မွန်ပြည်နယ် ပြည်နယ်အစိုးရအဖွဲ့ ကခေါ်ယူထားသော တင်ဒါခေါ်များ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ အနေနှင့် လုပ်ငန်းအရည်အသွေး ပြည့်မှီအောင် မဆောင်ရွက်နိုင်ပါက အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးဝဏ္ဏကျော်က ပြောကြားသည်။

u-wana-kyaw

အောက်တိုဘာလ ၄ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မွန်ပြည်နယ် လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပေါင်မြို့နယ် အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်မင်းအောင်က တင်ဒါအောင်မြင်ပြီးသော ကုမ္ပဏီများကို လုပ်ငန်းအရည်အသွေးပြည့်မှီစေရန် အစိုးရလုပ်ဆောင်ချက်များနှင့်ပတ်သတ်ပြီးမေးခွန်း မေးမြန်းခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် မင်းမင်းဦး ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးဝဏ္ဏကျော်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါကုမ္ပဏီများအား လုပ်ငန်းမစတင်မီ စည်းမျဉ်းစည်းကမ်းများဖြင့်တိတိကျကျသတ်မှတ်၍ စာချုပ်ချုပ်ဆို ဆောင်ရွက်ခြင်း၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိပါက ပြန်လည်ပြုပြင်တည်ဆောက်စေခြင်း၊ ငွေပေးချေမှုမပြုခြင်း၊ စာချုပ်ပါစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပါကဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“စံချိန်စံညွှန်းမကိုက်ညီမှုရှိပါက ပြန်လည်ပြုပြင်တည်ဆောက်ရေးနှင့် ငွေပေးချေမှုမပြုခြင်း၊ တင်ဒါအောင်မြင်သော ကုမ္ပဏီမှ ထပ်ဆင့်ကန်ထရိုက် လွှဲပြောင်းဆောင်ရွက်ပါက လုပ်ငန်းကို ဖျက်သိမ်း၍ ကုမ္ပဏီအား blacklist သွင်းပြီးအရေးယူမှာပါ”ဟု ၎င်းကဆိုသည်။
ပြည်နယ်အစိုးရအဖွဲ့ဦးဆောင်သော တင်ဒါစီစစ်ရွေးချယ်ရေးကော်မတီမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ပေးအပ်မည့်ကုမ္ပဏီများကို စီစစ်ရွေးချယ်ရာတွင် အမှတ်ပေးစည်းမျဉ်းဖြစ် ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း၎င်းကရှင်းပြသည်။

ယင်းနောက် တင်ဒါအောင်မြင်သော ကုမ္ပဏီများကိုလည်း အရည်အသွေး စံချိန်စံညွှန်းကောင်းမွန် စေရန်လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ခြင်း၊ စည်းကမ်းချက်များသတ်မှတ်၍ တိတိကျကျစာချုပ်များ ချုပ်ဆိုပြီးမှ လုပ်ငန်းဆောင်ရွက်စေခြင်း၊ ဖြစ်ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

ထို့အပြင် သတ်မှတ်ထားသည့်စံချိန်စံညွှန်းကိုက်ညီမှုရှိမရှိနှင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ထားသည့်အတိုင်း လိုက်နာဆောင်ရွက်ခြင်းရှိမရှိကို အရည်အသွေးစစ်ဆေးရေးကော်မတီစစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း
ဦးဝဏ္ဏကျော်က ပြောသည်။

“စီစစ်မှုအားနည်းတာတွေကြပ်မတ်မှုအားနည်းတာတွေ၊ ကုမ္ပဏီကလည်းပြီးစလွယ်လုပ်ခဲ့တာ တွေရှိသလို အရင်အစိုးရလက်ထက်တုန်းကတော့ ဇီးသီးဗန်းမှောက်တယ်လို့သုံးသလိုမျိုး၊ ကျွန်တော်ကတော့ ဇီးသီးဗန်းမှောက်တယ်လို့မသုံးဘူး၊ ဗူဖေးသုံးဆောင်သလိုမျိုး ပြည်သူ့ဘက်ဂျက်တွေကို ကြိုက်တာစား ကြိုက်သလောက်စားပေါ့၊ အဲ့သလိုမျိုးအနေအထားမှာရှိနေတဲ့အတွက်ကြောင့် အင်မတန်မှအရေးကြီးပါတယ်” ပေါင်မြို့နယ် အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်မင်းအောင်က ပြောသည်။

မွန်ပြည်နယ်အတွင်းဆောင်ရွက်မည့် လုပ်ငန်းများအတွက် တင်ဒါများခေါ်ရာတွင် မူဝါဒ ပုံစံအသစ်ဖြင့် ခေါ်ယူသွားမည်ဖြစ်ကြောင်း လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြောကြားထားသည်။

Leave a Reply