျွန်တော့်တဦးချင်း အနေဖြင့် ထောင်ထဲမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး စိတ်ဒုက္ခရောက်ခဲ့ရသည့် ရောဂါတရပ်မှာ ဝမ်းကိုက်ခြင်းပင်ဖြစ်သည်။
လူအများအပြား စုဝေးပြီးနေသည့်နေရာ၊ မိမိအိမ်မှာလို သန့်ရှင်းအောင် နေဖို့ မလွယ် သည့်နေရာဖြစ်ပေရာ ထောင်တွင်းအဖြစ်များဆုံး ရောဂါများဖြစ်သည့် အရေပြား ယားနာနှင့် ဝမ်းကိုက်သည့်ရောဂါဖြစ်သည်ကိုတွေ့ကြုံခဲ့ရသည်။

ထောင်ထဲရောက်ပြီး တနှစ်ဝန်းကျင်တွင် ရလာသည့်ဝမ်းကိုက်ရောဂါက ထောင်မှ လွတ်သည်အထိ ပါလာခဲ့သည်။ ဟင်းရွက်စိမ်းကို တို့စရာအဖြစ်စားခြင်းမှ ဝမ်းကိုက်ရောဂါရခြင်းလား အခြားနည်းလမ်းဖြင့် ကူးခြင်းလား မသိပေ။ ဝမ်းကိုက်သည့်ရောဂါကို ထောင်ဆေးရုံ ပြင်ပလူနာဌာနသို့ လိုက်သွားပြီး ပြပေမယ့်လည်း ထရစ်ပယ်ဆာလ်ဖာ ဆေးမျိုးသာပေးပြီး လနှင့်ချီ မပျောက်နိင်ဖြစ်ခဲ့သည်။

ထောင်ထဲတွင် နေထိုင်စဉ် ကျန်းမာရေးချို့တဲ့လျင် ပိုစိတ်ဆင်းရသည်။ အပြင်လောကတွင် မကျန်းမမာဖြစ်ပါက ကြည့်ရှုမည့်သူ၊ လိုအပ်သည့်ဆေးဝါးကုသမှု လုပ်ဆောင်နိုင်ပေမယ့် အကျဉ်းထောင်ထဲတွင် မကျန်းမမာဖြစ်ပါက အကျဉ်းထောင်ဆေးရုံတာဝန်ရှိသူက ရေးပေးသည့် လက်မှတ်ရှိမှ ပြင်ပမှဆေးဝယ်ယူခွင့်ရှိသလို ဘယ်လောက်ပင် ပြင်ပဆေးရုံမှာ ကုသဖို့ လိုအပ်နေပါစေ ဆရာဝန်က ပြင်ပဆေးရုံမှာ ကုသဖို့လိုအပ်သည်ဟု ထောက်ခံရေးသားမှသာ ကုသခွင့်ရှိသည့် အနေအထားဖြစ်ခြင်းကြောင့် ဖြစ်သည်။ ပြီးခဲ့သည့် စစ်အစိုးရလက်ထက်တွင် နိုင်ငံရေးအကျဉ်းသားအများအပြား ကျန်းမာရေးချို့တဲ့သော်လည်း စစ်အစိုးရက လုံခြုံရေးအကြောင်းပြပြီး တားမြစ်ထားခြင်းကြောင့် မဖြစ်သင့်ပဲ ရောဂါပိုကြီး၊ အချို့အသက်ဆုံးရှုံးခဲ့ရသည့် အဖြစ်များ အများအပြားရှိသည်ကို ကြားခဲ့ကြရသည်။

ထိုသို့သော အကြောင်းများကြောင့် အကျဉ်းကျနေစဉ် ကျန်းမာရေးလေ့ကျင့်ခန်းကို နေ့စဉ်အချိန်ပေး၍ လုပ်လေ့ရှိကြသည်။ ကျွန်တော်တို့ အမှုတွဲဖြစ်သူ ကဗျာဆရာရွှေရ (တောင်ကုတ်)က သူကိုယ်တိုင် ကျန်းမာအောင်နေထိုင်သလို ကျွန်တော်တို့ကိုလည်း ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ဖို့ ဆုံးမလေ့ရှိသည်။ ဆရာ၏ လမ်းညွှန်မှုကြောင့်ကျွန်တော်တို့လည်း ညနေရေမချိုးမီ လေ့ကျင့်ခန်းကို နာရီဝက်မှ ၄၅ မိနစ်ထိအချိန်ပေး၍ လုပ်ကာ မိမိကိုယ်ကို ကျန်းမာအောင်နေကြရသည်။

အကျဉ်းကျနေသူများအဖို့ ကျန်းမာရေးနှင့်ညီအောင် ကျန်းမာရေးလေ့ကျင့်ခန်း လုပ်ခြင်းဖြင့် မိမိကျန်းမာရေး ဂရုစိုက်ကြရသလို အခန်းကျဉ်းလေးထဲတွင် ၂၄ နာရီနေကြရသည့် တိုက်ပိတ်ကျနေသူများဆိုပါက ပို၍ပင် ကျန်းမာအောင် နေထိုင်ကြရသည်။ ၁၀ ပေအရှည် ၈ ပေအကျယ်လောက်အခန်းထဲ နေ့ရောညပါ လနှင့်ချီ နေခဲ့ရပါက ကျန်းမာရေးမထိခိုက်အောင် အစားကို မျှတအောင်စား၊ လေ့ကျင့်ခန်းလုပ်၊ စိတ်ဓါတ်မကျအောင် မိမိစိတ်ကို ကြံ့ကြံ့ခံကာ နေကြရသည်။

အင်းစိန်ထောင် တိုက်ပိတ်ဘဝ

တိုက်ပိတ်သည့် အကြောင်းစကားစပ်မိ၍ ဖမ်းဆီးခံရခါစ မော်လမြိုင် အမှတ် (၅) ထောက်လှမ်းရေးတွင် စစ်ကြောရေးပြီးနောက် အမျိုးသားထောက်လှမ်းရေးဗျူရိုက ကျွန်တော်တို့၏ ထွက်ဆိုချက်များကို မကျေနပ်သေးပဲ ဆက်လက်စစ်မေးလိုသဖြင့် ရန်ကုန် အမှတ် (၆) ထောက်လှမ်းရေးသို့ပို့၍ စစ်ကြောရေးထပ်မံ ခံယူရန် အင်းစိန်ထောင်တွင်းရှိ တိုက်ထဲတွင် တလတိတိ နေခဲ့ရသည့် အချိန်များသည် ဘဝတွင် တစ်သက်လုံးမမေ့နိုင်သည့် အဖြစ်အပျက်တစ်ရပ်အဖြစ် မှတ်ဉာဏ်ထဲ စွဲရစ်နေဆဲပင်။

အင်းစိန်ထောင်ကြီးထဲတွင် တိုက်အမှတ် (၁)မှ (၆) အထိရှိသည့်အနက် ကျွန်တော်တို့နေခဲ့ရသည့် တိုက်က အမှတ် (၂) တိုက်ဖြစ်သည်။ ရင်ခွဲတိုက်ဟု ထောင်အခေါ်အဝေါ်အရခေါ်သော မျက်နှာချင်းဆိုင်အခန်းများကို အလယ်တွင် လျှောက်လမ်းရှိသည့် တိုက်ခန်းမျိုးဖြစ်သည်။ မျက်နှာစာ အကျယ် ၈ ပေ၊ ရှေ့နောက် အရှည် ၁၂ ပေသာသာခန့် အခန်းထဲတွင် ၂၄ နာရီလုံးလုံး နေခဲ့ရသည်။

မျက်နှာချင်းဆိုင်တွင် ရှိသည့်အခန်းများမှ နေသူများနှင့် မမြင်ရစေရန် အလယ်လျှောက်လမ်းတွင် ဂုံနီအိတ်များကို ဖြတ်ပြီး လူတရပ်အမြင့်ရှိသည့် လိုက်ကာသဖွယ်ချုပ်ကာ ကာရံထားသည်။ တိုက်ခန်း၏ ရှေ့တွင် သံတိုင်တံခါးရှိပြီး နောက်ဘက် ၁၀ ပေခန့်အမြင့်တွင် သံတိုင်ဖြင့်ကာထားသည့် လေဝင်ပေါက်ရှိသည်။ ဘေးနံရံများတွင် ဟိုဟိုဒီဒီရေးခြစ်ထားသည်များ အနည်းအကျဉ်းတွေ့ရသည်။ ခဲတံကဲ့သို့သော အရာဖြင့် ရေးခြစ်ခြင်းမဟုတ်ပဲ ကျေက်ခဲစသည့် အရာများဖြင့် ရေးထားပုံပေါ်သည်။ အိပ်ရန်အတွက် ဝါးဖြင့်ယက်ထားသည့် ဖျာကြမ်းတစ်ချပ်ရှိသည်။ အခန်းထောင့်တနေရာတွင် ထောင်အခေါ်အဝေါ် ဂံဖလားခေါ်သည့် ခပ်ပက်ပက် စဉ့်အင်ဒုံတခုရှိသည်။ သောက်ရေအိုးကိုတော့ အခန်းအပြင် စင်္ကြန်လမ်းတွင်ထားပြီး အခန်းထဲမှ လက်ထုတ်၍ ခပ်သောက်နိုင်အောင် စီမံထားသည်။

အခန်းထဲရှိ နံရံများပေါ်မှ ချိုင့်များ အပေါက်များထဲတွင် သွေးစုပ်ထား၍ ဝနေသည့် ကြမ်းပိုးများ ခိုအောင်းနေကြသည်ကိုတွေ့မြင်နိုင်သည်။ ညဘက်အိပ်နေသည့်အခါ အခန်းထဲက တဦးထဲသော လူကို ကိုက်ပြီး မနက်စောစော မိုးလင်းခါစတွင် နံရံပေါ် တက်ကာ အပေါက်ငယ် တွင်းငယ်လေးများထဲတွင် ပုန်းခိုနေလေ့ရှိသည်။

တရက်လျင် တကြိမ် မိလ္လာသွန်ရသည့်အခါ တစ်မိနစ်၊ ၂ မိနစ်မျှ တိုက်စင်္ကြန်ထိပ်သို့ ထွက်ရသည့် အချိန်ကလွဲ၍ တိုက်ခန်းထဲတွင်ပင် ၂၄ နာရီလုံးလုံးနေရသည့် သဘောဖြစ်သည်။

ရေကို ၄ ရက်မှ တကြိမ်ချိုးခွင့်ရသည်။ ရေချိုးသည်ဆိုသော်လည်း ရေ ၄/၅ ဖလားကို လောင်းရခြင်းဖြစ်၍ ချေးနှူးသည့်သဘောသာသာ ဖြစ်သည်။ ရေချိုးပြီးအခန်းပြန်ရောက်မှ ပွလာသည့်ချေးများကို ပွန်းထုတ်ရလေ့ရှိသည်။

ထိုအခန်းလေးထဲတွင် လုပ်နိုင်သည့် အရာမှာ ၁၂ ပေသာသာအခန်းကို ထောင့်ဖြတ်လျှောက်ချင်လျှောက် မလျှောက်ချင်လျင် အခန်းနံရံနားပတ်၍ လျှောက်ခြင်းဖြစ်သည်။ ထိုသို့ဖြင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းရယူနိုင်သလို အချိန်နာရီများကိုလည်း ကုန်ဆုံးစေသည်။ အင်းစိန်တိုက်ထဲ နေခဲ့သည့် တစ်လတာကာလအတွင်း အစောပိုင်း ရက်များက ကိုယ်လက်လှုပ်ရှား သိပ်မလုပ်ဖြစ်သော်လည်း နောက်ပိုင်းရက်များတွင် တနေ့တနေ့ အခန်းထဲ လမ်းလျှောက်သည့် နာရီမှာ အမြင့်ဆုံး ၈ နာရီထိရှိခဲ့သည်။ လမ်းလျှောက်ခြင်းဖြင့် မိမိ၏ အတွေးကို အာရုံဖြန့်ကျက်နိုင်သည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

အင်းစိန်တိုက်ထဲတွင် ကြားရသည့်အသံများဆိုပါလျင် ထောင်ဝါဒါ၏ စင်္ကြန်ထဲ လမ်းလျှောက်သည့် ခြေသံ၊ ၎င်းတို့အချင်းချင်း စကားပြောဆိုသံ၊ ကျွန်တော့်အခန်းရှေ့ရှိ ကြိုးဒဏ်ကျ အကျဉ်းသားနှစ်ဦး၏ အချင်းချင်း စကားပြောသံနှင့် သောက်ရေအိုးမှ ရေခပ်သံများသာ ဖြစ်သည်။

ထိုစဉ်ကာလ အင်းစိန် ၂ တိုက်ထဲရှိ တိုက်ပိတ်များကို တခန်းနှင့် တခန်းစကားပြောခွင့်လုံးဝမပေးဘဲ တင်းတင်းကြပ်ကြပ်ပိတ်ထားသည်။ ယင်းတိုက်ထဲတွင် ထိန်းသိမ်းခံထားရသူ အများစုမှာ ၁၉ ၈၂ခုနှစ်ဆန်းပိုင်း ဖမ်းဆီးထိန်းသိမ်းခံရသည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ မြေအောက်လှုပ်ရှားမှုနှင့် ဆက်နွယ်ပြီး သံသယရှိသူများဖြစ်ပြီး အချို့မှာ စစ်ဆေးဆဲ အထောက်အထားစုံစမ်းဆဲဖြစ်၍ အချင်းချင်း စကားလုံးဝမပြောရန် တားမြစ်ထားခြင်းဖြစ်ပြီး ကျွန်တော်တို့သည်လည်း တားမြစ်ခံထားရသည့် အထဲအပါအဝင် ဖြစ်သွားသည်။ အချင်းချင်း စကားပြောဆိုသည်ကို ထောင်အမှုထမ်းက တွေ့ရှိ၍ ရိုက်နှက်ခံရသည့်အဖြစ်များလည်း မကြာခဏကိုယ်တိုင် ကြားသိရသည်။ တရက်တွင် အမှုတွဲတူသူအချင်းချင်း စိတ်အားငယ်နေသူကို အခြားတဦးက မိလ္လာချထွက်စဉ် အခန်းရှေ့အရောက် စိတ်အားတင်းထားဖို့ ကျန်းမာအောင်နေဖို့ လှမ်းပြောသည်ကို ထောင်ဝါဒါက ကြားသိသွားသည်။ အခန်းအားလုံး မိလ္လာချပြီးသည့်နောက် ထောင်ဝါဒါ ၂ ဦး ဂွမ်းစောင် တထည်ဖြင့် စကားလှမ်းပြောသူ အခန်းထဲဝင်သွားပြီး စောင်ဖြင့်အုပ်ကာ ထိုးသံ ရိုက်သံများ ကို ကျန်အခန်းအားလုံးက ကြားကြရသည်။ ထောင်ဝါဒါများက ထိုသို့ ရိုက်နှက်ပြီးနောက် ကျန်အခန်းအားလုံးကိုလည်း စကားပြောပါက ယခုကဲ့သို့ ပြစ်ဒဏ်ခံရမည်ဖြစ်ကြောင်း ရာဇသံပေးကြေငြာလိုက်သေးသည်။ ယင်းအတွက်ကြောင့် တနေ့တနေ့ စကားလည်း ပြောခွင့်မရ၊ တေးသီချင်းပင် ဆိုခွင့်မရှိပဲ မိမိအတွေးဖြင့်သာ အချိန်တွေကုန်ဆုံးစေခဲ့ရသည်။

အင်းစိန် (၂) တိုက်၏ နေ့လည်ခင်းများသည် အပ်ကျသံပင် ကြားရလောက်အောင် တိုက်ထဲတွင် တိတ်ဆိတ်နေလေ့ရှိသည်။
အဆောင်များတွင် နေထိုင်သည့် အကျဉ်းသားများအဖို့ နံနက်စောစော ဆန်ပြုတ်စားခွင့် ရှိသော်လည်း တိုက်ပိတ်ခံထားရသူများကို နံနက်စာ ဘာမျှမကျွေးပေ။ ထို့ကြောင့် တိုက်ထဲမှ သူများအဖို့ နေ့လည်ထမင်းကို လည်ပင်းရှည်လောက်အောင် မျှော်ကြရသည်။ နေ့လည်ထမင်းက နံနက် ၁၁ နာရီ၊ ၁၁ နာရီခွဲ ဝန်းကျင်မှာ စားကြရသည့်အခါ ဗိုက်ဆာဆာနှင့် အဝစားလိုက်ကြပြီး နေ့ခင်း ၁၂ ခွဲလောက်ဆိုလျင် အတော်များများ တရေးအိပ်ကြရာ မွန်းလွဲ ၂ နာရီလောက်ထိ တိုက်တတိုက်လုံး တိတ်ဆိတ်နေလေ့ရှိပြီး သောက်ရေခွက် ခပ်သံမျှပင်ကြားရခဲသည်။

ထိုသို့သောနေ့လည်ခင်း လူခြေတိတ်ချိန်တွင် တိုက်ခန်းများ၏ သစ်ကျည်းဘောင် အောက်ခြေ အပေါက်ထဲ ခိုအောင်းနေသည့် ကြွက်သေးသေး တစ်ကောင်မှာ အခန်းများရှေ့ ကျကျန်ရစ်သည့် ထမင်းစေ့များ လိုက်ရှာကာ ရှာဖွေစားသောက်လေ့ရှိသည်။ ကျွန်တော် နေ့လည်ခင်းအိပ်ဖြစ်သည့် နေ့များတွင် မတွေ့မိသော်လည်း မအိပ်ဖြစ်သည့် တရက် အခန်းရှေ့လာကာ ကျကျန်နေသည့် လုံးတီးဆန်စေ့များ၊ လုံးတီးဆန် စပါးလုံး (စပါးခွံမကျွတ်သဖြင့် ထမင်းထဲမှဖယ်ထုတ်လိုက်သော) များကို ရှာဖွေစားသောက် နေသည်ကို မြင်လိုက်ရသည်။

နောက်ရက်များတွင် သူ့အတွက် စပါးလုံး ၄/၅ လုံးကို တမင်တကာ အခန်းရှေ့သံတံခါးအောက်ခြေတွင် ချန်ထားပေးကာ နေ့ခင်းတိတ်ဆိတ်ချိန် သူလာစားသည်ကို စောင့်ကြည့်ရသည်က စိတ်အပျင်းပြေစရာ တစ်ခုဖြစ်ခဲ့သည်။

(ဆက်လက်ဖေါ်ပြပါမည်။ )

Leave a Reply