ရန်ကုန်အင်းစိန်ထောင်ရဲ့စစ်ကြောရေး ဝင်းထဲက အခန်းမှာတမှေးငိုက်နေရာကနိုးလာတဲ့အချိန်ကညနေ၆နာရီခွဲဝန်းကျင် ရှိနေပါပြီ။ ဘာရည်ရွယ်ချက်နဲ့ ထားခဲ့တာလည်းမသိရ၊ ဒီအခန်းက ကျွန်တော်တို့ နေရမယ့် အခန်းလား၊ ဒါမှမဟုတ် စစ်ဆေးမယ့် အခန်းလားဆိုတာသဲသဲကွဲကွဲမသိရဘဲနာရီအတန်ကြာတိတ်ဆိတ်နေတဲ့အခန်းထဲမှာတစ်ယောက်တည်းထည့်ထားခဲ့ရာကညနေစောင်းမှာ ကျွန်တော်တို့ကမာဇဒါဂျစ်လို ကားတစ်စီးဝင်လာသံကြားပြီး လူအချို့အခန်းအသီးသီးကို ဝင်လာကြပါတယ်။

ကျွန်တော့်အခန်းကိုအသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ယောက် ဝင်လာပြီး သူဝယ်လာတဲ့ ဆေးလိပ်တွေကိုစားပွဲပေါ်ချရင်းကျွန်တော်နာမည် ခေါ်နှုတ်ဆက်ပါတယ်။ အရပ်ဝတ်တွေနဲ့မို့လို့ ဘယ်အဖွဲ့အစည်းကဆိုတာမသိရပါဘူး။ နောက်ပိုင်းမှ ပြန်သိရတာကတော့ ထောက်လှမ်းရေးအမှတ် (၆) ကဆိုတာပါ။

သူတို့ကစစ်ကြောရေးကိုညပိုင်းအချိန်တွေကိုတမင်တကာရွေးချယ်ထားပါတယ်။ စစ်ကြောမေးမြန်းမယ့်သူကတော့ နေ့ခင်းဘက်မှာ ကောင်းကောင်းအိပ်ရေးဝအောင် အိပ်ပြီးညသန်းခေါင် စစ်မေးခံရသူကိုမိုးလင်းလုနီးနီးတောက်လျောက် မေးမြန်းလေ့ရှိပါတယ်။ စစ်ဆေးခံရသူကပင်ပန်းပြီးအိပ်ငိုက်နေတဲ့အခြေအနေမှာအိပ်ခွင့်မပေးဘဲဆက်တိုက်စစ်ဆေးတဲ့နည်းနဲ့ အသာစီးရအောင် ယူတဲ့သဘောလို့ နောက်ပိုင်းမှာ ပြန်သုံးသပ်မိပါတယ်။

ကျွန်တော်တို့ကတော့ တစ်နေ့လုံးပင်ပန်းထားတာ၊ နေ့လယ်စာမကျွေးဘဲထားတာရယ်ကြောင့် အတော်ကိုပင်ပန်းနေပါတယ်။ စစ်ကြောမယ့်သူတွေဝင်လာတော့ နေ့လယ်စာမစားရသေးကြောင်းပြောလိုက်တဲ့အခါ သူတို့က ထောင်ဝန်ထမ်းတွေကို ပြောဆိုပြီး နာရီဝက်လောက်အကြာမှာ ထမင်းနဲ့ဟင်းရောက်လာပါတယ်။
မော်လမြိုင်ရဲအချုပ်မှာထမင်းဖြူနဲ့ စားခဲ့ရာကနေအင်းစိန်ထောင်ရောက်တဲ့အခါ ပထမဆုံးလုံးတီးဆန်နဲ့ မိတ်ဆက်ရပါတော့တယ်။ ညနေစောင်းနေပြီဖြစ်လို့ အေးစက်နေတဲ့ နိုင်လွန်ဟင်းရည် နဲ့ လုံးတီးဆန်၊ မဲကြုတ်ကြုတ် ငပိမီးဖုတ် အနည်းငယ်တွေ့ရပါတယ်။

နိုင်လွန်ဟင်းရည်ကိုလုံးတီးထမင်းပန်းကန်ထဲထည့်လိုက်တဲ့အခါ ပန်းကန်ကပေါက်နေတာမို့ ဟင်းရည်တွေ ခြေထောက်ပေါ်ကျလာတာတွေ့လိုက်ရပါတယ်။ အင်းစိန်ထောင်ရဲ့ ပထမဆုံးမိတ်ဆက်တဲ့ ထမင်းကို ကျွန်တော်နဲ့ အတူအခန်းချင်းကပ်လျက်မှာထားတဲ့ အောင်ကျော်ဦးနဲ့ နှစ်ယောက်သားစင်္ကြံန်လမ်းနဘေးမှာခပ်သုတ်သုတ် စားကြရပါတယ်။ ပြီးနောက်မှာတော့ သက်ဆိုင်ရာ အခန်းထဲပြန်ဝင်ပြီးထိုင်နေကြပါတယ်။

စစ်မေးမယ့်သူတွေကသူတို့ စာရွက်တွေ ဖောင်တိန်တွေကို ပြင်ဆင်နေပြီးတစ်ခန်းနဲ့ တစ်ခန်းကူးကာခပ်တိုးတိုးနဲ့ ညှိနှိုင်းနေကြတာတွေ့ရပါတယ်။

ညမှောင်ခါစကတည်းကရောက်လာပေမယ့် စစ်ကြောရေးစတင်တဲ့အချိန်ကတော့ ၈ နာရီခွဲလောက်မှ စတင်စစ်ဆေးပါတယ်။ အခုစစ်ဆေးတဲ့သူတွေကမော်လမြိုင် အမှတ် (၅) ထောက်လှမ်းရေးတပ်ကသူတွေလိုသူပုန်ကိုစစ်ဆေးတဲ့ပုံစံနဲ့ကွာပါတယ်။ စည်းရုံးချဉ်းကပ်တဲ့နည်းနဲ့ စဝင်တာတွေ့ရပါတယ်။ မော်လမြိုင်ကသူတွေကတော့ စတာနဲ့ သူတို့မှာရိုက်နှက်ညှင်းပန်းခွင့်ရှိတယ်ဆိုတာကိုချက်ချင်းပြပြီးကြောက်အောင် လုပ်ပါတယ်၊ တစ်နည်းအားဖြင့် ဦးချိုးတယ်လို့ ဆိုရမယ်ထင်ပါတယ်။

ပြီးနောက်မှာတော့ ရိုက်တာ၊ ထိုးတာတွေ ဆက်တိုက်ဆိုသလိုလုပ်ရင်းသိချင်တဲ့အချက်အလက်တွေကိုမေးတဲ့နည်းပါ။ ကျွန်တော်တို့အနေနဲ့လည်းဘာမျှ ကြီးကြီးမားမား လျှို့ဝှက်ချက်ရှိတာမဟုတ်တော့ သူတို့မေးမြန်းတဲ့အချက်အလက်တွေကို ကြီးကြီးမားမားဖုံးကွယ်ထားစရာမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အမှုတွဲထဲက တစ်ယောက်ရဲ့ဝမ်းကွဲမောင်နှမ တစ်ယောက်ကအဲဒီလပိုင်းမှာဖမ်းဆီးဖော်ထုတ်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီမြေအောက်ကွန်ရက်ရဲ့ အဓိကစည်းရုံးသူရဲ့ ဇနီးတော်စပ်တဲ့ ကိစ္စပါ။ တိုက်ဆိုင်မှုသာဖြစ်ပေမယ်လို့ အမျိုးသားထောက်လှမ်းရေးကအဲဒီကွန်ရက်နဲ့ ကျွန်တော်တို့ အမှုဆက်စပ်မှုရှိသလားဆိုတဲ့ သံသယဝင်လာပြီး ရန်ကုန်ကိုပြောင်းရွှေ့စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။

အင်းစိန်ထောင်မှာ ကျွန်တော့်ကိုစစ်ကြောမေးမြန်းသူကအလာပသလာပစကားမေးမြန်းပြီးဘယ်လိုစာအုပ်တွေဖတ်သလဲဘာစာအုပ်တွေကြိုက်သလဲဆိုတာမေးပါတယ်။ ကျွန်တော်ကရိုးရိုးသားသားပင် ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ သခင်မြသန်းစတဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေဖတ်ကြောင်းပြောတော့ စစ်မေးသူကသူ့မှာလည်းအစ်ကိုတစ်ယောက်ရှိတဲ့အကြောင်းအဲလိုစာအုပ်တွေ ဖတ်ကြောင်းစသဖြင့် ပြောပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော့်အနေနဲ့ သူပြောတာတွေကိုတကယ်အမှန်လို့ပဲယုံကြည်ခဲ့ပါတယ်။ နောက်နှစ်အနည်းငယ်ကြာတဲ့အခါကျမှ ဒါတွေကလူတစ်ယောက်ကိုယုံကြည်လာအောင် ချဉ်းကပ်တဲ့ စစ်ဆေးမေးမြန်းနည်းတွေဆိုတာနားလည်လာတာပါ။

အဲဒီလိုပြောလိုက်လို့ အခုစစ်ဆေးမေးမြန်းသူတွေကရိုက်နှက် ညှင်းပန်းနှိပ်စက်တာ လုံးဝ မလုပ်မယ့်သူတွေလို့တော့ မယူဆစေချင်ပါ။ သူတို့လည်းလိုအပ်ရင် ရိုက်နှက်တာညှင်းပန်းနှိပ်စက်တာလုပ်မယ့်သူတွေပါပဲ။ ဒါပေမယ့် အနုနည်းနဲ့ မေးမြန်းဖို့ အရင်ကြိုးစားမယ်၊ ရခဲ့ရင် ရိုက်တာ နှိပ်စက်တာတွေ မလုပ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။

စစ်ဆေးမေးမြန်းပုံကတော့ အမှုကိစ္စမဖြစ်ခင် ကဗျာစာအုပ် ထုတ်ဖို့ပြင်ဆင်တာ၊ ကောလိပ်ကျောင်းမှာစာအုပ်တွေစုဖတ်ကြပြီးကွန်မြူနစ်ဝါဒ လေ့လာရေးအစုအဖွဲ့လေးစုဖွဲ့တာနဲ့ ပတ်သက်ပြီးဘယ်နေ့ကဘယ်မှာတွေ့တယ်၊ ဘယ်သူတွေပါတယ်။

လက်ဖက်ရည်ကိုဘယ်မှာသောက်တယ်၊ ဘယ်သူကဘာပြောတယ် စသဖြင့် အရေးမကြီးတဲ့ အသေးစိတ်ကိစ္စတွေကအစစစ်စစ်ပေါက်ပေါက် မေးမြန်းပါတယ်။ တစ်နည်းအားဖြင့် ဂျစ်ဆော jigsaw အရုပ်တွေဆက်စပ်တာနဲ့အလားသဏ္ဍာန်တူပါတယ်။ ကျွန်တော့်ကိုမေးမြန်းတာနဲ့ ကျန်တဲ့ ကျွန်တော့် သူငယ်ချင်းတွေမေးမြန်းတဲ့ဟာတွေအားလုံးကိုအသေးစိတ်အချက်အလက်တွေအထိထွက်ဆိုချက်တွေကဂျစ်ဆောရုပ်ပုံဆက်စပ်သလိုအားလုံးကွက်တိဖြစ်ပြီးပုံပေါ်လာတဲ့အထိလုပ်တဲ့နည်းပါ။

ကျွန်တော့်ကိုဒီအခန်းမှာစစ်နေချိန်မှာပဲ ကျွန်တော်တို့

သူငယ်ချင်းတွေကိုလည်းဟိုဘက်အခန်းတွေမှာတစ်ပြိုင်နက်တည်းစစ်နေပြီးတစ်ခန်းနဲ့တစ်ခန်းကူးလူးကာထွက်ဆိုချက်တွေ လိုက်လံတိုက်ဆိုင် စစ်ဆေးသူလည်း ပါဝင်ပါတယ်။ အဆိုပါ တိုက်ဆိုင်စစ်ဆေးသူကရေးပြီးသားထွက်ဆိုချက်တွေကိုလိုက်ဖတ်ကြည့်ရင်းကွဲလွဲချက်တွေ့ရင် စစ်မေးသူကိုအနားကပ်ပြီးဘယ်သူကတော့ ဘယ်နေ့မှာဘယ်သူနဲ့ဘယ်လက်ဖက်ရည်ဆိုင်မှာဆုံတယ်လို့ ထွက်ထားတယ်။

ဒီထွက်ချက်မှာဘာကွဲလွဲနေတယ် စသဖြင့် တိုးတိုးလေးအသိပေးပါတယ်။ အဲဒီနည်းနဲ့ သူတို့ သိချင်တဲ့ အချက်အလက်တွေကိုတခြားအရေးမကြီးတာတွေပါ မေးမြန်းပြီး ကွယ်ဝှက်ဖြေသလား၊ အမှန်အတိုင်းဖြေသလားဆိုတာအတည်ပြုတာဖြစ်ပါတယ်။

ညသန်းခေါင်လောက်ကျော်လာတဲ့ အချိန်မှာ ကျွန်တော်တော်တော် အိပ်ငိုက်လာပါပြီ၊ သူတို့မေးမြန်းတာတွေကိုအိပ်ငိုက်လျက်နဲ့ပဲဖြေနေရပါတယ်။ အိပ်ငိုက်နေတာကိုသူတို့သိပေမယ့် ခဏတာငိုက်ခွင့်တောင် မပေးပါဘူး။ ဆက်တိုက်ဆိုသလိုပဲမေးမြန်းတာတွေ အကြိမ်ကြိမ် အတည်ပြုတာတွေ ဆက်လက်လုပ်ဆောင်နေကြတာပါ။ ဒီနည်းကို break down ဆွဲတာလို့ ခေါ်ကြောင်းနောက်ပိုင်းမှာသိလာရပါတယ်။ မေးမြန်းခံရသူရဲ့ရုပ်ပိုင်းခံနိုင်ရည်အားကျနေတဲ့ အချိန်မှာဆက်တိုက်စစ်မေးခြင်းဖြင့် မေးခံရသူကလှည့်ဖြားဖို့ ဖုံးကွယ်ဖို့ ဦးနှောက်ကလည်းသိပ်မစွမ်းဆောင်နိုင်ဘူးလို့ ယူဆထားကြတဲ့ သဘောပါ။

အဲဒီညတစ်ညလုံး ကျွန်တော်တို့ကိုစစ်ဆေးသူတွေအနေနဲ့ ဘာမှ ကိုယ်ထိလက်ရောက် ရိုက်တာ၊ ခြိမ်းခြောက်တာမရှိခဲ့ပါဘူး၊ မလုပ်ဘူးဆိုတာထက် မလိုအပ်လို့ ဆိုတဲ့သဘောဖြစ်ပါလိမ့်မယ်။ အင်းစိန်တိုက်ထဲရောက်တဲ့ အခါ အထက်ကဗကပနဲ့ဆက်နွယ်တဲ့ ကွန်ရက်ဝင်တွေကို စစ်ကြောမေးမြန်းရာမှာတော့ နည်းအမျိုးမျိုးနဲ့ စစ်ဆေးခဲ့ကြတယ်ဆိုတာ ကြားသိရပါတယ်။

ကျွန်တော်ရဲ့ ထွက်ဆိုချက်ကလျှောက်လွှာစာရွက်နဲ့ စာမျက်နှာ ၃၀၊ ၄၀ လောက်ရှိပါတယ်။ စစ်မေးချက်တွေအားလုံးရေးချပြီးထွက်ဆိုချက်ကိုသူတို့တွေ ကျေနပ်တဲ့အချိန်ကနံနက် ၄ နာရီခွဲဝန်းကျင်လောက်ရှိနေပါပြီ။

ထွက်ဆိုချက် စာမျက်နှာတိုင်းရဲ့ နံဘေးကော်လံမှာလက်မှတ်ထိုးခိုင်းပြီးနောက် စစ်ကြောရေးလုပ်ငန်း ပြီးဆုံးသွားပါတော့တယ်။ အင်းစိန်ထောင် စစ်ကြောရေးဝင်းထဲအထိ ဂျစ်ကားတွေနဲ့ ဝင်လာခဲ့တဲ့ စစ်ဆေးမေးမြန်းသူတွေ ပြန်သွားကြပြီးကျွန်တော်တို့ကို ဝေလီဝေလင်း မှာ တိုက်ဝင်းကိုပို့ဖို့ ထောင်တာဝန်ကျ ဝါဒါတွေရောက်လာပါတယ်။

အညာစောင် ခပ်တိုတိုတစ်ထည်ကိုတစ်ယောက်စီရဲ့ ဦးခေါင်းမှာအုပ်ပြီးအဖျားနှစ်စကိုမိမိဘာသာလက်နှစ်ဖက်နဲ့ ရှေ့ကိုဆွဲချထားရပါတယ်။ ရှေ့ကတန်းစီသွားနေတဲ့ တစ်ယောက်ရဲ့ နောက်ကျောကို မြင်ရပြီး ထောင်ဝါဒါက ၃၊ ၄ ၊ ၅ ယောက်ကိုဦးဆောင်ခေါ်သွားပါတယ်။

စစ်ကြောရေးဝင်းက ထွက်ပြီးမကြာခင်ဘဲ တိုက်ဝင်းထဲကို ရောက်ပြီးတိုက်ဝင်းအဝင်ဝက အချုပ်သားသစ်တွေဝင်လာရင် ပုံစံပြတဲ့နေရာကိုရောက်ပါတော့တယ်။
အဲဒီနေရာမှာ အဖြူဝတ် အကျဉ်းသား ၃/၄ ဦးရှိနေပါတယ်။ တိုက်ဝင်း တန်းစီးတွေဖြစ်ပုံရပါတယ်။ ကျွန်တော်တို့ကိုပုံစံပေးဖို့ သူတို့ကို ထောင်ဝါဒါတွေက တာဝန်ပေးပါတယ်။

ကျွန်တော်တို့ကိုထောင်ရဲ့ ပုံစံထိုင်၊ ပုံစံရပ်၊ တန်းစီဆိုတဲ့အခါ ဘယ်လိုနေရမယ်ဆိုတာတွေကို ၁ မိနစ်လောက်အတွင်းပြောပြပြီးတာနဲ့ ပုံစံထိုင်လို့ တန်းစီးကအမိန့်ပေးတဲ့အခါ ကျွန်တော်တို့ကထိုင်ပြရပါတယ်။ ထိုင်တဲ့အခါ ခါးမတ်မနေလို့ဆိုပြီးကျောကို လက်ဝါးနဲ့ရိုက်တာခံရပါတယ်။ တစ်နည်းအားဖြင့် ဦးချိုးတဲ့သဘောပါ။ ကျွန်တော်တို့ အဖွဲ့က ၄ ဦးမှာ ၄ ဦးစလုံးအရိုက်မခံရတာမရှိပါဘူး။ ဒီနည်းနဲ့ တိုက်ထဲမပို့ခင် ထောင်ဆိုတဲ့အရသာအမြည်းပေးပါတယ်။
၅ မိနစ် ၁၀ မိနစ်ဝန်းကျင်လောက် ပုံစံပေးပြီးနောက်မှာတစ်ဦးကိုတိုက်ခန်းတစ်ခန်းစီပို့ပါတယ်။

ကျွန်တော်တို့ အများစုက ၂ တိုက်မှာနေရာချပါတယ်။ ဂုံနီအိတ်ကိုလူတစ်ရပ်သာသာ ကြိုးတန်းကာထားတဲ့ ရင်ခွဲတိုက်ခန်းထဲထည့်လိုက်ပါတော့တယ်။ အခန်းထဲမှာတော့ ဝါးဖျာကြမ်းတစ်ချပ်၊ မြေနဲ့လုပ်ထားတဲ့ အင်တုံပက်ပက် (ဂံဖလား) တစ်ခုသာရှိပါတယ်။ သောက်ရေအိုးကိုအခန်းအပြင်ဘက်မှာထုတ်ထားပြီးသံတိုင်ကြားကခပ်သောက်ရမယ့်အခန်းထဲနောက်ဘယ်လောက် ကြာမယ်မသိဘဲ သံတံခါးပိတ်သံ“ဒုန်း” ဆိုတာကြားလိုက်ပါတော့တယ်။

(ဆက်လက်ဖေါ်ပြပါမည်)

Leave a Reply